ကြံရိတ်သိမ်းရာသီဖြစ်သော်လည်း သကြားဈေးနှုန်းများ မြင့်တက်လျက်ရှိ
- Fri, 5 January 2024
ကြံရိတ်သိမ်းရာသီဖြစ်သော်လည်း ဒီဇင်ဘာ ၂၇ ရက်က သကြားတစ်ပိဿာလျှင် ၃၉၀၀ ကျပ် ကျော်ဖြင့်ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် သကြားဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃၇၈၀ ကျပ်ဖြစ်ပြီး၊ ၄ ပတ် အတွင်း တစ်ပိဿာလျှင် ၁၅၀ ကျပ် တိုးလာကြောင်း ကိန်းဂဏန်း အချက်အလက်များအရ သိရှိရ ပါသည်။
သကြားတင်သွင်းမှုနည်းပါးခြင်း နှင့် ပြည်တွင်းဈေးကွက်တွင် သကြားလက်ကျန်နည်းပါးခြင်း တို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်း ဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ကြံရာသီအတွက် ကြံတစ်တန်လျှင် ကျပ် ၁၅၀,၀၀၀ အထိ တိုးမြှင့်ထားကြောင်း သကြားစက်များက ကြံစိုက်ပျိုးသူများအား ထပ်မံအသိပေးခဲ့ပါသည်။
ယခင်ရာသီက ကြံကြမ်းခင်းဈေးနှုန်း တစ်တန်လျှင် ၉၀,၀၀၀ - ၁၀၀,၀၀၀ ကျပ်နှုန်း ကုမ္ပဏီက သတ်မှတ်ခဲ့ပါသည်။ သကြားဈေးနှုန်းမြင့်တက်နေချိန်တွင် စိုက်ပျိုးသူများ၏ သွင်းအားစု ကုန်ကျ စရိတ်ကို ကာမိစေရန်အတွက် ရည်ညွှန်းဈေးနှုန်း မြင့်တက်ရခြင်းဖြစ်သည်ဟု ကြံ နှင့် သကြား ကုန်သည်များက အလေးပေး ပြောကြားခဲ့ပါသည်။
ထို့အပြင် သကြားစက်များသည် တစ်ဧကအထွက်နှုန်းမြှင့်တင်ရန် နှင့် စိုက်ဧကတိုးချဲ့ရန် စိုက်ပျိုးသူများအား တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၉-၂၀၂၀ခုနှစ် ကြံရာသီချိန်တွင် သကြားဈေးနှုန်းသည် တစ်ပိဿာလျှင် ၁,၀၀၀ ကျပ် အောက်သာရှိခဲ့ပါသည်။ သကြားလက်ကျန်နည်းပြီး တင်သွင်းမှုမရှိခြင်းကြောင့် လက်ရှိပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၉၀၀ ကျော်အထိ မြင့်တက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်သကြားထုတ်လုပ်မှု တန်ချိန် ၄၅၀၀၀၀ ခန့်ရှိပြီး၊ အစောပိုင်းတွင် မြန်မာနိုင်ငံမှ သကြားကို တရုတ်နှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဖူလုံမှုထက် ကျော်လွန်ခဲ့ပါသည်။ ယခုတွင် ဗီယက်နမ်နိုင်ငံသို့သာ တင်ပို့ထားကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်း ရှင်များအသင်းမှ သိရပါသည်။
ကြံကို စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် အများဆုံးတွေ့ရှိရပါသည်။ ပဲခူးတိုင်း အရှေ့ နှင့် အနောက်၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း တွေ့ရှိရပါသည်။
ကြံကို ဒီဇင်ဘာလမှ ဇန်နဝါရီလတွင် စိုက်ပျိုးပြီး၊ လာမည့်နှစ်၏ နိုဝင်ဘာလမှ ဖေဖော်ဝါရီလတွင် ရိတ်သိမ်းနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးထုတ်လုပ်မှုစက်ဝန်း (လမိုင်းခင်း အပါအဝင်) (၄)နှစ်ကြာမြင့်ကြောင်းကို (၂၈-၁၂-၂၀၂၃)ရက်နေ့ထုတ် Global New Light Of Myanmar သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/sugar-prices-on-upward-trend-despite-sugarcane-harvest-season/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန