တိရစ္ဆာန်အစာစက်ရုံများ၏ ဝယ်လိုအားကောင်းမှုကြောင့် ပြောင်းဈေးတက်လာ
- Fri, 5 January 2024
တိရစ္ဆာန်အစာ စက်ရုံများ၏ ဝယ်လိုအားကြောင့် ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေး ပြန်တက်လာပါသည်။ ဒီဇင်ဘာ ၁ ရက်နေ့က တစ်ပိဿာလျှင် ကျပ် ၁၀၅၀-၁၀၇၀ ရှိခဲ့ရာမှ ဒီဇင်ဘာ ၁၉ ရက်တွင် တစ်ပိဿာလျှင် ကျပ် ၁၁၁၀-၁၁၃၀ သို့ မြင့်တက်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် ပြောင်းကို နယ်စပ်မှတဆင့် တရုတ်နှင့် ထိုင်းသို့တင်ပို့ပါသည်။ လက်ရှိ အချိန်တွင် ပင်လယ်ရေကြောင်းမှတဆင့် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံ ပြောင်းစက်မှုလုပ်ငန်းရှင်များအသင်းမှ သိရပါသည်။
ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း အကောက်ခွန်မဲ့ (Form-D) ဖြင့် ပြောင်းတင်သွင်းမှုကို သဘောတူခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် ၎င်းတို့၏ ပြောင်းထွက်ရှိ သည့်ရာသီအတွင်း ပြောင်းတင်သွင်းပါက ထိုင်းနိုင်ငံ စိုက်ပျိုးသူများ၏ အခွင့်အရေးကို ကာကွယ်ရန် အတွက် တင်သွင်းမှုအပေါ် အမြင့်ဆုံးအခွန် ၇၃ ရာခိုင်နှုန်း ချမှတ်ထားပါသည်။
တရုတ်နိုင်ငံသည် ဘိန်းအစားထိုးအစီအစဉ်ဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှတဆင့် မြန်မာနိုင်ငံမှ ပြောင်းကို ဝယ်ယူလျက်ရှိပါသည်။ မြန်မာနှင့် တရုတ်နိုင်ငံကြား တရားဝင်ပြောင်းကုန် သွယ်မူကို ၂၀၂၂ နှစ်ကုန်တွင် စတင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၂ ခုကို ပြောင်း တင်ပို့ရန် ခွင့်ပြုထားပါသည်။
မြန်မာနိုင်ငံသည် ဧပြီလ ၁ ရက်နေ့မှစတင်၍ လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၃-၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ တစ်ကမ္ဘာလုံးသို့ အမေရိကန်ဒေါ်လာ ၂၇၁.၃၂၁ သန်း တန်ဖိုးရှိသော ပြောင်းတန်ချိန်ပေါင်း ၉၀၃,၆၉၉ တန်၊ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရသိရပါသည်။
မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် ပြောင်းရာသီတွင် ပြည်ပသို့ ပြောင်းတန်ချိန် (၂)သန်းကျော် တင်ပို့ခဲ့ပါသည်။ တင်ပို့မှုအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံတို့ကိုလည်း တင်ပို့ခဲ့ပါသည်။
ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပါသည်။ မြန်မာ နိုင်ငံတွင် ဆောင်းရာသီ၊ နွေရာသီနှင့် မုတ်သုံရာသီ ဟူ၍ ပြောင်းစိုက်ပျိုးရာသီ (၃)မျိုးရှိပါသည်။ မြန်မာ နိုင်ငံသည် နှစ်စဉ်ပြောင်းတန်ချိန် ၂.၅ သန်းမှ ၃ သန်းအထိထွက်ရှိကြောင်း (၂၀.၁၂.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/strong-demand-by-feedstuff-factories-elevates-corn-price/#article-title
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန