ကော်ဖီစိုက်ပျိုးခြင်းမှ စီးပွားရေးအသီးအပွင့်များဖြစ်ထွန်း
- Wed, 18 October 2023
ကင်ညာနိုင်ငံ၏ Uasin Gishu နယ်မြေရှိတောင်သူများအတွက် တန်ဖိုးမြင့်ငွေပေါ်သီးနှံများ ထုတ်လုပ်နိုင်မှုကိုအားပေးရန် ပြည်နယ်အစိုးရမှ ကော်ဖီပျိုးပင်ပေါင်း ၈၃၆,၀၀၀ ကျော် ဖြန့်ဖြူးပေး ခဲ့ခြင်းကြောင့် တောင်သူများအနေဖြင့် အပြုသဘောဆောင်သော စီးပွားရေးအကျိုးသက်ရောက်မှု များကို စတင်သိရှိလာခဲ့ပါသည်။
နယ်မြေခံ စိုက်ပျိုးရေးဆိုင်ရာ အမှုဆောင်အရာရှိ Elphas Kesio သည် တောင်သူ လယ်သမားများအား ပံ့ပိုးကူညီရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို အားပေးမြှင့်တင်ရန် ကတိပြုထားကြောင်း ပြောကြားခဲ့ပါသည်။
ကော်ဖီပျိုးပင်များမှ အကျိုးကျေးဇူးရရှိခဲ့သော Tapsagoi ရပ်ကွက်ရှိ ကော်ဖီစိုက်တောင်သူ များကို နမူနာလေ့လာဆန်းစစ်ကြည့်ရာ ကော်ဖီစိုက်ပျိုးခြင်းသည် အဆိုပါဒေသရှိ တောင်သူများ အပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရရှိကြောင်း အမှုဆောင်အရာရှိမှ ပြောကြားခဲ့ပါသည်။
အမှုဆောင်အရာရှိနှင့် တောင်သူများ တွေ့ဆုံဆွေးနွေးပြီးနောက် ဒေသခံတောင်သူများ အနေဖြင့် ကော်ဖီပျိုးပင်များ ရရှိခဲ့မှုအပေါ် ကျေနပ်မှုရရှိကြောင်း၊ ၎င်းတို့ စတင်တွေ့ကြုံ ခံစားခဲ့ရသည့် စီးပွားရေးအကျိုးအမြတ်များကို မီးမောင်းထိုးပြခဲ့ပါသည်။
Peter Kosgei ဆိုသည့်တောင်သူတစ်ဦးသည် ၎င်း၏စိုက်ခင်းတွင် စိုက်ပျိုးရန်အတွက် ကော်ဖီပျိုးပင် ၇၅၀ ကိုUasin Gishu နယ်မြေအတွက် အစပျိုးထောက်ပံ့ပေးခြင်း အစီအစဉ်မှတဆင့် လက်ခံရရှိခဲ့ပါကြောင်း အမှုဆောင်အရာရှိထံသို့ ပြောကြားခဲ့ပါသည်။
ကော်ဖီပျိုးပင်များ ထောက်ပံ့မှုမရရှိခင်အချိန်ကာလတွင် တောင်သူတစ်ဦးအနေဖြင့် အလုပ် အကိုင်ရရှိရန် ရုန်းကန်နေရကြောင်း၊ သူသည် ပြောင်းနှင့် နို့ထွက်ပစ္စည်း မွေးမြူရေးလုပ်ငန်းကို အဓိကအားကိုးခဲ့သော်လည်း မိသားစုကိုထောက်ပံ့ရန် လုံလောက်သည့်ငွေမရရှိကြောင်း၊ ကော်ဖီ စိုက်ပျိုးခြင်းကို အစပျိုးခြင်းဖြင့်မိသားစု၏ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်ကို သူတွေ့ရှိ ခဲ့ရကြောင်း ပီတာက ပြောကြားခဲ့ပါသည်။
သိသာထင်ရှားသည့်ဝင်ငွေရရှိရန်အတွက် ကော်ဖီသည် အလားအလာရှိသည့် တန်ဖိုးမြင့် သီးနှံတစ်မျိုးဖြစ်ကြောင်းကို ၎င်းက ပြောခဲ့ပါသည်။
"ကော်ဖီစိုက်ပျိုးခြင်းသည် ဒေသခံလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ သာမက Turbo နယ်မြေ၏ စီးပွားရေးတိုးတက်မှုကိုပါ အထောက်အကူဖြစ်စေနိုင်သည်" ဟု Saina မှ ပြောကြားခဲ့ပါသည်။
အစိုးရအနေဖြင့် တောင်သူများအား မိရိုးဖလာ သီးနှံစိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းအပေါ် မှီခိုခြင်းမှ ဝေးကွာစေရေးနှင့် သီးနှံမျိုးကွဲမျိုးစုံစိုက်ပျိုးနိုင်ရေးကိုအားပေးရန်အတွက် ကော်ဖီပျိုးပင် များကို ဖြန့်ဝေရန် ဆုံးဖြတ်ခဲ့ကြောင်း အမှုဆောင်အရာရှိ Kesio မှ ပြောကြားခဲ့ပါသည်။
တောင်သူများသည်အခွင့်အလမ်းကောင်းကို လက်ကိုင်ထားရှိပြီး အောင်မြင်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက် နေချိန်တွင် နယ်မြေခံအစိုးရမှ ပျိုးပင်များထောက်ပံ့ပေးခြင်း၊ နည်းပညာပေး ဝန်ထမ်းများမှတဆင့် နည်းပညာများပံ့ပိုးကူညီပေးခြင်းများအပါအဝင် လိုအပ်သည့် အရင်းအမြစ် များကို ပံ့ပိုးပေးထားပါသည်ဟု Maritim က ပြောကြားခဲ့ပါ ကြောင်းကို (၁၁-၁၀-၂၀၂၃) ရက် နေ့ထုတ် Kenya News Agency မှ သိရှိရပါသည်။
Source https://www.gnlm.com.mm/low-grade-rice-prices-fall-back-in-domestic-market/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန