ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လက်ဖက်လုပ်ငန်းအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန(MOALI)မှ တွန်းအားပေး

  • Mon, 16 October 2023

ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လက်ဖက်လုပ်ငန်းအား တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန(MOALI)မှ တွန်းအားပေး


    စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တန်ဖိုးမြှင့် လက်ဖက် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် နှင့် လက်ဖက်ဝိုင်ကဲ့သို့ ဆန်းသစ်တီထွင်ထားသော တန်ဖိုးမြှင့် ထုတ်ကုန်များ တီထွင်ထုတ်လုပ်နိုင်ရန် လက်ဖက်လုပ်ငန်းအား တွန်းအားပေး စီမံဆောင်ရွက်လျက် ရှိပါသည်။

       ဆန်းသစ်တီထွင်တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်မှုတွင် လက်ဖက်စို၊ လက်ဖက်ခြောက် (ခါး၊ ချို၊ ချဉ်) နှင့် လက်ဖက်ဝိုင်တို့ ပါဝင်ပါသည်။

မြန်မာနိုင်ငံသည် လက်ဖက်ထွက်ရှိရာ မူရင်းဒေသများအနက် တစ်ခုဖြစ်ပြီး များသောအားဖြင့် မိရိုးဖလာ စိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးကြပါသည်။ လက်ဖက်စိုက်ခင်းများကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် တွေ့ရှိရပါသည်။

လက်ဖက်ရွက်ခူးရာတွင် အပင်၏ကြံ့ခိုင်မှု၊ ပေါက်ရောက်ရာဒေသနှင့် စိုက်ပျိုးသည့် ရာသီ ဥတု အခြေအနေပေါ်မူတည်၍ တစ်နှစ်လျှင် အကြိမ်များစွာ ခူးယူနိုင်ပါသည်။ လက်ဖက်ရွက်ကို နွေရာသီ၌ ခူးယူနိုင်သော်လည်း အအေးပိုင်းဒေသများ၌ လက်ဖက်ရွက်ခူးသည့်စက်ဝန်းမှာ ကာလ ကြာရှည်ပါသည်။ လက်ဖက်ရွက် ခူးဆွတ်ရာတွင် အစိတ်အပိုင်းအချို့ကို ချန်ထားခဲ့ရန် အရေးကြီး ပါသည်။ ထိပ်ဖျားဖူးများသည် အရသာအကောင်းဆုံးဖြစ်ပြီး လက်ဖက်ရွက်၏ အနုအရင့် အခြေအနေပေါ် မူတည်၍ လက်ဖက်ခြောက်ကို အမည်ပေး မှည့်ခေါ်လေ့ရှိပါသည်။

လက်ဖက်ခြောက်လုပ်ငန်းကို နွေရာသီနှင့် မိုးရာသီမတိုင်မီအချိန်တွင် လုပ်ကိုင်ကြပါသည်။ မိုးရာသီတွင် အဆိုပါစီးပွားရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားပြီး လက်ဖက်အစိုလုပ်ငန်းအား လုပ်ကိုင်ကြပါသည်။ လက်ဖက်တိုးချဲ့စိုက်ပျိုးခြင်းလုပ်ငန်းကို အမျိုးသားစီမံကိန်း (၅)နှစ်တာကာလ အဖြစ်သတ်မှတ်၍ (၁၉၉၁-၁၉၉၂)ဘဏ္ဍာနှစ်မှ စတင်ခဲ့ရာ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် လက်ဖက် စိုက်ဧကပေါင်း (၂၃၉,၀၀၀)ကျော်သို့ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

(၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၌ စိုက်ဧက(၂၄၀,၀၀၀)အထိ တိုးတက်လာခဲ့ပြီး အထွက်နှုန်း အားဖြင့် စီမံကိန်းမစတင်မီက တစ်ဧကလျှင် (၂၃၀)ပိဿာခန့်ထွက်ရှိခဲ့ရာမှ တစ်ဧကအထွက်နှုန်းသည် (၂၇၅)ပိဿာအထိ မြင့်တက်လာခဲ့ပါသည်။ မည်မျှပင်တိုးတက်လာသည်ဟု ဆိုစေကာမူ လက်ဖက် စိုက်ခင်းများ၏ အထွက်နှုန်းမှာ နိုင်ငံတကာထက် နောက်ကျနေသေးကြောင်း မြန်မာနိုင်ငံ လက်ဖက် အသင်း၏ ပြောကြားချက်အရ သိရှိရပါသည်။

(၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်၏ နှစ်စဉ်မြန်မာ့လက်ဖက် ထုတ်လုပ်မှုသည် ပိဿာချိန် (၆၉)သန်း ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် (၂၀၂၁)ခုနှစ်တွင် လက်ဖက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂.၅)သန်း ဝင်ငွေရရှိခဲ့ကြောင်း၊ ကမ္ဘာ့လက်ဖက်ခြောက်ထုတ်လုပ်မှု ပမာဏသည် (၂၀၀၃)ခုနှစ်တွင် တန်ချိန် (၃.၂၁)သန်း ရှိခဲ့ရာမှ (၂၀၀၈)ခုနှစ်တွင် တန်ချိန်(၄.၇၃)သန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ လက်ဖက် ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ သီရိလင်္ကာ နှင့် တာကီယီ တို့ဖြစ်ကြောင်း (၄. ၁၀. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။



Source https://www.gnlm.com.mm/moali-encourages-value-addition-to-tea-leaf-production-in-shan-state-mandalay-and-sagaing-regions/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ