မိုးရွာသွန်းမှုကြောင့် သြစတြေးလျနိုင်ငံ၏ လိမ္မော်သီး ခူးဆွတ်မှုကို အနှောင့်အယှက်ဖြစ်
- Wed, 5 July 2023
ယခုရက်သတ္တပတ်အနည်းငယ်အတွင်း ဩစတြေးလျ လိမ္မော်သီးများ ခူးဆွတ်နေပြီ ဖြစ်သော်လည်း Riverland ဒေသ၌ မိုးရွာသွန်းမှုအခြေအနေသည် ခူးဆွတ်ခြင်း လုပ်ငန်းအား အဟန့်အတား ဖြစ်နေပါသည်။
လတ်တလောတွင် ခူးဆွတ်မှု ကြန့်ကြာနေကြောင်း၊ မိုးရွာသွန်းမှုကြောင့် ခူးဆွတ်ရာတွင် လုပ်ငန်းမတွင်ကျယ်သဖြင့် သီးနှံများ လုံလောက်စွာမရရှိကြောင်း၊ ယခုအချိန် မိုးရွာသွန်းခြင်းသည် သီးနှံ၏ အရည်အသွေးကို မထိခိုက်စေနိုင်သေးသဖြင့် ပိုမိုကောင်းမွန်သည့် ရာသီဥတုကို မျှော်လင့်နိုင်သည့် အခြေအနေမျိုးရှိသေးကြောင်း၊ သစ်သီးများတွင် အူချောင် ရောဂါ အနည်းငယ် ဖြစ်သည်ကို တွေ့ရသော်လည်း ယခင်နှစ်ကဲ့သို့ အခြေအနေမဆိုးသဖြင့် ထိခိုက်ပျက်စီးနေသည့် အသီးများကိုသာ ဖယ်ထုတ်ပစ်ရန် ကြိုးစားနေကြောင်း Sai World မှ Sam Vasala က ပြောကြားခဲ့ပါသည်။
Washington Navels အသီးအနှံအရွယ်အစားများသည် ခန့်မှန်းထားသကဲ့သို့ပင် ယခုနှစ်တွင် သေးငယ်သဖြင့် အရွယ်အစားအားဖြင့် (၈၈)s နှင့် (၁၁၃)s သာ ရှိကြောင်း၊ လက်လီ စျေးကွက်တွင် အဆိုပါအရွယ်အစားများအတွက် ဝယ်လိုအား ရှိနေသော်လည်း လက်ကား ဈေးကွက်အနေဖြင့် ပိုမိုကြီးမားသောအရွယ်အစားများကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ အကြီးစား စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ရောင်းချရန် သစ်သီးပမာဏ များစွာရှိသောကြောင့် ၎င်းတို့ လိုအပ်နေသည့် ပို၍ကြီးမားသော အရွယ်အစားကို ရရှိရန် စီမံနိုင်ကြသော်လည်း အသေးစား နှင့် အလတ်စား စိုက်ပျိုးထုတ်လုပ်သူများ၌ စံချိန်မီကြီးမားသည့် အရွယ်အစားမျိုး မရှိကြောင်း၊ ယခုနှစ်တွင် လီမွန်သံပုရာများသာ အရွယ်အစားကြီးမားနေပြီး ယင်းကဲ့သို့ ကြီးမားနေသော လီမွန်သံပုရာသီးများ ကို နှစ်သက်သူမရှိကြောင်း ဆက်လက်ပြောကြား ခဲ့ပါသည်။
သီးနှံများ အဝယ်လိုက်နေသော်လည်း ရာသီဥတု၏ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသဖြင့် ရာသီဥတုကောင်းမွန်လာသည် နှင့်အမျှ အရာအားလုံး ပိုမို၍ အဆင်ပြေ ချောမွေ့လာဖွယ်ရှိသည်ဟု မျှော်လင့်မိကြောင်း၊ အသီးအရသာမှာ ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်နိုင်ကြောင်း၊ ဩစတြေးလျအနေဖြင့် အရည်အသွေးမြင့်မားပြီး အရသာထူးကဲ ကောင်းမွန်လှသည့် အသီးအနှံများကြောင့် ထင်ပေါ်ကျော်ကြားကြောင်း၊ ယခုနှစ်ရာသီဥတု အခြေအနေကြောင့် အရသာမှာ အထွဋ်အထိပ်သို့ မရောက်သေးသော်လည်း ရာသီဥတု ကောင်းမွန်လာသည် နှင့်အမျှ ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း၊ ရာသီဥတုကောင်းမွန် ခြောက်သွေ့သည့်နှစ်ဖြစ်လာပါက ပုံမှန်အခြေအနေသို့ ပြန်လည် ရရှိနိုင်မည် ဖြစ်ကြောင်း Sam က ဆက်လက်ပြောကြားခဲ့ပါသည်။
စိန်ခေါ်မှုများစွာရှိနေသော်လည်း ဈေးကွက်အားလုံး၌ ကောင်းမွန်စွာ လည်ပတ်လျက် ရှိပြီး ဝယ်လိုအား ကောင်းမွန်နေကြောင်း၊ ထိုင်းနိုင်ငံ နှင့် ကိုရီးယားနိုင်ငံတို့၌ လူကြိုက် များလျက်ရှိသော အခွံနွာ Navel လိမ္မော်များကိုလည်း အရောင်းမြှင့်တင်လျက်ရှိပြီး ဂျပန်နိုင်ငံ နှင့် ထိုင်ဝမ်နိုင်ငံသို့ စတင် တင်ပို့နေပြီဖြစ်ကြောင်း (၂၉. ၆. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် Fresh Plaza သတင်းအရ သိရှိရပါသည်။
Source https://www.freshplaza.com/europe/article/9541441/rain-hampers-australian-citrus-harvest/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၅) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန