သယ်ယူပို့ဆောင်စရိတ် မြင့်မားမှုကြောင့် ဗီယက်နမ် လယ်ယာထွက်ကုန် တင်ပို့မှု အဟန့်အတားဖြစ်
- Wed, 5 July 2023
ဗီယက်နမ်နိုင်ငံတွင် သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်သည် စိုက်ပျိုး ထုတ်လုပ်မှု့ ကုန်ကျစရိတ်၏ (၂၀-၂၅)% ရှိပြီး ထိုင်းနိုင်ငံတွင် (၁၂%) နှင့် ကမ္ဘာတစ်ဝှမ်းတွင် (၁၄%)သာ ရှိကြောင်း၊ ဗီယက်နမ်သစ်သီးဝလံများသည် ထိုင်းနိုင်ငံထွက် သစ်သီးဝလံများနှင့် ယှဉ်ပါက အရည်အသွေးအရ မနိမ့်ကျပဲ ကုန်ကျစရိတ် မြင့်မားခြင်းကြောင့်သာ ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးနေရခြင်းဖြစ်ကြောင်းကို ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း ဒုတိယဥက္ကဋ္ဌ Nguyen Dinh Tung က ဇွန်လ (၂၃) ရက်နေ့ တွင် HCM City ၌ ကျင်းပသည့် လယ်ယာထွက်ကုန်များ တင်ပို့မှု၏ ထောက်ပံ့ရေး ကွင်းဆက်တန်ဖိုးကို မြှင့်တင်ရန်အတွက် ဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။
Vina T&T ကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များကို လေကြောင်းဖြင့် တင်ပို့သည့် ကုမ္ပဏီများအတွက် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မှာ (၃၀%)ကျော်ရှိပြီး ပို့ကုန်များ တင်ပို့ရန်အတွက် ဓာတ်ရောင်ခြည်ပေးခြင်း နှင့်အခြားကုန်ကျစရိတ်များ သုံးစွဲပြီးနောက်တွင်မူ ၎င်းတို့အတွက် အမြတ်အစွန်းသည် အလွန်နည်းပါးကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ ပါသည်။
CMU Logistics Transportation Services Co., Ltd မှ ဒါရိုက်တာ Nguyen Tu Uyen က ထိုင်းနိုင်ငံ ၏ နိုင်ငံတကာဈေးကွက်သို့ စိုက်ပျိုးရေးထွက်ကုန် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်သည် ဟနွိုင်း နှင့် ဟိုချီမင်းတို့ မှ ပို့ဆောင်သည့် ကုန်ကျစရိတ်အောက် (၁)ကီလို ဂရမ်လျှင် အမေရိကန်ဒေါ်လာ (၁-၁.၂) လျော့နည်းကြောင်း၊ အမေရိကန်၊ ဥရောပ၊ ဩစတေးလျ နှင့် အခြားဈေးကွက်များသို့ နေ့စဉ် လေယာဉ်ပေါင်းများစွာ နှင့် ချိတ်ဆက်ထားသည့်အပြင် သင်္ဘောများဖြင့် အာရှနှင့် အရှေ့အလယ်ပိုင်းရှိ နေရာပေါင်း (၇၀)ခန့် သို့ပါ ချိတ်ဆက်ထား ကြောင်း ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ၏ သိုလှောင်မှုစနစ်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး စိုက်ပျိုးရေးဆိုင်ရာ တန်ဖိုးမြှင့်ထုတ်ကုန် စက်ရုံများနှင့်အအေးခန်း သိုလှောင်မှုနည်းပါးနေသေးကြောင်း သူမက ပြောကြားခဲ့ပြန်ပါသည်။
အမေရိကန်သို့ လိုင်ချီးသီး တင်ပို့နိုင်ရန်အတွက် ဗီယက်နမ်မြောက်ပိုင်းတွင် လိုင်ချီးသီးအတွက် အသုံးပြုသည့်ဓာတ်ရောင်ခြည်ပေးစက်ရုံမရှိသဖြင့် Bac Giang ပြည်နယ်မှ ဟိုချီမင်းမြို့သို့ ပို့ဆောင်ရသည့်အပြင် ၎င်းတို့ကို ဓာတ်ရောင်ခြည်အသုံးပြုရန် မပို့ဆောင်မီ ထုတ်ပိုးပြင်ဆင်ရကြောင်း၊ ယင်းကြောင့် ကုန်ကျစရိတ်များ မြင့်တက်လာပြီး သယ်ယူ ပို့ဆောင်ချိန်ကြာမြင့်ပါက လိုင်ချီးသီး၏ လတ်ဆတ်မှုကိုပါ လျော့နည်းလာစေကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။
ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်း ဥက္ကဋ္ဌ Nguyen Thanh Binh က ဗီယက်နမ်တွင် စိုက်ပျိုးထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ခြင်း နှင့် ကြာရှည်ခံ ထိမ်းသိမ်းခြင်းဆိုင်ရာ အခြေခံအဆောက်အဦးများ အားနည်းနေသဖြင့် လေလွင့်ဆုံးရှုံးမှုများ များပြားနေရခြင်းဖြစ်ကြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အတွက် သီးခြားဂိုဒေါင်များနှင့် သယ်ယူပို့ဆောင်ယာဉ်များ လိုအပ်သော်လည်း ဗီယက်နမ်တွင် မရှိသဖြင့် ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှုမှာ (၃၀-၃၅)% အထိ မြင့်မားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ နေရာအများစုရှိ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများသည် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းအတွက် အချက်အချာ ကျနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးထွက်ကုန်များကို လုပ်ငန်းတစ်ခုမှ စိုက်ခင်း၌ လာရောက် ဝယ်ယူသည့်အခါ အဆိုပါဒေသများသို့ ယာဉ်ကြီးများဖြင့် သယ်ယူပို့ဆောင်၍ မရပါက လမ်းကြောင်းပေါ် မူတည်၍ လှေ၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် သို့မဟုတ် ကုန်တင်ယာဉ်ငယ်များဖြင့် ပို့ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။
စီးပွားရေးအရပြောရမည်ဆိုလျှင် တောင်သူများနှင့် သမဝါယမအသင်းများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ လတ်လတ်ဆက်ဆက် တင်ပို့ ရောင်းချနိုင်ရေးအတွက် အစိုးရအနေဖြင့် မြစ်ဝကျွန်းပေါ်ဒေသရှိ မူရင်းသီးနှံ စိုက်ပျိုး ထုတ်လုပ်သည့် ဧရိယာများ၌ လမ်းကဲ့သို့သော အခြေခံအဆောက်အအုံများတွင် ပိုမိုရင်းနှီး မြှုပ်နှံရန် လိုအပ်ကြောင်း၊ အရည်အသွေး တိုးတက်ကောင်းမွန်လာစေရန်အတွက် အမျိုးအစား ရွေးချယ်ခွဲခြားခြင်း၊ ကနဦး လုပ်ငန်းစဉ်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက် နိုင်ရန်အတွက် အအေးခန်းသိုလှောင်မှုဖြင့် စိုက်ပျိုးရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေး နေရာများအတွက် ဇုံ သတ်မှတ်သည့် အစီအစဉ်များ ပြုလုပ်ရန် လိုအပ်ကြောင်း၊ မည်သို့ပင် ဆိုစေကာမူ ရေလမ်းနှင့် ရထားလမ်း ချိတ်ဆက်မှုများ လိုအပ်လျက်ရှိကြောင်းကို (၂၆. ၆. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် vietnamnet သတင်းအရ သိရှိရပါသည်။
Source https://vietnamnet.vn/en/high-logistics-costs-stymie-vietnam-farm-exports-2158426.html
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန