UMFCCI သည် ရော်ဘာထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးတို့အတွက် MRPPA နှင့် တွေ့ဆုံဆွေးနွေးခြင်း

  • Wed, 5 July 2023

UMFCCI သည် ရော်ဘာထုတ်လုပ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးတို့အတွက် MRPPA နှင့် တွေ့ဆုံဆွေးနွေးခြင်း




ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ  အသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်း (MRPPA) တို့သည် ၂ဝ၁၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် UMFCCI ရုံးချုပ်၌  တန်ဖိုးမြှင့်  ရော်ဘာ ထုတ်လုပ်မှု  မြှင့်တင်ရေးနှင့်  ပို့ကုန်  မြှင့်တင်ရေး  ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြသည်။

UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက  “တရားမ၀င် ကုန်သွယ်မှုက  ရော်ဘာလုပ်ငန်းကို ထိခိုက်စေတယ်ဆိုတာ  နားလည်ပါကြောင်း၊  ရော်ဘာထုတ်လုပ်မှုကဏ္ဍသည်  အလုပ်အကိုင်  အခွင့်အလမ်းများစွာကို  ဖန်တီးပေးနိုင်ပြီး  နိုင်ငံခြားဝင်ငွေကို ရရှိနိုင်သော စိုက်ပျိုးရေး အခြေခံ ကုန်ထုတ်လုပ်ငန်း အမျိုးအစားဖြစ်ကြောင်း” ပြောကြားခဲ့ပြီး၊  ရော်ဘာထုတ်လုပ်မှုကို အားကောင်းလာစေရန်အတွက် အကြံပြုချက်များနှင့် အကြံဉာဏ်များကို သုံးသပ်ရန် MRPPA အား တောင်းဆို ခဲ့ပါသည်။

ထို့နောက် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နှင့် ရော်ဘာကဏ္ဍ၏ အရေးပါမှုကို ပြသရန် အတွက် ပြည်နယ်အဆင့် ရော်ဘာညီလာခံကျင်းပရန် MRPPA အား တိုက်တွန်းခဲ့ပါသည်။ ရော်ဘာလုပ်ငန်းရှင်များနှင့် ကုန်သည်များကို အသင်းအဖွဲ့တွင် ပူးပေါင်းပါဝင်လာစေရန်နှင့်  ကဏ္ဍအလိုက်  အသိပညာများ  ဖလှယ်နိုင်စေရန်  ရည်ရွယ်ချက်ဖြင့်  ရော်ဘာလုပ်ငန်းရှင်များကို  ဆွဲဆောင်ရန်လည်း ၎င်းက အကြံပြုခဲ့သည်။  UMFCCI  သည် ပြည်တွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ  ဖွံ့ဖြိုးတိုးတက်ရေးကို  ဦးစားပေး  ဆောင်ရွက်လျက်  ရှိသည်။ UMFCCI  သည် ပုဂ္ဂလိကကဏ္ဍစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်  ဆက်စပ်အဖွဲ့ဝင်များနှင့် လက်တွဲ ဆောင်ရွက်နေကြောင်း ဦးအေးဝင်းက ဆက်လက် ပြောကြားခဲ့ပါသည်။

MRPPA ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက အသင်း၏လုပ်ထုံးလုပ်နည်းများ၊ တန်ဖိုးမြှင့် ရော်ဘာ ထုတ်လုပ်မှုစံနှုန်းများ၊ စိုက်ပျိုးသူများအတွက် အသိပညာပေးအစီအစဉ်များ၊ နိုင်ငံတကာ အသင်းအဖွဲ့များနှင့် ချိတ်ဆက်မှု၊ နိုင်ငံတကာလိုအပ်ချက်နှင့်အညီ  ရော်ဘာထွက်ကုန် စံနှုန်းများ နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။ တာယာစက်ရုံများ၊  မှိုင်းခံ ရော်ဘာပြားများ( RSS) ၏ စံချိန်စံညွှန်းများ၊ ပြည်တွင်းဈေးကွက်တွင် တွေ့ရသည့် ရော်ဘာ ကုန်ကြမ်းများ၊ ပစ္စည်းအသွင်အပြင်နှင့် ဒီဇိုင်းများ၊  UMFCCI နှင့် ပိုမိုနီးကပ်စွာ  ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေး ကိစ္စရပ်များကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။

မြန်မာ့ရော်ဘာထုတ်လုပ်မှုသည် နှစ်စဉ် တန်ချိန် (၃) သိန်း ခန့်ရှိသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ရော်ဘာ (၇၀%)သည် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါ သည်။ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်နှင့် အခြား နိုင်ငံများသို့လည်း တင်ပို့ရောင်းချပါသည်။

(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင်  ပြည်ပဈေးကွက်သို့ ရော်ဘာတန်ချိန်  (၃) သိန်းခန့်  တင်ပို့နိုင်ရန်  ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရှိရပါသည်။ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရော်ဘာထုတ်လုပ်မှုသည်  တန်ချိန်  (၃၆၀,၀၀၀)ကျော်ရှိခဲ့ပြီး  ရော်ဘာတန်ချိန်  (၂၀၀,၀၀၀)ကျော်ကို   ပြည်ပကုန်သွယ်မှု  မိတ်ဖက် များသို့ တင်ပို့ခဲ့သည်။

ရော်ဘာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများအားဖြင့် ထုတ်လုပ်ပါသည်။ (၂၀၁၈-၂၀၁၉) ခုနှစ် ရော်ဘာရာသီစာရင်းများအရ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက  (၁.၆၂၈)သန်းကျော်  ရှိပြီး မွန်ပြည်နယ်တွင် (၄၉၇,၁၅၃)ဧက၊  တနင်္သာရီတိုင်းဒေသကြီးတွင်  (၃၄၈,၃၄၄)ဧက  နှင့် ကရင်ပြည်နယ်တွင် (၂၇၀,၇၆၀) ဧကရှိကြောင်း  သိရှိရပါသည်။ မြန်မာနိုင်ငံသည် ယခင် ဘဏ္ဍာရေးနှစ် (၂၀၂၀-၂၀၂၁) တွင် ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄၄၉) သန်းကျော် ၀င်ငွေ ရရှိခဲ့ကြောင်း (၂၈-၆-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar ၏ သတင်း အချက်အလက်များအရ သိရှိရပါသည်။


Source
    https://www.gnlm.com.mm/umfcci-meets-with-mrppa-to-ramp-up-rubber-production-export-promotion/

တင်ပြသူ    ဒေါ်လင်းလဲ့ရည်အောင်၊ ဒု-ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်
တည်းဖြတ်သူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ    ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ