ပို့ကုန်အရည်အသွေးမီ ပရီမီယံတန်းဝင် သရက်သီးတစ်ခြင်းလျှင် ယွမ် ၁၀၀ အထက်ရရှိ
- Wed, 5 July 2023
တရုတ်နိုင်ငံသို့ တင်ပို့သည့် အရည်အသွေးမြင့် သရက်သီး (၁၆) ကီလိုဂရမ်ပါ တစ်ခြင်းလျှင် ယွမ်(၁၀၀)အထက် ရရှိသော်လည်း အရည်အသွေးနိမ့် သရက်သီးများမှာမူ သယ်ယူ ပို့ဆောင်ခပင် မကာမိကြောင်း ခွါညို (Khwa Nyo) သစ်သီးကုန်စည်ဒိုင်မှ စိုင်းခင်မောင်က ပြောကြားခဲ့ပါသည်။
ထို့ကြောင့် ပို့ကုန်တင်ပို့ရာတွင် သစ်သီးဝလံများ၏ အရည်အသွေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး၊ အရည်အသွေးညံ့လျှင် ဆုံးရှုံးမှုများနိုင်သောကြောင့် ပရီမီယံ အရည်အသွေးရှိသော သစ်သီးဝလံများကသာ စျေးကွက်ကို ထိန်းသိမ်းထားနိုင်သည်ဟု ၎င်းက မီးမောင်း ထိုးပြခဲ့ပါသည်။ ပို့ကုန်တင်ပို့ရာတွင် အရေအတွက်ထက် သရက်သီး၏ အရောင်၊ အရည်အသွေး နှင့် တူညီသည့် အရွယ်အစားတို့သည် ပို၍အရေးကြီးပါသည်။ သရက်သီးအနှစ်၊ သရက်သီးခြောက် စသည့် အခြားပို့ကုန် အလားအလာများကိုလည်း ဆန်းစစ်ရန် လိုအပ်နေ ပါသေးသည်။ ကျွန်တော်တို့မှာ သရက်ပင်များအတွက် သင့်လျော်သော ရာသီဥတုနှင့် မြေသြဇာ ထက်သန်ကောင်းမွန်သော မြေဆီလွှာရှိသော်လည်း ပို့ကုန်စံချိန်စံညွှန်းနှင့် မကိုက် ညီသော ညံ့ဖျင်းသည့် အရည်အသွေးများရှိခဲ့ပါက အကျိုးအမြတ် နည်းပါးနိုင်ပါသည်။ အရေးကြီးဆုံးအချက်မှာ အရည်အသွေး ထိန်းသိမ်းမှု ဖြစ်ပါသည်။ သို့မဟုတ်ပါက ကုန်သည်များ အနေဖြင့် ယခုနှစ်ကဲ့သို့ ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရနိုင်သည်။ ဈေးကွက်အတွင်း တင်ပို့ရောင်းချသူများအနေဖြင့် အရည်အသွေးကို ထိန်းသိမ်းနိုင်မှသာ စျေးကွက်ဝေစုများ တိုးလာနိုင်မည်ဖြစ်ကြောင်း ၎င်းက အသေးစိတ် ရှင်းပြခဲ့ပါသည်။
တရုတ်နိုင်ငံ၏ အကောက်ခွန်မူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်တင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ပြီး သရက်သီးအရည်အသွေးကိုပါ ကျဆင်းစေခဲ့ကြောင်း (၂၀၂၃) ခုနှစ်၊ မေလ အစောပိုင်းတွင် မူဆယ်နယ်စပ်ရှိ ကုန်သည်များက အလေးပေး ပြောကြားခဲ့ ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ရောင်းချသူများအနေဖြင့် စျေးကွက်အခြေအနေနှင့် သစ်သီးများ၏ အရည်အသွေးကို အနီးကပ်စောင့်ကြည့်ရမည် ဖြစ်သည်။
စိုက်ပျိုးသူများအနေဖြင့် သွင်းအားစုစရိတ် ကြီးမြင့်မှုနှင့် စျေးကွက်စွန့်စားရမှုဒဏ်ကို နှစ်စဉ်နှစ်တိုင်း ခံနေရပါသည်။ ယခင်နှစ်က စိုက်ပျိုးရေးသွင်းအားစု ထည့်သွင်းအသုံးပြုမှု နည်းပါးခြင်းကြောင့် အရည်အသွေးကျဆင်းခဲ့ပြီး ရိတ်သိမ်းချိန်လွန် ရောဂါများဖြစ်သည့် ပင်စည်ပုပ်နှင့် အသီးများတွင် အမည်းစက်များ ဖြစ်ပေါ်ခဲ့သည်။ စိန်တလုံး သရက်သီး၏ အရည်အသွေး ညံ့ဖျင်းလာမှုကြောင့် အချို့သောကုန်သည်များသည် စိုက်ပျိုးစရိတ်ကိုပင် မကာမိကြောင်းတွေ ရှိရသည်။
မြန်မာနိုင်ငံတွင် သရက်သီးမျိုးစိတ်ပေါင်း (၂၀၀) ခန့်ရှိသည့်အနက် စိန်တလုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲ ၊ မချစ်စုနှင့် အခြားမျိုးကွဲများကို အဓိက စိုက်ပျိုး ကြပါသည်။ နိုင်ငံခြားဈေးကွက်တွင် စိန်တလုံးသရက်မျိုးကို ပိုမိုနှစ်သက်ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီးသည် သရက်စိုက်ဧက အများဆုံးပိုင်ဆိုင်ပြီး ဧက (၄၆,၀၀၀)ခန့် ရှိသည်။ ပဲခူးတိုင်းဒေသကြီးသည် ဧက (၄၃,၀၀၀) ဖြင့် ဒုတိယအများဆုံးထွက်ရှိရာ မန္တလေး တိုင်းဒေသကြီးတွင် သရက်သီးဧက (၂၉,၀၀၀) ရှိသည်။ ကရင်ပြည်နယ်တွင် ဧက (၂၄,၀၀၀) ကျော်၊ ရှမ်းပြည်နယ်တွင် ဧက (၂၀,၄၀၀) ကျော် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက (၂၀,၀၀၀) ကျော်ရှိကြောင်း မြန်မာသရက်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရကြောင်းကို (၂၇-၆-၂၀၂၃) ရက်နေ့ထုတ် Global New Light of Myanmar သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/premium-export-quality-mangoes-fetch-above-100-yuan-per-basket/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၅) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန