ဝယ်လိုအား မြင့်မားလာခြင်းကြောင့် အီဂျစ်ကြက်သွန်နီ ဈေးနှုန်းမြင့်တက်
- Wed, 28 June 2023
အီဂျစ် ကြက်သွန်နီရာသီသည် ယခင်နှစ်ထက် ထုတ်လုပ်မှုပမာဏနည်းပြီး ဝယ်လိုအား မြင့်တက်လျက်ရှိသောကြောင့် ဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး လာမည့်ရာသီတွင် ကြက်သွန်စိုက်ဧရိယာ တိုးပွားလာမည့် အရိပ်အယောင်များ တွေ့မြင်နေရကြောင်း On Trade မှ အရောင်းမန်နေဂျာ Mohammad Hassan က ခြုံငုံသုံးသပ်ခဲ့ပါသည်။
ယခင်နှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်ခဲ့ပြီး ရောင်းချရာတွင်လည်း ကြက်သွန်များ ဈေးကောင်းမရရှိသဖြင့် တောင်သူအများစုသည် ကြက်သွန်နီစိုက်ရန် တွန့်ဆုတ်သွားခဲ့ကြပြီး ၎င်းတို့၏ စိုက်ခင်းများတွင် ယူကရိန်းမှ တင်သွင်းမှုနည်းပါးသဖြင့် လက်ရှိ ဝယ်လိုအားကောင်းနေသော ဂျုံကဲ့သို့ ဈေးကွက်အခြေအနေ ပိုမိုမြင်သာသည့် အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလိုကြကြောင်း Hassan က ပြောကြားခဲ့ပါသည်။
ယခုနှစ်၏ စိုက်ဧကနှင့် ထွက်ရှိမှုပမာဏသည် ယခင်နှစ်များထက် နည်းပါးနေ ပါသည်။ သို့သော်လည်း နယ်သာလန်၊ စပိန်၊ စလိုဗေးနီးယား နှင့် ရိုမေးနီးယားတို့မှ ဝယ်လိုအားမှာ သိသိသာသာ တိုးလာကြောင်း၊ အီဂျစ်တို့၏ ဒေသတွင်း ဈေးကွက်များဖြစ်သည့် ဆော်ဒီအာရေးဗီးယားနှင့် UAE တို့သည် ခိုင်မာသည့် ဝယ်လိုအားကို ဆက်လက် ထိန်းသိမ်း ထားကြောင်း၊ အထူးသဖြင့် UAE သည် အီရန်၊ ပါကစ္စတန် နှင့် အရှေ့အာရှနိုင်ငံများအတွက် ပြန်လည် တင်ပို့သည့် အချက်အချာဖြစ်ကြောင်း၊ အခြားတဖက်တွင်လည်း ရုရှားဈေးကွက်မှ ဝယ်လိုအားမှာ ပုံမှန်ထက် လျော့နည်းလျက်ရှိကြောင်း Hassan က ဆက်လက် ပြောကြားခဲ့ပါသည်။
တင်ပို့သူများ၏ ပြောကြားချက်အရ ယခုရာသီ၏ ကြက်သွန်စိုက်ပျိုးထုတ်လုပ်မှုသည် ရာသီဥတုနှင့် ဇီဝကမ္မဆိုင်ရာ ပြဿနာ တစုံတရာမရှိသောကြောင့် အထွက်နှုန်း ကောင်းမွန် သဖြင့် ယခုလအစောပိုင်း၌ အီဂျစ် စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်စေခဲ့သော သဲမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကိုပင် အစားထိုးပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
ကုန်သွယ်ရေးကဏ္ဍအနေဖြင့် အီဂျစ်သည် တည်ငြိမ်သော ဈေးကွက်ယှဉ်ပြိုင်မှုမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြောင်း၊ ယခုကာလတွင် အီဂျစ်၏ တစ်ခုတည်းသော ပြိုင်ဖက်သည် ပမာဏများစွာ ထုတ်လုပ်နိုင်ပြီး အရှေ့အာရှဈေးကွက်များကို ချုပ်ကိုင်ထားနိုင်သည့် အိန္ဒိယ ဖြစ်ကြောင်း၊ သို့သော်လည်း အိန္ဒိယအစိုးရသည် တစ်ခါတစ်ရံ၌ ပြည်တွင်းဈေးကွက်၌ အရေးပါသည့် ထုတ်ကုန်များ ပို့ဆောင်မှုကို ပိတ်ပင်တတ်ကြောင်း၊ ထိုကဲ့သို့ ပိတ်ပင်ထားချိန်၌ အီဂျစ်တို့သည် အရှေ့အာရှနိုင်ငံများဆီမှ ခိုင်မာသည့် ဝယ်လိုအားများ ရရှိကြောင်း၊ အီဂျစ် ကြက်သွန်နီများသည် အရည်အသွေးကောင်းမွန်လှသောကြောင့် အခြားဈေးကွက်များ၌ အိန္ဒိယ ကြက်သွန်နီထက် ဝယ်လိုအား ပိုမိုရရှိကြောင်း Hassan ၏ အဆိုအရ သိရှိရပါသည်။
၎င်းတို့သည် ဈေးကွက်အားလုံး၌ ဝယ်လိုအားအများဆုံး အမျိုးအစားနှင့် အရွယ် အစားကို ထုတ်လုပ်လျက်ရှိကြောင်း၊ လူကြိုက်များသော အမျိုးအစားများမှာ အနီရောင်နှင့် အဝါရောင် ကြက်သွန်နီအမျိုးအစားဖြစ်ပြီး စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများတွင် အသုံးပြုသည့် ကြက်သွန်နီအဖြူရောင် ထုတ်လုပ်သည့်ပမာဏမှာ နည်းပါးကြောင်း၊ ယင်း မျိုးကွဲအားလုံး နှင့် အရွယ်အစားအားလုံးသည် ထူးကဲသော အရည်အသွေး၊ ကောင်းမွန်သည့် အနံ့ အရသာ နှင့် ကျစ်လစ်မာကျောသည့် ကြက်သွန်ဥများဖြစ်ခြင်းကြောင့် အီဂျစ်ကြက်သွန်နီသည် ထူးခြားသည့် သွင်ပြင်လက္ခဏာကို ဆောင်လျက်ရှိကြောင်း Hassan က ထပ်လောင်း ပြောကြားခဲ့ပါသည်။
ထုတ်လုပ်မှုပမာဏ ကျဆင်းခြင်း နှင့် ဝယ်လိုအား အလွန်မြင့်မားခြင်းတို့ကြောင့် အီဂျစ်ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ လတ်တလောတွင် ဥပမာအနေဖြင့် နယ်သာလန်သို့ တင်ပို့မှုသည် ဈေးနှုန်းအားဖြင့် ယခင်နှစ် ပျမ်းမျှဈေးနှုန်းထက် (၂၂%) ပိုမိုမြင့်တက် လျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။
ထိုအခြင်းအရာများကြောင့် အီဂျစ်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ကြက်သွန်နီ အပေါ် တဖန်ပြန်လည် စိတ်ဝင်စားမှု ဖြစ်ပေါ်လာပြီး လာမည့်ရာသီတွင် ကြက်သွန်နီ စိုက် ဧကများ တိုးလာနိုင်ဖွယ်ရှိသည်ကို ညွှန်ပြနေခြင်းဖြစ်သည်ဟု တင်ပို့သူမှ ကောက်ချက်ချခဲ့ ကြောင်းကို (၂၁. ၆. ၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်သည့် Fresh Plaza သတင်းအရ သိရှိရ ပါသည်။
Source https://www.freshplaza.com/asia/article/9539452/high-demand-for-egyptian-onions-drives-up-prices/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန