ဆီနီဂေါသရက်သီးတင်ပို့မှုများ မကြာမီ ပြန်လည်စတင်မည်
- Mon, 26 June 2023
နိုင်ငံ၏ လုံခြုံရေးအခြေအနေများ၊ အတိုက်အခံဆန္ဒပြသူများနှင့် ရဲများအကြားရှိ ပဋိပက္ခများရပ်တန့်ခဲ့ပြီးနောက် လာမည့်ရက်အနည်းငယ်အတွင်း Senegal ၏ သရက်သီး တင်ပို့မှုများ ပြန်လည်စတင်ရန်ရှိကြောင်း Senegalese သရက်သီးထုတ်လုပ်သူ Mohamed Mbengue က အာမခံပြောကြားခဲ့ပါသည်။
“ကျွန်ုပ်တို့သည် ပုံမှန်အတိုင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ လေကြောင်းနှင့် ကုန်းကြောင်းမှတဆင့် သီးနှံများ တင်ပို့ရန် အဆင်သင့်ရှိပြီး တင်ပို့ရာတွင် လိုအပ်သော စာရွက်စာတမ်းအားလုံး ရှိနှင့်ပြီးဖြစ်သည့် အပြင် စိုက်ပျိုးရေးဝန်ကြီးဌာန၏ တင်ပို့မှုဆိုင်ရာ ဝန်ဆောင်မှုများ ပြန်လည်စတင်ရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ (၂-၃)ရက် အတွင်းဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် Senegalese သရက်သီး ဝယ်လိုအား များစွာရှိပြီး အဆိုပါ ဝယ်လိုအားများကို ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့ အကောင်းဆုံး လုပ်ဆောင်နေကြောင်း” Mohamed က ပြောကြားခဲ့ပါသည်။
တင်ပို့သူများသည် ကဏ္ဍအလိုက် အခက်အခဲများ ရှိသော်လည်း ယခုနှစ်တွင် Senegal ရှိ သရက်သီးလုပ်ငန်းသည် အောင်မြင်လျက်ရှိကြောင်း ယုံကြည်နေကြပါသည်။ ပြီးခဲ့သည့် ရာသီနှင့်နှိုင်းယှဉ်ပါက ယခုနှစ်ရာသီတွင် စိန်ခေါ်မှုများစွာကို ကျော်လွှားခဲ့ရကြောင်း၊ သီးထိုးယင် ပြဿနာကို ရှောင်ရှားရန် သရက်သီး ခူးဆွတ်ချိန်နှင့် တင်ပို့ချိန်ကို ပြောင်းလဲခဲ့သည့်အပြင် အဆိုပါပိုးမွှားများကို ကာကွယ်နှိမ်နင်းရန် စိုက်ပျိုးရေးဝန်ကြီးဌာန ၏ အရေး ပါသော အထောက်အပံ့များကို ရယူခဲ့ကြောင်း၊ ပြီးခဲ့သည့်ရာသီထက် ယခုရာသီတွင် သရက်သီး အထွက်ပမာဏ ပိုမိုများပြားခဲ့ပြီး အရည်အသွေးလည်း ပိုမိုကောင်း မွန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
Senegalese သရက်သီးဝယ်လိုအားမှာ မော်ရိုကိုနှင့် စပိန်၊ ပြင်သစ်၊ နယ်သာလန်နှင့် ဂျာမနီနိုင်ငံများကဲ့သို့သော ဥရောပနိုင်ငံများမှ ဖြစ်ပါသည်။ “ကျွန်ုပ်တို့သည် မော်ရိုကိုမှ ဖောက်သည်များနှင့် အချိန်အတော်ကြာ စီးပွားရေး လုပ်ကိုင်ခဲ့ပြီး အဆိုပါပူးပေါင်းဆောင် ရွက်မှုအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ Senegalese သရက်သီးများမှာ အရည်အသွေး ကောင်းမွန်ပြီး သယ်ယူပို့ဆောင်စရိတ် သက်သာသောကြောင့် မော်ရိုကိုနိုင်ငံမှ သရက်သီး အရေအတွက်များစွာ ဝယ်ယူကြပါကြောင်း၊ အဆိုပါဈေးကွက်သို့ ဆက်လက်တင်ပို့ရောင်းချ သွားမည်ဖြစ်ပါကြောင်း Mohamed က ထပ်မံပြောကြားခဲ့ပါသည်။
ဥရောပတွင် ကျွန်ုပ်တို့၏ ပုံမှန်ဖောက်သည်များ ရှိသည့်အပြင် အနောက်အာဖရိက နိုင်ငံများတွင် မိုးရေချိန် နည်းပါးမှုနှင့် အပင်ပိုးမွှားရောဂါ ပြဿနာများကြောင့် ၎င်းတို့၏ သရက်သီးအထွက်နှုန်း ကျဆင်းခဲ့သည့်အတွက် အဆိုပါဒေသမှ ဝယ်ယူသော ဖောက်သည် များသည် Senegalese သရက်သီးများကို ပြောင်း၍ဝယ်ယူခဲ့သည့်အတွက် ဖောက်သည် အသစ်များ ရရှိလာခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း ဥရောပရှိ သရက်သီးဖောက်သည်များ သည် Senegalese သရက်သီးရာသီချိန်ကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေခဲ့ကြောင်း သရက်သီးထုတ်လုပ်သူများမှ ထပ်လောင်းပြောကြားခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် ယခုနှစ်တွင် သရက်သီးအရည်အသွေးမှာ အလွန်ကောင်းမွန်ပြီး အရောင်လှခြင်း (၆၀-၇၀%) ၊ အရွယ်အစားသတ်မှတ်ချက် (၇၊ ၈၊ ၉၊ ၁၀ နှင့် ၁၂) များနှင့် ကိုက်ညီသောကြောင့် ကျွန်ုပ်တို့၏ ဖောက်သည်များ သရက်သီးရာသီချိန်ကို စောင့်မျှော်ခဲ့ရသည်မှာ မှန်ကန်ခဲ့ပါသည်။ တင်ပို့ရန်အတွက် လျာထားသော သရက်သီးအားလုံးမှာ သီးထိုး ယင်နှင့် အခြားသော ပြဿနာများ လုံးဝကင်းစင်ပါကြောင်း Mohamed မှ ပြောကြား ခဲ့သည်ကို (၇-၆-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။
Source https://www.freshplaza.com/oceania/article/9535948/senegalese-mango-exports-will-restart-very-soon/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၄) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန