ဝယ်လိုအားမြင့်အားနေ၍ (၃) ပတ်အတွင်း မြေပဲဈေးနှုန်းမြင့်တက်
- Thu, 25 May 2023
ပြည်ပနှင့် ပြည်တွင်းဝယ်လိုအားများ အားကောင်းလာပြီးနောက် မြေပဲဈေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း မန္တလေးကုန်စည်ဒိုင်ရှိ လက်ကားအရောင်းစင်တာမှ သိရှိရ ပါသည်။ ၂၀၂၃ခုနှစ်၊ မေလ (၁)ရက်နေ့တွင် မြေပဲဈေးနှုန်းမှာတစ်ပိဿာလျှင် ငွေကျပ် (၆,၀၀၀-၇,၇၀၀) ပေါက်ဈေးရှိနေပါသည်။ မေလ (၁၇)ရက်နေ့တွင် တစ်ပိဿာလျှင် (၆,၄၅၀-၈,၄၀၀) ပေါက်ဈေးရှိပြီး (၂)ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၁၀၀-၉၀၀)အထိ သိသိ သာသာ မြင့်တက်ခဲ့ပါသည်။ တရုတ်ကုန်သည်များနှင့် ပြည်တွင်း ဆီကြိတ်စက်ရုံများသည် ဈေးကွက်တွင် ပိုမိုဝယ်ယူလာသူများဖြစ်ကြပါသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ပဝယ်လိုအားမရှိခြင်းနှင့် ပြည်တွင်းဆီစက်များ၏ ဝယ်လိုအားနည်းခြင်းခဲ့ကြောင့် တစ် ပိဿာလျှင် ကျပ် (၄,၇၀၀) မှ (၅,၇၅၀) အထိ ဈေးနှုန်းကျဆင်းခဲ့ပါသည်။
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ ဆီထွက်သီးနှံများ (နှမ်းနှင့် မြေပဲ) တင်ပို့လျက် ရှိပါသည်။ ပြီးခဲ့သော (၂၀၂၂) ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံသို့ အဓိကဆီတင်သွင်းပြီး ကမ္ဘာ့ ထိပ်တန်း စားအုန်းဆီတင်ပို့သည့် နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းပြတ်လပ်မှုကို လျှော့ချရန်အတွက် ဟင်းချက်ဆီတင်ပို့ခြင်းအား ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့ပါသည်။ ထို့ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကုန်သွယ်မှု ဦးစီးဌာနမှ ဆီထွက်သီးနှံများ(မြေပဲနှင့်နှမ်း) ပြည်ပတင်ပို့မှုအား မေလ (၉)ရက်နေ့မှ ယာယီ ရပ်ဆိုင်းခဲ့ပါသည်။
ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်အရ ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ တင်ပို့ရောင်းချသည့် နိုင်ငံများမှ စားအုန်းဆီ တင်ပို့မှု့ ပုံမှန်ပြန်လည်တင်ပို့မှသာလျှင် မြန်မာနိုင်ငံမှ ဆီထွက်သီးနှံများ ပုံမှန်အတိုင်း ပြန်လည် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံခြားဈေးကွက်သို့ အမေရိကန်ဒေါ်လာ (၄၀.၁၆)သန်း တန်ဖိုးရှိ ဆီထွက်သီးနှံများ ကီလိုဂရမ် (၃၂၀၀၀)ေကျော် တင်ပို့နိုင်ခဲ့ ပါကြောင်း(၁၈.၅.၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော Global New light of Myanmar ကွန်ရက်၏ ဆောင်းပါးအရသိရှိရပါသည်။
Source https://cdn.myanmarseo.com/file/client-cdn/gnlm/wp-content/uploads/2023/05/18_May_23_gnlm.pdf
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ မေလ (၂၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန