မန္တလေးတွင် မုန်ညင်းစေ့များ ဈေးကွက်ကောင်းပြီး ဈေးကောင်းရရှိ

  • Wed, 26 April 2023

မန္တလေးတွင် မုန်ညင်းစေ့များ ဈေးကွက်ကောင်းပြီး ဈေးကောင်းရရှိ


သင်္ကြန်ကာလအပြီး၌ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကလေး၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ နောင်ချို၊ သီပေါနှင့် ကျောက်မဲတို့မှ ဝင်ရောက်လာသည့် မုန်ညင်းစေ့များ သည် မန္တလေးဈေးကွက်၌ စျေးကောင်းရရှိသည့်အပြင် အရောင်းအဝယ်လည်း သွက်လက် ကောင်းမွန်လျက်ရှိကြောင်း မန္တလေးကုန်သည်များထံမှ သိရှိရပါသည်။

ယခင်နှစ် ကာလတူပေါက်ဈေးမှာ မုန်ညင်းစေ့တစ်ပိဿာလျှင် (၃၂၀၀)ကျပ်မျှသာ ရှိသော်လည်း ယခုအခါ တစ်ပိဿာလျှင် (၅၁၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ် သွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး၊ စိုးဝင်းမြင့်လက်ကား အရောင်းစင်တာပိုင်ရှင် ဦးစိုးဝင်းမြင့် ၏ ပြောကြားချက်အရ သိရှိရပါသည်။

သင်္ကြန်ကာလနောက်ပိုင်း ဈေးကွက်အတွင်း မုန်ညင်းစေ့ပေါက်ဈေးသည် ယခင်နှစ် ကာလတူ ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ‌ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ အရွက်စားမုန်ညင်း နှင့် ဆီ ထွက်မုန်ညင်းဟူ၍ မုန်ညင်း (၂)မျိုးရှိကြောင်း၊ ဆီထွက်မုန်ညင်းကို ဆောင်းသီးနှံအဖြစ် ရာသီတစ်ခုအတွင်း စိုက်ပျိုးကြသဖြင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကာ ဇန်နဝါရီလတွင် ဈေးကွက်သို့ ရောက်ရှိကြောင်း နှင့် ၎င်းသည် စျေးကွက်ဝင်သီးနှံတစ်ခု ဖြစ်ကြောင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး လတ်တလောကာလတွင်  အိန္ဒိယမှ ဝယ်လိုအားရှိသောကြောင့် မုန်ညင်းစိုက်တောင်သူများအနေဖြင့် စိုက်ဧက တိုးချဲ့သင့်ကြောင်း၊ ဆီထွက်မုန်ညင်းသည် တောင်ပေါ်ဒေသများတွင် ပိုမိုဖြစ်ထွန်းသော်လည်း အရွက်စားမုန်ညင်း မှာ နေရာအနှံ့ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

စားသုံးသီးနှံဖြစ်သည့် မုန်ညင်းကို ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် အဓိကစိုက်ပျိုး ကြပြီး အဆိုပါဒေသများမှ မုန်ညင်းများကို မန္တလေးဈေးကွက်တွင် ပြန်လည်ရောင်းချကြ ကြောင်း (၂၄.၄.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်း အရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/mustard-seed-fetching-higher-prices-marketable-in-mandalay/

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဧပြီလ(၂၆) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ