မြို့ပြစိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန် နှင့် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှုမရှိခြင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် USDA မှ အမေရိကန်ဒေါ်လာ (၇.၅)သန်း ပံ့ပိုးကူညီ
- Wed, 19 April 2023
အမေရိကန် စိုက်ပျိုးရေးဦးစီဌာန (USDA) သည် ၎င်း၏ မြို့ပြစိုက်ပျိုးရေး နှင့် ဆန်း သစ်တီထွင်ထုတ်လုပ်ရေးရုံး (OUAIP) မှတဆင့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၇.၅)သန်း ပံ့ပိုးကူညီ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ထောက်ပံ့ကြေးများပေးအပ်ခြင်းသည် မြို့ပြ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု နှင့် မြို့နေလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် စားနပ်ရိက္ခာ စနစ် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ဆန်းသစ်တီထွင်ထုတ်လုပ်မှုကို အထောက် အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပံ့ပိုးကူညီခြင်းဖြစ်ပါသည်။
OUAIP ကို (၂၀၁၈)ခုနှစ် လယ်ယာမြေဥပဒေမူကြမ်းအရ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သဘာဝအရင်းအမြစ် ထိန်းသိမ်းရေး ဝန်ဆောင်မှုအဖွဲ့(NRCS)မှ ဦးစီးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ သည်။ OUAIP သည် အများပြည်သူနှင့်ဆိုင်သော ဥယျာဉ်များ၊ အိမ်ခေါင်မိုးစိုက်ခင်းများ၊ aquaponic စိုက်ပျိုးနည်းစနစ်များနှင့် နည်းပညာမြင့် vertical စနစ်စိုက်ပျိုးခြံများအပါအဝင် မြို့ပြ နှင့် အိမ်တွင်း စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်များကို မြှင့်တင်ရန်အတွက် USDA အေဂျင်စီများစွာနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။
မြို့ပြလယ်ယာစိုက်ပျိုးရေးနှင့် ဆန်းသစ်တီထွင်ထုတ်လုပ်မှု (UAIP)အတွက် ယှဉ်ပြိုင် ထောက်ပံ့မှုများသည် တောင်သူများ၊ ဥယျာဉ်ခြံစိုက်ပျိုးသူများ၊ အများပြည်သူများ၊ အစိုးရဌာန ဆိုင်ရာများ၊ ကျောင်းများ အပါအဝင် မြို့ပြ နှင့် ဆင်ခြေဖုံးဒေသများရှိ အခြားသက်ဆိုင်သူများ အားလုံးတို့၏ ကြိုးပမ်းအားထုတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးကူညီနိုင်ရန် ဖန်တီးထား ခြင်း ဖြစ်ပါသည်။ ရန်ပုံငွေရရှိသည့် ပရောဂျက်များအနေဖြင့် စားနပ်ရိက္ခာရရှိရေး၊ ပညာရေး၊ စီးပွားရေးနှင့် လုပ်ငန်းအစပြုမည့် တောင်သူအသစ်များအတွက် စိုက်ပျိုးမှုဆိုင်ရာ ကုန်ကျ စရိတ်များ၊ ဇုန်သတ်မှတ်ခြင်းနှင့်သက်ဆိုင်သည့် မူဝါဒဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများအပြင် မြို့ပြ ထုတ်လုပ်မှုဆိုင်ရာ အခြားလိုအပ်ချက်များကိုပါ အာရုံစိုက်နိုင်မည်ဖြစ်ပါသည်။
မြေယာနှင့်ရန်ပုံငွေရရှိရေး၊ ဒေသဆိုင်ရာလိုအပ်ချက်များရှာဖွေရေးနှင့် ခေတ်အဆက် ဆက် စိုက်ပျိုးရေးလုပ်ကိုင်ကြသူများအတွက် ပံ့ပိုးကူညီရေးကဲ့သို့သော မြို့ပြနှင့် ဆန်းသစ် တီထွင်ထုတ်လုပ်သူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန်အတွက် USDA သည် အမေရိကန်အစိုးရ နှင့် ပြင်ပသက်ဆိုင်သူများအပါအဝင် ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် အေဂျင်စီအသီးသီးတို့နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း USDAမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက Food Tank ကွန်ရက်သို့ပြောကြားခဲ့ပါသည်။
မြို့ပြစိုက်ပျိုးရေးလုပ်ငန်းများအားလုံး USDA မစ်ရှင်နယ်မြေတွင် တပေါင်းတစည်း တည်းရှိစေရန် OUAIP မှ ဆောင်ရွက်လျက်ရှိပါသည်။ မြို့ပြထုတ်လုပ်သူများအတွက်သာ ရရှိ နိုင်သော သီးခြားအစီအစဉ်အချို့တွင် လယ်ယာဝန်ဆောင်မှုအေဂျင်စီမှ ချေးငွေများ၊ သဘာဝ အရင်းအမြစ် ထိန်းသိမ်းရေးဝန်ဆောင်မှုမှ ပံ့ပိုးပေးသည့် ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာ နှင့် ဘဏ္ဍာရေးအကူအညီများ၊ အစားအသောက်နှင့် အာဟာရဝန်ဆောင်မှု Farm to School အစီ အစဉ်မှတဆင့် ကလေးအာဟာရ ပရိုဂရမ်အော်ပရေတာများအတွက် ပံ့ပိုးကူညီခြင်းတို့ ပါဝင် ပါသည်။
ထောက်ပံ့ကြေးအစီအစဉ်သည် ရပ်ရွာလူထုအခြေပြုလုပ်ဆောင်မှုများကို ပံ့ပိုးကူညီ ခြင်း၊ အကျိုးအမြတ်မယူဘဲ ချေးငွေပံ့ပိုးခြင်း၊ ဒေသန္တရအစိုးရများ၊ တိုင်းရင်းသားခေါင်းဆောင် များနှင့် ၎င်းအဖွဲ့အစည်းများ၊ အထူးရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ထားသည့် ဒေသန္တရဆိုင်ရာ ကျောင်းများနှင့် နိုင်ငံတဝှမ်းရှိ ထိန်းသိမ်းရေးခရိုင်များသို့ ရန်ပုံငွေ ပံ့ပိုးကူညီခြင်းဖြင့် ဒေသ တွင်း စားနပ်ရိက္ခာစနစ် ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။
ပြည်တွင်းထုတ်လုပ်သူများကို ပံ့ပိုးပေးခြင်းဖြင့် ဒေသဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များ အားကောင်းလာကြောင်း၊ ထောက်ပံ့ငွေလက်ခံသူများအနေဖြင့်လည်း လတ် ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားနပ်ရိက္ခာ ရောင်းချသူအရေအတွက် များပြားလာ စေရန်အတွက် ရပ်ရွာများနှင့် ဆင်ခြေဖုံးဒေသများရှိ ထုတ်လုပ်သူ အကြီးအငယ်မရွေးတို့နှင့် ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့် လူမှုအသိုင်းအဝိုင်းများအတွင်း စီးပွားရေးမိတ်ဖက်များ တိုးပွားလာသည့်အပြင် ပိုမို၍ ရေရှည်ခိုင်မြဲသော စားနပ်ရိက္ခာစနစ် ဖန်တီးနိုင်မည်ဖြစ်ကြောင်း နှင့် လူတိုင်းနေထိုင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော ရပ်ဝန်းများ ဖန်တီးရန်အတွက်လည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း USDA ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ၏ ရှင်းလင်းပြောကြားချက်များအား (၁၄.၄.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Food Tank ကွန်ရက် ဆောင်းပါးအရသိရှိရပါသည်။
Source https://foodtank.com/news/2023/04/usda-grants-to-support-urban-agriculture-and-tackle-food-insecurity/
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၉) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန