စိန်တလုံးသရက် ဈေးကောင်း၊ (၁၆) ကီလိုဂရမ်ခြင်း တစ်ခြင်းလျှင် ယွမ်ငွေ (၁၂၀)မှ (၁၈၀) အထိဈေးကောင်းရရှိ

  • Wed, 19 April 2023

စိန်တလုံးသရက် ဈေးကောင်း၊ (၁၆) ကီလိုဂရမ်ခြင်း တစ်ခြင်းလျှင် ယွမ်ငွေ (၁၂၀)မှ (၁၈၀) အထိဈေးကောင်းရရှိ


မြန်မာနိုင်ငံ၏ လူကြိုက်များလှသည့် စိန်တလုံးသရက် (၁၆)ကီလိုဂရမ်ခြင်း တစ်ခြင်း လျှင် ယွမ်ငွေ (၁၂၀-၁၈၀) ဈေးနှုန်းဖြင့် တရုတ်နိုင်ငံသို့ စတင်၍ တင်ပို့ခဲ့ကြောင်းကို မူဆယ်မြို့ရှိ သစ်သီးကုန်သည်ထံမှ သိခဲ့ရသည်။

လက်ရှိကာလ သရက်သီးဈေးကွက်၌ ဈေးနှုန်းရရှိမှုသည် အရည်အသွေးအပေါ် မူတည်နေပြီး သရက်ရာသီအစတွင် လက်ရှိဈေးနှုန်းသည် အလွန်ပင် ကောင်းမွန်နေခဲ့သည်။ ထို့အပြင် စိန်တလုံးသရက်ဈေးနှုန်းသည် ပြည်တွင်းဈေးကွက်တွင် စံချိန်တင်မြင့်တက်ခဲ့ကာ သရက်သီးလုံးရေ (၄၀-၅၅)လုံးခန့်ပါဝင်သော (၁၆)ကီလိုဂရမ်ခြင်း တစ်ခြင်းလျှင် ငွေကျပ် (၅၀,၀၀၀)နှုန်းအထိ ဈေးရရှိခဲ့သည်။

ယခုနှစ်တွင် အဖွင့်ဈေး ကောင်းမွန်ခဲ့ပြီး သရက်ဈေးနှုန်းသည် (၁၆) ကီလိုလျှင် (၅၀,၀၀၀)ကျပ်အထိ ရရှိမည်ဟုလည်း ခန့်မှန်းထားသည်။သရက်သီး (၁၆)ကီလိုဂရမ်ခြင်း တစ်ခြင်းလျှင် ယွမ်ငွေ  (၁၂၀ မှ ၁၈၀)အထိ  ဈေးရရှိနေပြီး ထုပ်ပိုးမှုပြုလုပ်ထားခြင်းမရှိသည့် သရက်သီးများကို ဈေးကောင်းပေး၍ ဝယ်ယူမည်မဟုတ်ကြောင်းကို မူဆယ်မြို့ သစ်သီး ကုန်စည်ဒိုင်ရှိ သစ်သီးကုန်သည်တစ်ဦးမှပြောခဲ့သည်။ ထို့ပြင် သစ်သီးကုန်သည်များမှ သရက် စိုက်ပျိုးသူများအား အရည်အသွေးအား ထိန်းပြီးထုတ်လုပ်ကြရန် တိုက်တွန်းထားပါသည်။

စိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုစရိတ်များ ကြီးမြင့်လာမှု၊ ဈေးကွက်၌ မျက်နှာပန်းမလှမှုများနှင့် နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ပြီးခဲ့သည့်နှစ်တွင် သွင်းအားစုများ ထည့်သွင်းအသုံးပြုမှုနည်းပါးခြင်းကြောင့် အရည်အသွေးနိမ့်ကျခဲ့ရုံသာမက ရိတ်သိမ်းချိန်လွန် ကာလတွင် ကြုံတွေ့ရသည့် ရောဂါများဖြစ်သော ပင်ခြေပုပ်ရောဂါနှင့် သီးလုံးနက်ပြောက် ရောဂါများလည်းဖြစ်ပွားခဲ့ပါသည်။

အချို့သော ကုန်သည်များအနေဖြင့် စိန်တလုံးသရက်၏ အရည်အသွေး ညံ့ဖျင်းမှု ကြောင့် စိုက်ပျိုးစရိတ်ကို အပြည့်အဝမကာမိကြပေ။
မြန်မာနိုင်ငံတွင် ဒေသမျိုးရင်းသရက်မျိုး (၂၀၀)ခန့်ရှိပြီး ထိုအထဲတွင် စိန်တလုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲနှင့် မချစ်စုမျိုးတို့ကို အများအားဖြင့်စိုက်ပျိုးကြကာ နိုင်ငံခြားဈေးကွက်တွင်မူ စိန်တလုံးမျိုးကို ပို၍ကြိုက်နှစ်သက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီးသည် သရက်စိုက်ပျိုးမှုဧက အများဆုံးဒေသဖြစ်ပြီး စိုက်ဧက ပေါင်း (၄၆,၀၀၀)ဧကခန့်ဖြင့် အများဆုံးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးသည် (၄၃,၀၀၀)ဧကဖြင့် ဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် သရက်စိုက်ပျိုးမှု ဧက(၂၉,၀၀၀) ရှိပါသည်။ သရက်စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ စာရင်းဇယားများအရ ကရင်ပြည်နယ်တွင် သရက်စိုက်ပျိုးမှုဧက(၂၄,၀၀၀)ကျော်၊ ရှမ်းပြည်နယ်တွင် သရက်စိုက်ပျိုးမှု ဧက(၂၀,၄၀၀)ကျော် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သရက်စိုက်ပျိုးမှု ဧက(၂၀,၀၀၀)ကျော် ရှိကြောင်းကို  (၁၂. ၄. ၂၀၂၃) ရက်နေ့ထုတ်  Global News Light of Myanmar သတင်း ဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။

Source    https://www.gnlm.com.mm/seintalone-mango-fetches-120-180-yuan-per-16-kg-basket/

တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၉) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒုတိယညွန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ