(၁) သီးထပ်စိုက်ပျိုးခြင်း ( Sequential Cropping )
တစ်နှစ်တာအတွင်း မြေတစ်ကွက်တွင် သီးနှံ(၂)မျိုး (သို့မဟုတ်) ထိုထက် ပိုသောသီးနှံများကိုသီးနှံတစ်ခုရိတ်သိမ်းပြီး နောက်သီးနှံတစ်ခုကို ထပ်မံစိုက်ပျိုးခြင်း ဖြစ်ပါသည်။သီးထပ်သင်္ကေတမှာ(-)ဖြစ်သည်။သီးထပ်စိုက်ပျိုးခြင်းတွင်နှစ်သီးစားစိုက်ပျိုးခြင်း၊(Double Cropping)၊သုံးသီးစားစိုက်ပျိုးခြင်း(Triple Cropping) ဟူ၍ခွဲခြားနိုင်ပါသည်။
ဥပမာ - သုံးသီးစိုက်သီးနှံပုံစံ မိုးစပါး - ကုလားပဲ - နွေစပါး
မိုးစပါး - မြေပဲ - နွေနှမ်း
နှစ်သီးစိုက်သီးနှံပုံစံ မိုးစပါး - ချည်မျှင်ရှည်ဝါ
မိုးစပါး - နေကြာ
မိုးစပါး - မြေပဲ
(၂) သီးညှပ်စိုက်ပျိုးခြင်း ( Inter Cropping )
နှစ်သီး/နှစ်သီးထက်ပိုသောသီးနှံများကိုမြေတစ်ကွက်အတွင်းတစ်ချိန်တည်းအတူတကွစိုက်ပျိုးခြင်းကိုဆိုလိုပါသည်။သီးညှပ်စိုက်ပျိုးခြင်းတွင် RowInterCropping(အတန်းလိုက်သီးညှပ်စိုက်ခြင်း) နှင့် Mixed-Inter Cropping(သီးရောစိုက်ပျိုးခြင်း) ဟူ၍ နှစ်မျိုးတွေ့ရှိနိုင်ပါသည်။
သီးညှပ်အတွက်သင်္ကေတမှာ ( + ) ဖြစ်သည်။
ဥပမာ - ပဲစဉ်းငုံ + ပဲတီစိမ်း
(၃) သီးကြိုစိုက်ပျိုးခြင်း ( Relayed Cropping )
နှစ်သီး/နှစ်သီးထက်ပိုသောသီးနှံများကိုပထမသီးနှံပန်းပွင့်ချိန်နှင့်မရိတ်သိမ်းမီကြားအချိန်တစ်ချိန်ချိန်တွင်ဒုတိယသီးနှံကိုဆက်လက်စိုက်ပျိုးသောစနစ်ဖြစ်ပါ သည်။စပါးအပြီးသီးထပ်သီးနှံအတွက်အစိုဓါတ်နှင့်ရေလုံလောက်စွာရရှိနိုင်ရန်အတွက်ရည်ရွယ်၍စိုက်ပျိုးသောသီးနှံပုံစံဖြစ်ပါသည်။သီးကြိုစိုက်ပျိုးခြင်းအတွက်သင်္ကေတမှာ ( / ) ဖြစ်သည်။
ဥပမာ - စပါးအပြီး ရေလိုက် ကုလားပဲ စိုက်ခြင်းကို စပါး / ကုလားပဲ ဖြင့် ရေးသားဖော်ပြပါသည်။
(၄) တစ်မျိုးတည်းဆက်တိုက်စိုက်ပျိုးခြင်း ( Mono Cropping )
တစ်နှစ်အတွင်းမြေတစ်ကွက်တွင် သီးနှံတစ်မျိုးတည်းကိုသာဆက်တိုက် စိုက်ပျိုးခြင်းဖြစ်သည်။
ဥပမာ - စပါး - စပါး - စပါး
ပဲ - ပဲ - ပဲ
(၅) သီးသန့်စိုက်ပျိုးခြင်း (Sole Cropping)
သီးနှံတစ်မျိုးကိုအခြားသီးနှံနှင့်ရောနှောခြင်းမပြုဘဲသီးခြားစိုက်ပျိုးခြင်းကိုခေါ်ပါသည်။အခြားတနည်းအားဖြင့်တစ်နှစ်အတွင်းတစ်သီးသာစိုက်ပျိုးပြီးကျန်အချိန်တွင်မြေကိုလှပ်ထားခြင်း ဖြစ်ပါသည်။
ဥပမာ- စပါး - မြေလှပ်
(၆)အကန့်လိုက်စိုက်ပျိုးခြင်း( Strip or Alley Cropping )
သီးနှံ(၂)မျိုး/(၂)မျိုးထက်ပိုသောသီးနှံကိုလုံလောက်သောအကျယ်အဝန်းဖြင့်သီးခြားလွတ်လပ်စွာအကန့်လိုက်အတိုင်းစိုက်ပျိုးထားခြင်းဖြစ်ပါသည်။(တောင်ကုန်း၊ တောင်စောင်းများတွင်ကွန်တိုအကန့်များတွင်သီးနှံတစ်မျိုးစီကို စိုက်ပျိုးထားခြင်း )
သင်္ကေတအားဖြင့် (// )ဖြင့်ဖော်ပြထားပါသည်။
ဥပမာ - ယာစပါး( //) ပြောင်းဖူး
(၇) သီးလှည့်စိုက်ပျိုးခြင်း ( Crop Rotation )
မြေတစ်ခုတွင်သီးနှံများကိုလှည့်၍စိုက်ပျိုးသွားခြင်းကိုခေါ်ပါသည်။သီးလှည့်စိုက်ပျိုးခြင်း၏ရည်ရွယ်ချက်မှာပိုးမွှားကာကွယ်ရန်၊မြေဆီတက်စေရန်နှင့်မြေဆီတိုက်စားမှုကာကွယ်ရန်အတွက်သီးနှံများကိုလှည့်၍ပြောင်းလဲစိုက်ပျိုးခြင်းဖြစ်ပါသည်။သီးလှည့်စိုက်ပျိုးခြင်းမှာနှစ်အတွင်းသီးလှည့်စိုက်ပျိုးခြင်းနှင့်နှစ်အ လိုက်သီးလှည့်စိုက်ပျိုးခြင်းများရှိပါသည်။နှစ်အတွင်းသီးလှည့်စိုက်ပျိုးခြင်းမှာတစ်နှစ်အတွင်းမြေကွက်တစ်ခုတွင်သီးနှံတစ်မျိုးပြီးတစ်မျိုးလှည့်၍စိုက်ပျိုးခြင်းဖြစ်ပါသည်။
ဥပမာ - ၂၀၁၀ ခုနှစ်အတွင်း စပါး - ကုလားပဲ - နွေနှမ်း
နှစ်အလိုက်သီးလှည့်စိုက်ပျိုးခြင်းမှာ မြေကွက်တစ်ခုတွင်တစ်နှစ်အတွင်း သီးနှံ (၁) မျိုးတည်းကိုသာ စိုက်ပျိုးပြီး နောက်နှစ်မှသာ သီးလှည့်စိုက်ပျိုးခြင်း ဖြစ်ပါသည်။
ဥပမာ - ၂၀၁၀ ခုနှစ်တွင် စပါး - မြေလှပ်
၂၀၁၁ ခုနှစ်တွင် မြေပဲ - မြေပဲ
(၈) သီးနှံစုံစိုက်ပျိုးခြင်း ( Multiple Cropping )
တစ်နှစ်အတွင်းမြေတစ်ကွက်တွင်တစ်ရာသီတည်း၌သီးနှံတစ်မျိုးထက်မကစိုက်ပျိုးခြင်းကိုဆိုလိုပါသည်။ဤအယူအဆအရနေရာနှင့်အချိန်ကိုအစီအစဉ်အမျိုးမျိုးနှင့်ထား၍စိုက်ပျိုးသည့်သီးနှံပုံစံအမျိုးမျိုးကိုတွေ့ရှိနိုင်ပါသည်။
ဥပမာ - ဟင်းသီး/ရွက်မျိုးစုံ (ချဉ်ပေါင်၊ရုံးပတီ၊ခရမ်း၊နံနံပင်) ငရုတ်၊ ပန်းဂေါ်ဖီ၊ နေကြာ၊ ခရမ်းချဉ်