ပီလောပီနံ (Cassava)
- ကမ္ဘာပေါ်တွင်လူတို့အာဟာရအတွက်အဓိကစားသုံးသောသီးနှံ(၄)မျိုးမှာဆန်၊ ဂျုံ၊ ပြောင်းနှင့်ပီလောပီနံတို့ဖြစ်ရာအရေးပါသောသီးနှံတစ်မျိုးဖြစ်ပါ သည်။
- စိုက်ပျိုးရလွယ်ကူ၍ ဝင်ငွေရသီးနှံတစ်မျိုးဖြစ်ပြီး ပီလောပီနံစိုက်ပျိုးပြီးသည်နှင့်တစ်ပြိုင်နက် သက်တမ်းတိုဟင်းသီးဟင်းရွက်၊ ပြောင်း၊ နေကြာတို့ကို ကြားသီးနှံအဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်၍ ဝင်ငွေနှစ်ခုရရှိနိုင်ပါသည်။
- ဘောင်ထပ်ပြီးချိန်တွင်ဘောင်ပေါ်တွင်ပဲကြဲ၍စိုက်ပျိုးထုတ်လုပ်လျှင်မြေအစိုဓါတ်ထိမ်းခြင်းနှင့်မြေဩဇာကောင်းမွန်ခြင်းအကျိုးကျေးဇူးရရှိနိုင်ပါသည်။
- ရိတ်သိမ်းချိန်အား ဈေးကွက်ပေါ်မူတည်၍ အနည်းငယ်ပြောင်းလဲနိုင်သကဲ့သို့ကုန်ချောများအားတစ်နှစ်ပတ်လုံး သိုလှောင်ထားရှိနိုင်ပါသည်။
- ရောဂါနှင့်ပိုးမွှားဒဏ်ကိုအသင့်အတင့်ခံနိုင်၍ ဓါတုဆေးဝါးသုံးစွဲမှုအနည်းသာရှိသောကြောင့်ဓါတ်ကြွင်းအာနိသင်နည်းပြီး စိုက်ပျိုးသူလုပ်သားများ၊ စားသုံးသူနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးပါသည်။
အရည်အသွေးကောင်းမျိုး၏လက္ခဏာများ
- ပင်စည်အဆစ်စိပ်ခြင်း
- ဥမြစ်ဖြစ်ထွန်းချိန်စောခြင်း
- ရောဂါဒဏ်ခံနိုင်ခြင်း
- အမျှင်ဓါတ်ပါဝင်မှုနည်းခြင်း
- ကုန်ချောအထွက်ကောင်းခြင်းတို့ဖြစ်ပါသည်။
စိုက်ပျိုးနည်းစနစ်
- ပီလောပီနံကိုမိရိုးဖလာမြေပုံစနစ်ဖြင့်စိုက်ပျိုးခဲ့သော်လည်းယခုအခါတွင်စိုက်ဘောင်စနစ်ဖြင့်ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်လျှက်ရှိပါသည်။
- အမြင့်(၂)ပေ၊အကျယ်(၃)ပေစိုက်ဘောင်များပြုလုပ်၍မြေခံအဖြစ်ကြက်ချေးထည့်သွင်းပြီး(၆-၈)လက်မအရွယ်မျိုးကိုင်းလေးများကို(၄၅)ဒီဂရီစောင်းလျှက်တစ်ပင်နှင့်တစ်ပင်(၃)ပေခြားပြီး(၂)တန်းသွား မျက်စောင်းထိုးအနေအထားဖြင့် စိုက်ပျိုးနိုင်ပါသည်။
- စိုက်ပျိုးရာတွင်ခုတ်ပြီးသားမျိုးကိုင်းများအား(၂၄)နာရီအတွင်းစိုက်ပျိုးရမည်ဖြစ်ပြီးမြေတွင်းသို့သုံးပုံနှစ်ပုံဝင်အောင် စိုက်ပျိုးရပါမည်။
- ဥမြစ်စတင်ချိန်တွင်ပေါင်းရှင်း၊အစာကျွေး၊ဘောင်ထပ်ခြင်းပြုလုပ်ရပါမည်။
- တစ်ပင်လျှင်အကောင်းဆုံးကိုင်းနှစ်ကိုင်းသာချန်၍ကျန်ကိုင်းတက်များအားဖဲ့ထုတ်ပစ်ရပါမည်။
- ဥများကို(၈)လမှစတင်၍တူးဖော်နိုင်ပြီး(၁၅)လကျော်မှတူးဖော်လျှင်ကုန်ချောအထွက်နှုန်းကျဆင်းနိုင်ပါသည်။
- မျိုးကိုင်းအဖြစ်ထုတ်လုပ်မည်ဆိုလျှင်(၁၀)လကျော်မှထုတ်လုပ်နိုင်ပြီး(၁၅)လကျော်မှထုတ်လုပ်လျှင်မှုအပင်ပေါက်ရာခိုင်နှုန်းကျဆင်းနိုင်ပါသည်။
ပီလောပီနံမှထွက်ကုန်ပစ္စည်းများ
- လူသုံးကုန်ပစ္စည်းများအဖြစ် စက္ကူ၊ ချည်မျှင်၊ ကတ္ထူစက္ကူပုံး၊ မီးသွေး၊ ကော်၊ တိတ် တို့ဖြစ်ပါသည်။
- စားသောက်ကုန်ပစ္စည်းများအဖြစ် အချိုမှုန့်၊ နို့မှုန့်၊ ကော်မှုန့်၊ ခေါက်ဆွဲ၊ ကြာဇံ၊ မုန့်အမျိုးမျိုးတို့ဖြစ်ပါသည်။
- အဖျော်ယမကာအဖြစ် အရက်၊ ဘီယာနှင့် အချိုရည်မျိုးစုံ တို့ဖြစ်ပါသည်။
- ဇီဝလောင်စာ (Biodiesel)
- အလှကုန်ပစ္စည်းများ
- အိမ်သုံးဆေးဝါးများ၊ တိရစ္ဆာန်အစားအစာများတို့ဖြစ်ပါသည်။