(က) ဝါပင်ကြီးထွားဖွံ့ဖြိုးရန် အခြေခံလိုအပ်ချက်များ
မြေ
နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ သဲစနယ်မြေ၊ စနယ်မြေစေး၊ မြေချဉ်ငန်ဓာတ် ၆.၀ မှ ၆.၅ ရှိရမည်။ ဆား၊ ဆပ်ပြာ၊ ယမ်းစိမ်း မပေါက်သောမြေဖြစ်ရမည်။
အပူချိန်
မျိုးစေ့အပင်ပေါက်ရန်မြေအနက်(၄)လက်မတွင်အနည်းဆုံးအပူချိန်(၁၆)ဒီဂရီစင်တီဂရိတ်လိုအပ်သည်။သီးပွင့်အင်္ဂါကြီးထွားဖွံ့ဖြိုးရန်နေ့ညပျမ်းမျှအပူချိန်(၂၅-၃၀)ဒီဂရီစင်တီဂရိတ်ရှိရမည်။အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်ထက်ကျော်ပါကဝါပင်ဖြစ်ထွန်းမှုထိခိုက်ခြင်း၊မျိုးကူးစပ်မှုမအောင်မြင်ဘဲအပွင့်နှင့်သီးကင်းများကြွေကျခြင်းတို့ဖြစ်စေသည်။
အလင်းရောင်
အကောင်းဆုံးနေ့တာမှာ ၈-၁၂ နာရီ ဖြစ်ပါသည်။ မိုးရာသီတွင် မိုးအုံ့၍ အလင်းရောင်ရရှိမှုနည်းလျှင် အပိန့်၊ သီးကင်းများကြွေကျတတ်သည်။
အစိုဓာတ်
အသင့်တော်ဆုံးအစိုဓာတ်မှာမြေအစိုဓာတ်ထိန်းစွမ်းအား(Field Capacity)၏၆၀-၇၀%ဖြစ်သည်။ပန်းမပွင့်မီ၆၅%၊ပန်းပွင့်ဖြိုင်ချိန် ၇၀% ၊ဝါသီးကွဲချိန် ၆၀% လိုအပ်သည်။
မိုးရွာသွန်းမှု
နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၂၀-၄၀ လက်မအတွင်းရရှိသောဒေသ၌ စိုက်ပျိုးနိုင်ပါသည်။ အသင့်တော်ဆုံးဒေသမှာ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၃၅ - ၄၅ လက်မအတွင်း ရွာသွန်းသောဒေသများ ဖြစ်သည်။ဝါသီးကွဲချိန်တွင်လေထုစိုထိုင်းဆ၆၅%အောက်ရှိသင့်သည်။
(ခ) ဝါသီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးနည်းအဆင့်ဆင့်
(၁) မျိုးကောင်းမျိုးသန့်အသုံးပြုခြင်း
မျိုးရိုးဗီဇကောင်းမွန်သောဝါမျိုးဖြစ်သည့်(ငွေချည်-၆)ချည်မျှင်ရှည်ဝါကဲ့သို့သောဝါမျိုးများအသုံးပြုစိုက်ပျိုးခြင်းသည်ဝါအထွက်နှုန်းအပေါ်(၅၀-၆၀%)အကျိုးသက်ရောက်မှုရှိစေပါသည်။စိုက်ပျိုးရေးဦးစီးဌာနမှ ရောင်းချသော ငွေချည်-၆၊ ရွှေတောင်-၈၊ ငွေချည်-၉၊ ရွှေတောင်-၁၀ နှင့် ငွေချည်-၁၁ မျိုးသန့်ဝါစေ့များကိုအသုံးပြုစိုက်ပျိုးပါ။
(၂) ထယ်ရေးနက်နက်နှင့် ညက်ညက်ပြုလုပ်ခြင်း
အမြစ်ကောင်းစွာကြီးထွားပြီးဝါပင်ဖြစ်ထွန်းမှုကောင်းမွန်စေရန်အတွက်ထယ်ရေးကောင်းရရှိရေးဆောင်ရွက်ရပါသည်။ဝါစိုက်ထယ်ရေးအဖြစ်ထယ်၂စပ်ထိုးပြီးစက်ထွန်၂စပ်(သို့)နွားထွန်(၄-၆)စပ်ထွန်မွှေပေးပါ။မြေကိုစနစ်တကျထွန်ယက်စိုက်ပျိုးခြင်းဖြင့်မြေတွင်းအစိုဓာတ်ကောင်းစွာထိန်းနိုင်ခြင်း၊မြေတွင်းလေဝင်လေထွက်ကောင်းမွန်ခြင်း၊အကျိုးပြုပိုး(Microbe)များလှုပ်ရှားနိုင်၍အပင်အတွက်အာဟာရကောင်းစွာရရှိနိုင်ခြင်း၊ပေါင်းမြက်များကိုသေစေနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိပါသည်။
(၃) စိုက်ချိန်မှန်ကန်စေခြင်း
ချည်မျှင်ရှည်ဝါကို မိုးကြို၊ မိုး၊ မိုးနှောင်းရာသီများတွင်စိုက်ပျိုးနိုင်ပါသည်။ရာသီအလိုက်စိုက်ချိန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
မိုးကြိုရာသီ - ဖေဖော်ဝါရီလလယ်မှမတ်လလယ်အတွင်း
မိုးရာသီ - မေလလယ်မှဇွန်လကုန်အတွင်း
မိုးနှောင်းရာသီ - ဇူလိုင်လလယ်မှသြဂုတ်လလယ်အတွင်း
(၄) တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီအောင်ဆောင်ရွက်ခြင်း
ဝါစိုက်မြေအမျိုးအစားအလိုက်၊ စိုက်စနစ်အလိုက်၊ တစ်ဧကသတ်မှတ် အပင်ဦးရေမှာ -
ဝါကောက်ချိန်တွင် သတ်မှတ်အပင်ဦးရေ၏ ၈၅% မှ ဝါကောက်သိမ်းနိုင်ရေးအတွက်ဝါပင်များအသေအပျောက်မရှိရေးကိုအလေးထားစီစဉ်ဆောင်ရွက်ရပါမည်။
(၅) သဘာဝမြေသြဇာ အသုံးပြုခြင်းနှင့် ဓာတ်မြေသြဇာအား အချိုးကျ သုံးစွဲခြင်း
တစ်ဧကလျှင် နွားချေးလှည်း ၁၀ စီး နှင့် ကွန်ပေါင်းမြေသြဇာ ၁ အိတ်ကို မြေခံထည့်သွင်းပါ။
အပိန့်ဝင်ချိန်တွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီယား အိတ်ဝက် ရောပြီး အပင်ခြေမှ ၆ လက်မ အကွာတွင်ထည့်သွင်းပါ။
ပန်းပွင့်ချိန်တွင် ကျန်သော ကွန်ပေါင်းအိတ်ဝက် နှင့် ယူရီးယား အိတ်ဝက်ရောပြီး အပင်ခြေမှ ၈ လက်မ အကွာတွင်ထည့်သွင်းပါ။
(၆) အပင်သားခွဲခြင်း
ရွက်စစ်(၃-၄)ရွက်ထွက်ချိန်၊စိုက်ပြီး(၁၈-၂၁)ရက်အတွင်းစိုက်ကျင်း(၁)ကျင်းလျှင်(၂)ပင်ချန်လျက်သားခွဲပါ။အချိန်မီသားခွဲခြင်းကြောင့်ရရှိသောအကျိုးကျေးဇူးများမှာအပင်ပုံမှန်ဖြစ်ထွန်းခြင်း၊သီးကိုင်းများပုံမှန်ကြီးထွားခြင်း၊အပင်ကြီးထွားမှုအဆင့်အလိုက်ဖြစ်ထွန်းခြင်း၊ဂွမ်း၊ဝါစေ့အရည်အသွေးကောင်းမွန်ခြင်း၊အထွက်နှုန်းတိုးစေခြင်းစသည့်အကျိုးကျေးဇူးများရရှိပါသည်။
(၇) ပေါင်းမြက်နှိမ်နင်းခြင်း၊ ခါးဆွကြားထွန်ဝင်ခြင်း
အပင်ငယ်စဉ်မြစ်စဉ်ထုအားကြီးထွားမှုမြန်ပြီးအပင်ပိုင်းကြီးထွားမှုနှေးသဖြင့်ဝါပင်သက်တမ်း(၂)လအတွင်းပေါင်းမြက်မအုပ်မိစေရန်အတွက်ငယ်ပေါင်းနှိမ်နင်းရန်အထူးလိုအပ်သည်။နောက်ပိုင်းကြားထွန်ဝင်ခြင်းကို(၁၅)ရက်တစ်ကြိမ်(သို့)ရေသွင်းပြီး၊မိုးရွာပြီးချိန်တွင်သော်လည်းကောင်း၊ပေါင်းမြက်ထလျှင်သော်လည်းကောင်းဆောင်ရွက်ရမည်။
(၈) အစိုဓာတ်ထိန်းသိမ်းရန် ဆောင်ရွက်ခြင်း၊ ရေပေးသွင်းခြင်းနှင့် ရေထုတ်ခြင်း
ရေပေးသွင်းခြင်းကိုဝါစိုက်ရာသီအလိုက်၊အစိုဓာတ်လိုအပ်ချက်အလိုက်မိုးကြိုရာသီတွင်စိုက်ရေ(၁)ကြိမ်၊အပင်ဖြစ်ရေ(၄-၅)ကြိမ်သွင်းပေးရမည်။မိုးနှောင်းရာသီတွင် ဖြည့်စွက်ရေ(၂-၃)ကြိမ်သွင်းပေးရမည်။အပင်ကြီးထွားဖြစ်ထွန်းချိန်ကာလအတွင်းမိုးများ၍ရေဝပ်နေလျှင်ရေထုတ်ပေးရန်လိုအပ်ပါသည်။အထူးသဖြင့်အပင်ငယ်စဉ်တွင် ရေမဝပ်စေရန်၊ ရေပို၊ ရေလျှံများအမြန်ဆုံးထုတ်ပေးရမည်။(၈)အစိုဓာတ်ထိန်းသိမ်းရန်ဆောင်ရွက်ခြင်း၊ရေပေးသွင်းခြင်းနှင့် ရေထုတ်ခြင်း -
(၉) ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း
ဝါပင်သက်တမ်းတစ်လျှောက်အတွင်းပိုးမွှားရောဂါကျရောက်ပြီးအထွက်နှုန်းထိခိုက်လျော့နည်းမှုမရှိစေရန်အတွက်ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းစနစ်(Integrated Pest and Disease Management) ဖြင့်ဆောင်ရွက်ပါ။
(၁၀) စနစ်တကျဝါကောက်သိမ်းခြင်း
အရည်အသွေးကောင်းဝါရရှိရန်နှင့်သိုလှောင်ရာတွင်မပျက်စီးစေရန်အတွက်ကောင်းစွာခြောက်သွေ့သောဝါပေါက်များကိုကောက်သိမ်းပြီး၊နေလှန်းခြင်း(၁-၂)ရက်ခန့်ဆောင်ရွက်ပြီးမှသိုလှောင်သိမ်းဆည်းပါ။ဝါပင်၏လက်ရင်းသီးနှင့်လက်လယ်သီးများသည်ဝါစေ့နှင့်ဂွမ်းမွေးအရည်အသွေးပိုမိုကောင်းမွန်သောကြောင့်သီးခြားခွဲ၍ကောက်ယူသိုလှောင်ရောင်းချသင့်ပါသည်။