အသုံးဝင်ပုံနှင့်အကျိုးကျေးဇူးများ
နိုင်ငံတကာတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် အော်ဂဲနစ် သီးနှံများ ထုတ်ပိုးရန်အတွက် ချဉ်ပေါင်လျှော်ဖြင့် ပြုလုပ်သည့် အသုံးအဆောင်ပစ္စည်းများကို ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။ ချဉ်ပေါင်လျှော်၏ အသုံးဝင်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) လေဝင်လေထွက်ကောင်းမွန်ပြီး စိုထိုင်းမှု ဖယ်ရှားနိုင်စေရန်အတွက် မွေ့ရာများ၊ ပရိဘောဂများ၊ ကားထိုင်ခုံများတွင် အပူစုပ်သည့် ပလတ်စတစ်ရေမြုပ်အစား အသုံးပြုခြင်း၊ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံများတွင် Glass Fibre အစား ပြောင်းလဲအသုံးပြုလာခြင်း၊ Recycle ခေါ် အကြိမ်များစွာ အသုံးချရန်အတွက် Mats ခေါ် ကားအမိုးပြားများ ပြုလုပ်ခြင်း၊
(၂) ချဉ်ပေါင်လျှော်နှင့် ပလတ်စတစ်အလေအလွင့်များ ရောစပ်ပြီး မော်တော်ယာဉ် အတွင်းပိုင်းအစိတ်အပိုင်းများ ပြုလုပ်ခြင်း၊ ကားထိုင်ခုံများတွင် အပူစုပ်သည့် ပလတ်စတစ်ရေမြုပ်အစာ အသုံးပြုခြင်း၊
(၃) အပေါ်ယံမြေဆီလွှာ တိုက်စားပြုန်းတီးခြင်း(Soil erosion)ကို ကာကွယ်ပေးရန် (Geotextile) ထုတ်လုပ်အသုံးပြုခြင်း၊
(၄) ဆီနှင့် ဓါတုဗေဒဖိတ်စင်မှုအတွက် သန့်စင်ပစ္စည်း ထုတ်လုပ်အသုံးပြုခြင်း၊
(၅) ငွေစက္ကူများ (Currency Notes)ပြုလုပ်ရာတွင် ချဉ်ပေါင်လျှော်သည် ခိုင်ခံ့မှု အားကောင်း၍ အရောင်ပြောင်းလဲမှု မရှိခြင်း၊
(၆) အဆောက်အဉီများတွင် သစ်သားအထပ်သားအစား လျှော်အထပ်သားများ ပြုလုပ်ခြင်း၊ ပလပ်စတစ်အလေအလွင့်များနှင့် လျှော်ကို ရောစပ်၍ ကြမ်းခင်း ကြွေပြား၊ အမိုးပြားများ ပြုလုပ်ခြင်း၊ ပရိဘောဂပစ္စည်းများ ပြုလုပ်ခြင်း၊ ခိုင်ခန့်ပေါ့ပါးသည့်အသုံးအဆောင်များအဖြစ် အသုံးပြုခြင်းဖြင့် အစိုဓါတ် စုပ်ယူမှုအားကောင်းသဖြင့် အခန်းတွင်း မှိုတက်ခြင်း၊ ဘက်တီးရီးယား များခြင်း သက်သာစေခြင်း၊
(၇) ချဉ်ပေါင်လျှော်ပျော့ဖတ်သည် သတင်းစာစက္ကူ ထုတ်လုပ်ရာတွင် အကောင်းဆုံး ကုန်ကြမ်းဖြစ်၍ သစ်သားပျော့ဖတ်ထက် ကုန်ကျစရိတ် သက်သာခြင်း၊ သစ်သားပျော့ဖတ်နေရာတွင် အစားထိုးအသုံးပြုနိုင်သောကြောင့် သစ်တော ပြုန်းတီးမှု (Deforestation)ကို လျော့နည်းစေနိုင်သည်။ ချဉ်ပေါင်လျှော်တွင် Lignin ပါဝင်မှု နည်းပါးသဖြင့် ပျော့ဖတ် ထုတ်လုပ်ရာတွင် Chemical အသုံးပြုမှု နည်းပါးခြင်း၊
(၈) တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်း (သက်တမ်း ၄ပါတ်သား) ချဉ်ပေါင် လျှော်ထိပ်များကို ခုတ်သိမ်းအခြောက်ခံအမှုန့်ကြိတ်၍ Pelletising Mechine ဖြင့် အစာတောင့်များထုတ်လုပ်၍ Synthetic Animal အစားအစာများနှင့် နှိုင်းယှဉ်ကျွေးမွေးခဲ့ရာ ခွာနာ၊ လျှာနာ ရောဂါကင်းစင်ကြောင်းကို မလေးရှား နိုင်ငံ (MARDI)၏ Food and Industrial Crop Research Center မှ စမ်းသပ် အောင်မြင်ခဲ့ပြီး ချဉ်ပေါင်လျှော်သက်တမ်း (၆)လအထိ (၄)ကြိမ် ခုတ်ယူ သုံးစွဲ နိုင်ခြင်း၊
(၉) ချဉ်ပေါင်လျှော်ဖြင့် တန်ဖိုးမြှင့် လက်မှုပစ္စည်းများလည်း ထုတ်လုပ်နိုင်ပါသည်။ တန်ဖိုးမြှင့် လက်မှုပစ္စည်းများမှာ လက်ကိုင်အိတ် အမျိုးမျိုး၊ ရေနွေးပန်းကန် အောက်ခံပြားအရွယ်အစားအမျိုးမျိုး၊ ဖိနပ်၊ ဦးထုပ်၊ ခန်းစီးလိုက်ကာ စသည်တို့ ဖြစ်ပါသည်။
သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းမှု
သဘာဝလျှော်မျှင်များသည် လေထုအတွင်းရှိ ကာဗွန်ကို ရာခိုင်နှုန်းပြည့်ပျက်ပြယ်စေသည့်အာနိသင်ရှိပြီးစိုက်ပျိုးထုတ်လုပ်သည်မှ သုံးစွဲသည်အထိ လုပ်ငန်း အဆင့်ဆင့်သည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိပါသည်။ လျှော်မျှင်ထွက် အပင်များသည် လေထဲတွင် ကာဗွန်ဓါတ်ငွေ့များ ပျံ့နှံ့နေမှုကို ပျက်ပြားစေသည့်အပြင် ပြန်လည် အသုံးပြုနိုင်သည့် အရင်းအမြစ်ကောင်း တစ်ခု ဖြစ်ပါသည်။ လုပ်ကွက်ငယ်တောင်သူများက မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးထုတ်လုပ်ရာတွင် လုပ်သားအင်အား သုံးစွဲခြင်း၊ စွန့်ပစ်ပစ္စည်းများကိုပြန်လည်အသုံးပြုနိုင်သည့်အတွက် သဘာဝလျှော်မျှင်၏ သံသရာအဆုံးသည် ဂေဟစနစ်ကို ထိခိုက်မှု မရှိပေ။ Polyproylene အသုံးအဆောင်များ ထုတ်လုပ်သည့်အခါလေထုထဲသို့ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များထုတ်လွှတ်သည့်အတွက်ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေပါသည်။လျှော်တစ်ဧကစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လေထုထဲမှ CO2 (၅တန်)ကို ထုတ်လုပ်ပေးနိုင်စွမ်းရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ချဉ်ပေါင်လျှော်စိုက်ပျိုးရန်သင့်တော်သည့်ကိုင်းမြေဧရိယာသီးသန့်ရှိခြင်း၊ စိုက်ပျိုးနည်းပညာများလည်းအပြည့်အဝရှိခြင်း၊လျှော်စိုက်ဧကများပြန်လည်စိုက်ပျိုးစေရန်တိုင်း/ခရိုင်များကိုပြန်လည်ကွတ်ကဲ၍ရှေ့တန်းစခန်းများတွင်စိုက်ပျိုးရာသီနှင့်ဝယ်ယူရေးရာသီများတွင်ကျွမ်းကျင်ဝန်ထမ်းများဖြင့်ပညာပေးစည်းရုံးဝယ်ယူခြင်းကို ဧရိယာအလိုက် လျှော်ဝယ်ယူမည့် ပုဂ္ဂလိကဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ခြင်း၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ ရရှိစုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ တောင်သူများလက်ဝယ်သို့အလွယ်တကူရောက်ရှိစေခြင်းကိုဆောင်ရွက်ရန်လိုအပ်ပါသည်။လျှော်ဈေးကွက်ပေါ်မူတည်၍သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတက်အကျဖြစ်ပေါ်လာနိုင်သဖြင့်လျှော်ဈေးကွက်ခိုင်မာရေးအတွက်ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။