မြေပြုပြင်ခြင်း
စိုက်ပျိုးမည့်မြေကိုထယ်ရေးနက်နက်နှင့်ထွန်ရေးညက်ပြီး ပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ရပါမည်။စိုက်ပျိုးမြေ(၁)ဧကလျှင်မြေခံအဖြစ်နွားချေး လှည်း(၅-၁၀)စီးထည့်ပေးရသည်။လျှော်ပင်အမြစ်များသည် (၇-၈)လက်မအထိနက်နက်ဆင်းနိုင်သည်။
ဂုန်လျှော်/ချဉ်ပေါင်လျှော်စိုက်ပျိုးမြေပြုပြင်ခြင်း
စိုက်ပျိုးခြင်း
မိုးကြိုစိုက်ပျိုးခြင်းကိုမတ်လလယ်မှဧပြီလကုန်အတွင်း၊မိုးစိုက်စိုက်ပျိုးခြင်းကိုမေလအတွင်းအပြီးစိုက်ပျိုးရပါမည်။မိုးကြိုရေတင်စိုက်ပျိုးသည့်အခါနီးစပ်ရာမြစ်၊ချောင်း၊အင်းအိုင်မှရေကိုအကွက်အတွင်းသို့တင်သွင်းရာတွင်ပတ်ကြားကွဲအတွင်းစိမ့်ဝင်စေပြီးမြေမျက်နှာပြင်ပေါ်သို့အနည်းဆုံး(၆)လက်မခန့်ရောက်အောင်သွင်းပေးရန်လိုအပ်ပြီးသဲနုန်းမြေဖြစ်ပါကစနယ်မြေထက်ပိုသွင်းပေးရသည်။အထက်နှင့်အောက်အစိုဓါတ်ဆက်မိစေရန်သတိပြုရပါမည်။ရေသွင်းပြီးမြေကို(၃-၄)ရက်ခန့်တွင်ထွန်ယက်ရေးစတင်နိုင်သည်။အတန်းလိုက်စိုက်ပျိုးပါကတန်းကြား(၁၂)လက်မ၊ပင်ကြား(၃)လက်မ(သို့မဟုတ်)တန်းကြား(၉)လက်မ၊ပင်ကြား(၄)လက်မဖြင့်လည်းကောင်းကြဲပက်စိုက်ပျိုးပါကတစ်ပင်နှင့်တစ်ပင်(၆)လက်မခြား၍သားခွဲပြီးတစ်ဧကအပင်ဦးရေ(၁၅၀၀၀၀)မှ(၁၈၀၀၀၀)အတွင်းဝင်အောင်စိုက်ပျိုးရပြီးမျိုးကြဲပြီးလျင်ပြီးချင်းကြမ်းဖုန်း
ပေးရပါမည်။စိုက်ပျိုးပြီးနောက်မိုးမရွာမီအပင်လိုအပ်ချက်ကိုလိုက်၍(ခါးရေ)ထပ်မံသွင်းရပါမည်။ရေတင်စိုက်ပျိုးဒေသများသည်အများအားဖြင့်လယ်မြေတွင်သုံးသီး(လျှော်၊စပါး၊ပဲ)ကိုင်းမြေတွင်နှစ်သီး(လျှော်၊ကိုင်းသီးနှံ)များဖြစ်၍မိုးကြိုရေတင်စိုက်ပျိုးခြင်းကိုမတ်နှင့်ဧပြီလအတွင်းအပြီးစိုက်ရန်လိုအပ်သည်။မိုးစိုက်စိုက်ပျိုးသည့်ဒေသများသည်ကိုင်းသီးနှံကိုအခြေခံသဖြင့်မူလထယ်ရေးဟောင်းရှိပြီးဖြစ်၍အခြောက်ထယ်ရေးကိုသမန်းညက်အောင်ပြင်ဆင်၍အတန်းလိုက်စိုက်ပါသည်။မျိုးစေ့ချပြီးပြန်ဖုံးရာတွင်မိုးကိုချိန်ဆ၍မိုးဝေးပါကခပ်ဖိဖိအုပ်၍မိုးနီးပါကခပ်ပါးပါးအုပ်ပေးရပါမည်။အတန်းလိုက်စိုက်ခြင်းအားဖြင့်မျိုးစေ့ကုန် ကျမှုသက်သာစေသည်။ဓါတ်မြေဩဇာကုန်ကျမှုသက်သာစေပါသည်။လေဝင်လေထွက်ကောင်း၍အပင်သန်စွမ်းစေသည်။ပေါင်းလိုက်လက်ကြားခွဲရန်လွယ်ကူ၍ရိတ်သိမ်းရန်လွယ်ကူစေပါသည်။ပင်စည်လုံးပတ်ညီ ညာပြီးရေစိမ်ရာတွင်အနူးညီ၍လျှော်ခွာရာတွင်လေလွင့်မှုနည်းပါးသည်။
မျိုးစေ့နှုန်းထား
ဂုန်လျှော်သီးလုံးပုတစ်ဧကလျှင်သုံးစွဲရမည့်မျိုးစေ့နှုန်းထားမှာ(၂)ပြည်နှုန်း၊ဂုန်လျှော်သီးတောင့်ရှည်တစ်ဧကလျှင်(၁.၅)ပြည်နှုန်းသုံးစွဲရပါမည်။ချဉ်ပေါင်လျှော်တစ်ဧကလျှင်(၄)ပြည်နှုန်းသုံးစွဲရပါမည်။
မြေဩဇာထည့်သွင်းခြင်း
ဂုန်လျှော်/ချဉ်ပေါင်လျှော်တစ်ဧကလျှင်မြေခံအဖြစ်ယူရီးယား(၅၆)ပေါင်၊တီဆူပါ(၂၈)ပေါင်၊ပိုတက်ရှ်(၂၈)ပေါင်ထည့်သွင်းပေးရပါမည်။သဘာဝမြေဩဇာကိုနွားချေးလှည်း(၅-၁၀)စီးထည့်သွင်းပေးရပါမည်။သစ်စိမ်းမြေဩဇာအဖြစ်ပိုက်ဆံလျှော်ကိုအသုံးပြုကြပါသည်။မြန်မာနိုင်ငံရှိလျှော်သီးနှံစိုက်ပျိုးသောမြေအများစုသည်မြေအချဉ်ဓါတ်များသဖြင့် ထုံးထည့်သွင်းပေးခြင်းဖြင့်မြေချဉ်ငံဓာတ်pH ကိုမြင့်တက်စေသည်။
အပင်ပြုစုစောင့်ရှောက်ခြင်း
ဂုန်လျှော်/ချဉ်ပေါင်လျှော်တွင်ပေါင်းလိုက်လက်ကြားခွဲခြင်းကိုစိုက်ပျိုးပြီး(၁၅-၂၀)ရက်သားတွင်တစ်ကြိမ်၊(၃၀-၃၅)ရက်သားတွင်တစ်ကြိမ်အနည်းဆုံး(၂)ကြိမ်ပြုလုပ်ရမည်။ပေါင်းလိုက်လက်ကြားခွဲပြီးတိုင်းယူရီး ယားမြေဩဇာကျွေးပေးရပါမည်။အပင်(၂)လသားမှစ၍ဂုန်လျှော်အရွက်ထိစပ်သည့် လောင်းရိပ်ဖြင့်အုပ်မိုးထား၍ပေါင်းမြက်များမထနိုင်ပါ။