ခုတ်သိမ်းခြင်း
ဂုန်လျှော်/ချဉ်ပေါင်လျှော်ကိုစိုက်ပျိုးပြီး(၁၂၀-၁၃၅)ရက်သားရှိချိန်(သို့မဟုတ်)ပန်းမြိုင်မြိုင်ပွင့်ချိန်တွင်ခုတ်သိမ်းနိုင်ပြီးအပင်ခြေမှကပ်၍ခုတ်သိမ်းပါ။
လျှော်မျှင်ထုတ်လုပ်ရန်လုပ်ငန်းအဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
လျှော်စိမ်ခြင်း
ဖောင်ဖွဲ့ခြင်း
လျှော်ခွာခြင်း၊ လျှော်ဆေးခြင်း
လျှော်လှန်းခြင်း
လျှော်သိမ်းခြင်း
လျှော်စိမ်ခြင်း
ခုတ်သိမ်းပြီးလျှော်ပင်များကိုထွာဆိုင်စည်းများစည်းပါ။ရိတ်သိမ်းပြီးအရွက်ချွေရန်အရိုးပေါ်အရွက်များအုပ်၍(၃-၅)ရက်ထားပါ။အရွက်ကြွေ၍နောက်သီးနှံအတွက်မြေဩဇာရစေသည်။ရေစိမ်ကန်အတွင်းရေညစ်မှု၊တိမ်ကောမှုကာကွယ်ပေးသည်။ပင်စည်တွင်ရေဓါတ်လျော့သွားပြီးအသားညီကာအနူးမြန်စေသည်။အရွက်ချွေပြီးလျှော်စည်းများကိုရေစိမ်ကန်(၃-၄)လွှာထပ်၍စိမ်ပါ။လျှော်ဖောင်များကိုရေအောက်(၆)လက်မနစ်မြုစ်စေရန်ဗေဒါ၊ဒိုက်တို့ဖြင့်ဖုံးအုပ်၍တုံးဖိထားပါ။ငှက်ပျောတုံး၊အစေးထွက်သောတုံးများအသုံးမပြုရပါ။လျှော်စိမ်မည့်ရေကန်သည်အနည်းဆုံးအနက်(၄)ပေရှိသောရေကြည်ရေသန့်တွင်စိမ်ပါ။ဖြည်းညင်းစွာစီးဆင်းနေသောရေသည်အကောင်းဆုံးဖြစ်ပါသည်။ရေသေဖြစ်ပါက(၃)ကြိမ်ခန့်စိမ်ပြီးတိုင်းရေသစ်လဲလှယ်ပေးပါ။
ဖောင်ဖွဲ့ခြင်း
ရေစိမ်ကန်၊ရေစိမ်ရာနေရာ၏အကျယ်အဝန်းကိုလိုက်၍တောင်သူ၏ကျွမ်းကျင်မှု၊စီမံခန့်ခွဲမှုတို့ဖြင့်ဝါးဖောင်ထပ်နည်း၊လက်ခမောင်းခတ်နည်းတို့ကိုသုံးနိုင်သော်လည်းတစ်လွှာခြင်းဖောင်ဖွဲ့ရေစိမ်ခြင်းသည်အ ကောင်းဆုံးဖြစ်ပြီးနေရာအခက်အခဲရှိမှသာ(၂)လွှာ၊(၃)လွှာထပ်၍အပေါ်မှအစေးမထွက်သောတုံးများဖြင့်ဂုတ်ဖိထားပါ။လျှော်ဖောင်ကိုနေရောင်တိုက်ရိုက်မထိစေရန်နှင့်အောက်ဆုံးအလွှာကိုရွံ့နွံများဖြင့်မထိစေရန်ဂရုပြုပါ။
လျှော်ခွာခြင်း၊ လျှော်ဆေးခြင်း
လျှော်နူးမနူးစမ်းသပ်ရန်တောင်သူနည်းမှာအရင်းပိုင်းနူးမနူးလက်ဖြင့်စမ်းသပ်ခြင်းဖြစ်၍အပင်အသက်နှင့်ရေအပူချန်ပေါ်မူတည်၍ချဉ်ပေါင်လျှော်သည် (၁၀-၁၂)ရက်အတွင်းနူးသည်။စိမ်ပြီး(၁၀)ရက်ခန့်မှစ၍ လျှော်နူးမနူးနေ့စဉ်စမ်းသပ်ပြီး လျှော်နူးသည်နှင့်တပြိုင်နက်နေ့ချင်းပြီးခွာပါ။ရေစိမ်ရက်မလိုစေရန်နှင့်မလွန်စေရန်သတိပြုပါ။ခွာယူပြီးလျှော်များကိုကြာရှည်စွာစုပုံမထားပဲရေကြည်ရေသန့်တွင်ဆေးကြောသန့် စင်ပါ။အခေါက်အခွံနှင့်အမှိုက်သရိုက်များကင်းစင်အောင်ဆေးကြောပါ။အဝတ်လျှော်သကဲ့သို့ရိုက်နှက်ဆောင့်ဖွတ်ခြင်းမပြုရ။
လျှော်လှန်းခြင်း၊ လျှော်သိမ်းခြင်း
ဆေးကြောသန့်စင်ပြီးသောလျှော်များကိုတန်းတင်နေလှန်းပါ။မြေကြီးပေါ်ချ၍မလှန်းပါနှင့်။တစ်ဝက်တစ်ပျက်ခြောက်သွေ့သောလျှော်များကိုမိုးမထိအောင်ဂရုစိုက်ပါ။ကောင်းစွာမခြောက်သွေ့မီစည်းထုံး၊သိုလှောင်ခြင်းမပြုရ။လုံးဝခြောက်သွေ့ပြီးသောလျှော်များကိုစည်းထုံး၍အမိုးအကာအောက်သို့ သယ်ယူပါ။
လျှော်မျှင်အတန်းအစားသတ်မှတ်ချက်များ
အထူးတန်း
၁။ လျှော်မျှင်အထူး ခိုင်ခန့်ရမည်။
၂။ ၆ ပေ နှင့် အထက် ရှည်ရမည်။
၃။ လျှော်အရောင်ပြောင်လက်တောက်ပရမည်။
၄။ လျှော်ဖြူတွင်အဖြူရောင်တစ်သားတည်းနှင့်လျှော်နီတွင်ရွှေရောင်တစ်သားတည်းဖြစ်စေပြီးအရင်းပိုင်းတွင်အရောင်ရင့်ပါရှိနိုင်သည်။
၅။ လျှော်သား နူးညံ့ပျော့ပြောင်းရမည်။
၆။ လျှော်မျှင် လုံးဝမဖွာရ။
ပထမတန်း
၁။ လျှော်မျှင် ခိုင်ခံ့ရမည်။
၂။ ၅ပေ နှင့် အထက် ရှည်ရမည်။
၃။ လျှော်အရောင် တောက်ပရမည်။
၄။ လျှော်အရောင် အနည်းငယ်ရောပြွမ်းနိုင်သည်။
၅။ လျှော်သားပျော့ပြောင်းရမည်။သို့သော်အရင်းပိုင်းတွင်အနည်းငယ်မာကျောနိုင်သည်။
၆။ အခေါက်အခွံနှင့် ပိုးကိုက်မှဲ့စွန်းမပါရ။
ဒုတိယတန်း
၁။ လျှော်မျှင် ခိုင်ခံ့ခြင်း(သို့)သင့်တင့်ခြင်း ရှိရမည်။
၂။ ၃ ပေ နှင့် အထက် ရှည်ရမည်။
၃။ လျှော်အရောင် တောက်ပရမည်။
၄။ လျှော်အရောင် ရောပြွမ်းနိုင်သည်။
၅။ လျှော်သားအနည်းငယ် ကြမ်းတမ်းနိုင်သည်။သို့သော်ကြမ်းတမ်းမာကြောသည့်အခေါက်သက်သက်မဖြစ်စေရ။
၆။ ပိုးကိုက်မှဲ့စွန်း နှင့်အခေါက်အခွံ အနည်းငယ်ပါရှိနိုင်သည်။
တတိယတန်း
၁။ လျှော်မျှင် အသင့်အတင့် ခိုင်ခံ့ရမည်။
၂။ ပိုးကိုက်မှဲ့စွန်းနှင့်အခေါက်အခွံများပါရှိနိုင် သည်။
၃။ အမာချောင်းများ သက်သက်မဖြစ်စေရ။
မှတ်ချက်။ ခြောက်သွေ့သောလျှော်များကိုသာဝယ်ယူသည့်အတွက်လုံးဝခြောက်သွေ့ပြီးသောလျှော်များကိုစည်းထုံး၍အမိုးအကာအောက်တွင်သိမ်းဆည်းပါ။