အထူးအထွက်တိုးကြံစိုက်နည်းစနစ်

  • Thu, 30 June 2022

ကြံမျိုးရွေးချယ်ခြင်း။      

 ရေမြေဒေသနှင့်ကိုက်ညီပြီးပိုးမွှားရောဂါဒဏ်ခံနိုင်သောအထွက်ကောင်းမျိုးကိုရွေးချယ်စိုက်ပျိုးရပါမည်။အပင်သက်(၆- ၈)လခန့်ရှိသောမျိုးဖြစ်ကပို၍သင့်တော်ပါသည်။

မြေပြုပြင်ခြင်း။  

 ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ရရှိစေရန်ထယ်(၂) စပ်၊ ထွန်(၄)စပ်ဆောင်ရွက်ပေးရပါမည်။မြေပြုပြင်စဉ်တွင် မြေခံအဖြစ် နွားချေး(၁၀)စီးမှအစီး(၂၀)ခန့် ဖြန့်ထည့်ပြီးအစိုဓါတ်ဆုံးရှုံးမှုနည်းပါးစေရန်ကြမ်းတုံးအုပ်နှပ်ထားရပါမည်။

ကြံမျိုးခုတ်ပိုင်းခြင်း။

ပိုးမွှားရောဂါကင်းစင်သောကြံမျိုးချောင်းကိုသာအသုံးပြုပါ။ကြံဆစ်(၂)ဆစ်ကြားအလယ်တည့်တည့်နေရာတွင်ဓါးဖြင့်တစ်ချက်တည်းပြတ်အောင်ခုတ်ပိုင်းပါ။ကြံမျိုးချောင်းအဆစ်၏အစိပ်အကျဲနှင့်လုံးပတ်အကြီးအသေးပေါ်မူတည်၍(၂)ဆစ်ပိုင်း(သို့မဟုတ်)(၃)ဆစ်ပိုင်းပိုင်းဖြတ်ရပါမည်။

ကြံမျိုးပိုင်းစီရင်ခြင်း(ဆေးရည်စိမ်ခြင်း)။  

ကြံမျိုးပိုင်းများအားမှိုရောဂါကာကွယ်ရန် Topsin မှိုသတ်ဆေး(၁၀၀)ဂရမ်ကိုရေ(၂၂)ဂါလန်တွင်နာရီဝက်ခန့်(သို့မ ဟုတ်)ထုံး(၄)ပိဿာကိုရေ(၁၀၀)ဂါလန်တွင်(၂)နာရီခန့်စိမ်ပြီးစိုက်ပါ။

စိုက်မြောင်းဖော်ခြင်း။

တန်းကြားအဖြစ်(၃ပေခွဲမှ ၅ပေခွဲ)ခန့်အတွင်း ဒေသ အခြေအနေနှင့်စက်ကိရိယာအသုံးပြုနိုင်မှုအရစိုက်မြောင်းဖော်ပါ။စိုက်မြောင်အတွင်းပေါက်ပြားဖြင့်(၁)ပေခွဲခန့်အနက်ရရှိအောင်ထပ်မံမြောင်းဆွဲပါ။

မျိုးပိုင်းချစိုက်ပျိုးခြင်း။

ကြံမျိုးပိုင်းချရာတွင်ကြံမျက်စိများအားဘေးတစ်ဖက် တစ်ချက်ထား၍စိုက်ခြင်းဖြင့် အပင်ပေါက်ညီခြင်း၊စုံခြင်းတို့ဖြစ်စေပါသည်။ ကြံမျိုးပိုင်းအဖြစ် အပင်ပေါက်နှုန်းကောင်းသောအဖျားပိုင်းကိုသာ အသုံးပြုနိုင်ပါက အကောင်းဆုံး ဖြစ်ပါသည်။တစ်ဧကအတွက်(၂-၃) ဆစ်ပါကြံမျိုးပိုင်း မျက်လုံးဖူး(၂၅၀၀၀-၃၀၀၀၀)ပိုင်းဝင်အောင်စိုက်ပျိုးပါ။အစိုဓါတ်အနေတော်တွင်ကြံမျိုးပိုင်းများအားနဘေထပ်၍စိုက်ပျိုးပြီးစိုက်မြောင်းအတွင်းတွင် မြေအောင်းပိုးသတ်ဆေး နှင့်ဓါတ်မြေသြဇာများထည့်သွင်း၍ မြေပါးပါးဖုံးပါ။ မျိုးပိုင်းချပြီးပါက(၂-၄)လက်မခန့်မြေပြန်ဖုံးပေးရပါမည်။

မြေသြဇာသုံးစွဲနှုန်း။

နှုန်းထား(၂:၁:၁)ကိုအခြေခံပြီးမြေခံတွင်ယူရီးယား (၁) အိတ်၊တီစူပါ(၁)အိတ်၊ပိုတက်(၀.၅)အိတ်နှင့်ဘောင်လုံးချိန်တွင်ယူရီယား(၁)အိတ်၊ပိုတက်(၀.၅)အိတ်ကျွေးရမည်။အော်ဂဲနစ်မြေသြဇာနှင့်ရောစပ်ကျွေးကပိုမိုသင့်တော်ပါသည်။ကြံတစ်တန်လျှင်မြေဆီလွှာမှအာဟာရဓါတ်1.0 kg N, 0.6 kg P2O5နှင့် 2.25 kg K2O စုပ်ယူပါသည်။မြေဆီလွှာစစ်ဆေး၍မျှော်မှန်းအထွက်တန်အတွက်တွက်ချက်ထည့်သွင်းသင့်ပါသည်။

ကြံပင်ငယ်ပြုစုခြင်း

အရန်ပျိုးပင်များအား ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါ။မျိုးပိုင်းချစိုက်ပျိုးပြီး(၁)လခန့်အကြာ ကြံပင်ပေါက်တိုင်းတာစစ်ဆေး၍ပင်သေပင်ပျောက်နေရာများတွင်ပျိုးပင်ဖြင့်ဖာထေးစိုက်ပျိုးပါ။(သက်တူ/ရွယ်တူပျိုးပင်ဖြစ်ရပါမည်)စိုက်ပျိုးပြီး(၄)လသားအတွင်း ပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပါ။ကြံပင်ပွားထွက်ချိန် ကြံပင်သက်တမ်း(၆၀-၁၂၀)ရက်သားအတွင်း အစိုဓါတ် လုံလောက်အောင် သွင်းရေစီစဉ်၍ ယူရီးယားဓါတ်မြေသြဇာကို (၂-၃)ကြိမ် ခွဲထည့်၍ဘောင်လုံးပေးရပါမည်။ ကြံပင်ယိုင်လဲမှုမှ ကာကွယ်ရန် မိုးဦးကျ ကာလတွင်ဘောင်ကြီးလုံးခြင်းကိုမဖြစ်မနေဆောင်ရွက်ပေးရမည်။ကျရောက် တတ်သော မှိုရောဂါများ၊ ကြံပင်ထိုးပိုးများကျရောက်ပါကကာကွယ်နှိမ်နှင်းရမည်။ပိုးကျသောကြံခင်း၌ ကြံရွက်ခြောက်များမီးရှို့၍လမိုင်းမထားဘဲသီးလှည့်စိုက်ပျိုးပါ။လေဝင်လေထွက်ကောင်းပြီးပိုးမွှားခိုအောင်းခြင်းမရှိစေရန်ကြံပင်သက် တမ်းတစ်လျှောက်အောက်အရွက်များဝါခြောက်လာပါကကြံရွက်ချပေးပါ။ ကြံပင်ပေါ်တွင်အစိမ်းရောင်ကြံရွက်(၁၀)ရွက်မှ (၁၂)ရွက်ခန့် ကျန်ရှိရပါမည်။ 

ခုတ်သိမ်းခြင်း။

မီးဘေးကြိုတင်ကာကွယ်ရန်နှင့်လျင်မြန်စွာခုတ်သိမ်းနိုင်ရန်အတွက်ကြံမခုတ်သိမ်းမီ(၁)လခွဲ၊(၂) လအလို ကြံရွက်ချပါ။ မျိုးအတွက်ခုတ်သိမ်းမည် ဆိုပါက မျိုးအလိုက်သက်တမ်း(၈)လမှ (၉)လ သားတွင် ခုတ်သိမ်းရပါမည်။ ကြိတ်ဝါး ကြံအတွက် စက်ရုံမှကြံဝယ်ယူချိန်နှင့် ချိန်ကိုက်၍ နေ့စဉ်လိုအပ်သောပမာဏကိုသာ ခုတ်သိမ်းပါ။လမိုင်းထားမည်ဆိုပါကကြံပင်သက်တမ်း(၁၂)လထက်မကျော်လွန်ခင်ခုတ်သိမ်းပါ။စနစ်တကျလမိုင်းပြင်ပါ။ရင့်မှည့်ချိန်ထက်စော၍ခုတ်သိမ်းပါက(၁)ဧကလျှင်(၃)တန်မှ(၁၀)တန်လျော့နည်းနိုင်ပြီးရင့်မှည့်ချိန်ထက်နောက် ကျခုတ်သိမ်းပါက (၁) ဧကလျှင်(၀.၃၈)တန်မှ(၂.၈)တန်အထိအထွက်လျော့နိုင်ပါသည်။

အလေအလွင့်ထိန်းသိမ်းခြင်း။

အလေအလွင့်မရှိစေရန် ကြံပင်ခြေမြေကြီးနှင့်ကပ်၍ခုတ်သိမ်းပါ။ကောက်သင်းကောက်ခြင်းကိုမဖြစ်မနေဆောင်ရွက်ပေးပါ။သယ်ယူချိန်လေလွင့်ဆုံးရှုံးခြင်းမရှိစေရန်စနစ်တကျစည်းနှောင်၍ပို့ဆောင်ပါ။