မာလကာစိုက်ပျိုးနည်း
- Sun, 26 June 2022
မြန်မာအမည် - မာလကာ
အင်္ဂလိပ်အမည် - Guava
ရုက္ခဗေဒအမည် - Psidiumguajava
မျိုးရိုးအမည် - MYRTACEAE
မူရင်းဒေသ
အမေရိကတိုက်အပူပိုင်းဒေသများဖြစ်သောမက္ကဆီကိုနှင့်ပီရူးဝန်းကျင်ဒေသများဖြစ်သည်။
မာလကာမျိုးများ
မာလကာသီးကို အကြမ်းအားဖြင့် အူဖြူသီး၊ အူနီသီးဟု (၂)မျိုး ခွဲခြားပါသည်။အူနီ၊ အူဖြူ၊ကီလိုမာလကာ၊ ထိုင်းပန်းသီး မာလကာ၊ ပတ္တမြားမာလကာ၊ နှင့်အစေ့မဲ့မာလကာဟူ၍ ရှိပါသည်။အူနီသီးမျိုး၏ အတွင်းသားသည် ပန်းရောင်မှ အနီရောင်ရှိ၍ စားသုံးရာတွင် ပျော့ပြောင်းသည်။အသီးပုံသဏ္ဍာန်သည် ဘူးသီးပုံဖြစ်သည်။အူဖြူမျိုး၏ အတွင်းသားသည် အဖြူရောင်ရှိပြီး အသီးမှာကြွပ်ဆပ်သည်။အသီးပုံစံမှာ လုံးဝန်းပုံရှိသည်။ ကီလိုမာလကာ(၆လ) မာလကာကို စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသည်။
ရေမြေရာသီဥတု
မာလကာသည် အပူပိုင်းသီးနှံဖြစ်ပြီး သမပိုင်းဒေသများတွင်လည်း စိုက်ပျိုးနိုင်သည်။အပူဒဏ်နှင့်ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိသည်။နှင်းကျပြီး အနည်းငယ်အေးသောဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း (၂၀°F) ထိအေးပါက အပင်အပေါ်ပိုင်းများ သေသွားတတ်သည်။မြေအမျိုးအစားမရွေးဖြစ်ထွန်းနိုင်ပြီး ရေဝပ်ခြင်းကို မနှစ်သက်ပါ။မြေချဉ်ငံဓါတ်(၄.၅) မှ(၈.၂)အတွင်းစိုက်ပျိုး နိုင်ပါသည်။
ပျိုးပင်
မာလကာပင်ကိုအစေ့ပျိုး၊ရင်ချင်းအပ်ကိုင်းဆက်ပျိုး၊မြေထုပ်စည်းပျိုးပင်များကိုစိုက်ပျိုးနိုင်ပါသည်။များသောအားဖြင့်မြေထုပ်စည်းပျိုးပင်ကိုသာစီးပွား ဖြစ်စိုက်ပျိုးကြပါသည်။
ပင်ကြား၊တန်းကြားအကွာအဝေး
မာလကာပင်ကိုတစ်ပင်နှင့်တစ်ပင်(၁၀)ပေခြား၍စိုက်ပျိုးကြပြီးတစ်ဧကလျင်အပင်ပေါင်း(၄၀၀)ကျော်ဝင်ဆံ့ပါသည်။
စိုက်ကျင်းပြင်ဆင်ခြင်း
စိုက်ကျင်းကိုအကျယ်(၂)ပေပတ်လည်၊အနက်(၂)ပေရှိစိုက်ကျင်းများကိုအပင်မစိုက်မှီတစ်လကြိုတင်၍တူးထားပြီးစိုက်ကျင်းအတွင်းသို့အပေါ်ယံမြေ၊မြေဆွေး၊နှင့်နွားချေးတစ်တင်းတို့ကိုရောစပ်ပြီးရေအပြည့်လောင်း၍ကျင်း နှပ်ထားပါ။
စိုက်ပျိုးခြင်း
မိုးဦးကာလအစိုဓာတ်ကောင်းစွာရရှိချိန်တွင် စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။ပျိုးသက်(၃‒၄)လသားအရွယ်ကျန်းမာသန်စွမ်းသော ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးပါ။မစိုက်ပျိုးမှီ စိုက်ကျင်းအတွင်းသို့မြေအောင်းပိုးသတ်ဆေးထည့်ပါ။စိုက်ပြီးအပင်ခြေကို သေချာစွာဖိသိပ်ပေးပါ။အညွန့်သစ်များ ထွက်လာသည်အထိ မိုးမရွာလျင် ရေလောင်းပေးပါ။မာလကာပင်သည် ရေငတ်ဒဏ်ခံနိုင်သော အပင်ဖြစ်သဖြင့် သဲဆန်သောတောင်ကုန်းများ၌နွေရာသီတွင်ပင် ကောင်းစွာရှင်သန်နိုင်ကြသည်။ရေကိုပုံမှန်သွင်းပေးပါကအသီးပိုသီးပြီးတစ်နှစ်ပတ်လုံးအသီးရနိုင်ပါသည်။
မြေဩဇာကျွေးခြင်း
မာလကာပင်သည်ရေကောင်းစွာရရှိပါကတစ်နှစ်ပတ်လုံးအသီးရရှိသည့်အတွက်(၁၅:၁၅:၁၅)ကွန်ပေါင်းမြေဩဇာကိုတစ်နှစ်လျင်(၄‒၅)ကြိမ်ခွဲ၍(၃‒၄) ကီလိုဂရထည့်သွင်းပေးရမည်။နွားချေးမြေဩဇာကိုတစ်နှစ်လျင်မာလကာပင်သက်တမ်းပေါ်မူတည်၍(၁‒၂)တင်းထည့်သွင်းပါ။မြေဩဇာကျွေးချိန်တွင်မြေတွင်းအစိုဓာတ်မလုံလောက်ပါကရေသွင်းပေးပါ။
အပင်ပြုစုခြင်း
မာလကာပင်ကို အပင်နိမ့်နိမ့်ဖြင့် အသီးရရှိရန်အတွက် အပင်စိုက်ပြီး အညွန့်သစ်ထွက်ချိန်တွင် ခေါင်နှိမ်ပေးပါ။အသစ်ထွက်ရှိလာသော ဘေးတက်များသည် တစ်ပေခွဲကျော်ရှည်ပါကထပ်မံ၍ခေါင်နှိမ်ပေးပါ။ထိုကဲ့သို့ပြုလုပ်ပါက အပင်ငယ်ငယ်ဖြင့် အသီးစောစောရရှိနိုင်ပါသည်။မလိုလားအပ်သော ကိုင်းခြောက်များ၊ကိုင်းသေး/ညှပ်များရှင်းလင်းခြင်း၊ပင်ခြေပေါင်းရှင်းခြင်း၊မြေဆွခြင်းတို့ကိုပုံမှန်ပြုလုပ်ပေးရမည်။
ပိုးမွှား၊ရောဂါများကာကွယ်နှိမ်နင်းခြင်း
သီးထိုးယင်ကျရောက်မှုကာကွယ်ရန်အတွက် အသီးများကို အိတ်စွပ်ပေးပါ။မီသိုင်းယူဂျီနော အသုံးပြု၍ ထောင်ချောက်များပြုလုပ်သုံးစွဲပါ ပိုးစေးနှဲ၊ ပျကျရောက်ပါက ဓာတုပိုးသတ်ဆေးတစ်မျိုးမျိုး အသုံးပြုပက်ဖျန်းပါ။ မာလကာညှိုးသေရောဂါ ကျရောက်သော အပင်များတွေ့ရှိပါက ချက်ချင်းနှုတ်ယူပြီး မီးရှိို့ပစ်ပါ။ ငှက်မျက်စေ့ရောဂါ၊ ကြပ်ခိုးစွဲရောဂါများ ကျရောက်ပါက ဘော်ဒိုဆေးရည်ကို (၅:၅:၅၀) နှုန်းဖျော်၍ ပက်ဖျန်းပါ။
အသီးထွက်နှုန်း
ကီလိုမာလကာပင်သည် အစေ့မှစိုက်လျင် အပင်သန်စွမ်းမှုနှင့် ကိုင်းဖြာထွက်ရှိမှုအပေါ်မူတည်၍ (၆)လမှ(၁)နှစ်အတွင်း အသီးစတင်ရရှိပါသည်။မြေထုပ်စည်းမျိုးပွားပင်စိုက်လျင် (၄)လမှ(၆)လ အတွင်းအသီးရရှိပါသည်။မာလကာတစ်ပင်မှ တစ်နှစ်လျင်အသီး (၂၀၀)မှ(၃၀၀)ထိ ပျမ်းမျှ ထွက်ရှိပါသည်။အပင်သက်(၁၀)နှစ်မှ(၁၅)နှစ်အထိသာ သီးထွက်ကောင်းသဖြင့် ထိုအပင်သက်တမ်းကျော်လွန်ပါက မြေထုပ်စည်းပျိုးပင်များဖြင့် လဲလှယ်စိုက်ပျိုးသင့်ပါသည်။
မာလကာသီး (၁၀၀)ဂရမ်တွင်ပါဝင်သော အာဟာရဓါတ်များ
ကယ်လိုရီ ၆၈
အဆီဓာတ် ၁ဂရမ်
ဆိုဒီယမ် ၂မီလီဂရမ်
ပိုတက်ဆီယမ် ၄၁၇မီလီဂရမ်
ကာဗွန်ဟိုက်ဒြိတ် ၁၄ဂရမ်
အမျှင်ဓါတ် ၅ဂရမ်
သကြား ၉ဂရမ်
ပရိုတင်း ၂.၆ဂရမ်
ကယ်လ်ဆီယမ် ၁၈မီလီဂရမ်
သံဓါတ် ၀.၂၆မီလီဂရမ်
ဗီတာမင်အေ ၃၁ mcg
ဗီတာမင်စီ ၂၂၈.၃မီလီဂရမ်