အုန်းစိုက်ပျိုးနည်း
- Sun, 26 June 2022
မြန်မာအမည် - အုန်း
အင်္ဂလိပ်အမည် - Coconut
ရုက္ခဗေဒအမည် - Cocos nucifera
မျိုးရင်းအမည် - Palmaceae
မူရင်းဒေသ
အရှေ့တောင်အာရှအပူပိုင်းဒေသဖြစ်ပါသည်။
အုန်းမျိုးများ
(၁) အပင်မြင့်မျိုး (Tall Variety)
(၂) အပင်ပုမျိုး (Dwarf Variety)
(၃) စပ်မျိုး (Hybrid Variety)
မြန်မာနိုင်ငံတွင်စိုက်ပျိုးနိုင်သောဒေသများ
ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်တစ် နိုင်ငံလုံး၏(၈၀)% ခန့်စိုက်ပျိုးပြီးကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်းအနှံ့အပြားစိုက်ပျိုးပါသည်။
ပင်လယ်ရေမျက်နှာပြင်အမြင့်
ပင်လယ်ရေမျက်နှာပြင်အမြင့်(၃၀၀၀)ပေအောက်သာဖြစ်ထွန်းပါသည်။
ရာသီဥတု
ပူအိုက်စိုစွတ်သောရာသီဥတုကိုကြိုက်နှစ်သက်သည်။ပျမ်းမျှအပူချိန်(၂၇°C)လိုအပ်ပြီး(၂၀°C)အောက်နိမ့်ပါကအသီးထွက်ညံ့သွားမည်။တစ်နှစ်ပတ်လုံးမိုးဖြန့်ရွာသည့်ဒေသများတွင်အကောင်းဆုံးဖြစ်ထွန်းပြီးမိုး ရေချိန်အနည်းဆုံး(၄၀)လက်မလိုအပ်ပါသည်။
မြေအမျိုးအစား
မြေသားထူ၍အစိုဓါတ်ကောင်းစွာထိန်းနိုင်သောသဲနုန်းမြေတွင်အကောင်းဆုံးဖြစ်ထွန်းပါသည်။ pH( ၅.၅)မှ( ၇.၅)တွင်ဖြစ်ထွန်းပါသည်။
စိုက်ပျိုးချိန်
မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးနိုင်ပါသည်။ရေရရှိပါကတစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။
စိုက်ပျိုးနည်း
အုန်းအမျိုးအစားကိုလိုက်၍စိုက်ပျိုးသည့် တန်းကြား၊ ပင်ကြား ကွာခြားပါသည်။
အုန်းအမျိုး ပင်ကြားတန်းကြား တစ်ဧကဝင်ဆန့် အစားပင်ရေ
အပင်မြင့်မျိုး ၂၅'×၂၅' ၇၀
အပင်ပုမျိုး ၂၂'×၂၂' ၉၀
စပ်မျိုး ၂၄'×၂၄' ၇၅
စိုက်စနစ်ကို သုံးနားညီ တြိဂံ၊လေးနားညီစတုဂံ တို့ကို မိမိနှစ်သက်သလို ရွေးချယ်ပြီး ဝင်ဆံ့ပင်ရေ အနည်းအများ စိုက်ပျိုးနိုင်ပါသည်။စိုက်ကျင်းကို (၃'×၃'×၃') တူးပြီး မြေခံမြေသြဇာအဖြစ် တီစူပါနှင့်ပိုတက်စီ ယမ်အရော နို့ဆီဗူး(၂)ဗူး ၊နွားချေး (၁)တင်း၊ မြေအောင်းပိုးသတ်ဆေး(၁)ဇွန်း၊ ထုံး(၂) ဗူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင် ထည့်ကာ တစ်လခန့်နှပ်ထားသင့်သည်။ကျန်းမာသန်စွမ်းသောပျိုးသက် (၁)နှစ်သားဝန်းကျင်ရှိသည့် ပျိုးပင်ကိုမြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက်စိုက်ပျိုးရမည်။ ရေမဝပ်စေရန် ပျိုးပင်ပတ်လည်ရှိမြေကို နင်းသိပ်ပေးရပါသည်။ပျိုးပင်ရှည်ပါက ငုတ်စိုက်၍ ချည်ပေးသင့်သည်။
မြေဩဇာကျွေးခြင်း
အပင်များကျန်းမာသန်စွမ်း၍အသီးစောစောရရန်နှင့်အထွက်နှုန်းကောင်းစေရန်ဓါတ်မြေသြဇာများကိုအချိုးအစားမှန်မှန်စနစ်တကျကျွေးရန်လိုအပ်ပါသည်။
ဓါတ်မြေသြဇာ၊သဘာဝမြေသြဇာကို(မိုးဦး၊ မိုးနှောင်း)တစ်နှစ်လျှင်အနည်းဆုံး(၂)ကြိမ်ကျွေးရပါမည်။
အပင်သက်တမ်း မြေသြဇာနှုန်းထား
၁-၂ နှစ်သား၀.၅ ကီလို (၁၅:၁၅:၁၅) ကွန်ပေါင်းမြေသြဇာ
၃ နှစ်သား ၁.၀ ကီလို (၁၅:၁၅:၁၅) ကွန်ပေါင်းမြေသြဇာ
၄ နှစ်သား ၁.၅ ကီလို (၁၅:၁၅:၁၅) ကွန်ပေါင်းမြေသြဇာ
၅ နှစ်သား ၂.၀ ကီလို (၁၅:၁၅:၁၅) ကွန်ပေါင်းမြေသြဇာ
၆ နှစ်သား ၃.၀ ကီလို (၁၅:၁၅:၁၅) ကွန်ပေါင်းမြေသြဇာ
ဓါတ်မြေသြဇာကိုသဘာဝမြေသြဇာနှင့်ရော၍အပင်အရွယ်အစားအလိုက်အပင်ခြေမှ(၃-၅)ပေခွာ၍မြောင်းတူးပြီးထည့်ပေးသင့်သည်။
ရေသွင်းခြင်း
မိုးရေရပါကရေဝိုင်း၊ရေဝပ်ကျင်းပြုလုပ်ပြီး သင့်တော်သော ရေပေးစနစ်ဖြင့် ရေပေးသွင်းရမည်။နွေရာသီတွင် ရေလုံလောက်စွာ ပေးနိုင်ရန်အရေးကြီးပါသည်။ အသီးသီးချိန်တွင် ရေရသောအပင်သည် ရေမရသောအပင်ထက် အထွက်နှုန်းပိုကောင်းပါသည်။
ကျရောက်တတ်သောပိုးမွှားရောဂါများ
(က) ပိုးမွှား
ခြ၊ ခြပျံ၊ ပုရွက်ဆိတ်၊ ကြွက်၊ ကြံ့ပိုး၊ အုန်း ရွက်လိပ်ပိုး၊ အုန်းပိုးနီများကျရောက်တတ်ပါသည်။
စစိုက်စဉ်တွင်မြေအောင်းပိုးသတ်ဆေးသုံးခြင်း၊သင့်တော်သောပင်လုံးပျံ့ပိုးသတ်ဆေးများဖြင့်ကာကွယ်နိုင်ပါသည်။
(ခ) ရောဂါ
အုန်းဖူးပုပ်နှင့်အမြစ်ပုပ်ရောဂါကျရောက်တတ်ပါသည်။ပိုးမွှားကိုက်သောဒါဏ်ရာမှPhytophthoraရောဂါဝင်ခြင်းဖြစ်သည်။
သင့်တော်သောမှိုသတ်ဆေးဖြင့်ကာကွယ်နိုင်ပါ သည်။
အသီးဆွတ်ခူးခြင်း
စနစ်တကျ စိုက်ပျိုးပြုစုပါက အပင်ပုမျိုးသည် သက်တမ်း(၃-၄) နှစ်တွင် လည်းကောင်း၊ စပ်မျိုးသည် သက်တမ်း(၄‒၅)နှစ်တွင် လည်းကောင်း၊အပင်မြင့်မျိုးသည်(၇၈)နှစ်တွင် လည်းကောင်း အသီးထွက်ရရှိပါသည်။အပင်ပုမျိုးနှင့်စပ်မျိုး အုန်းတစ်ပင်မှ တစ်နှစ်လျှင် (၁၀၀)လုံးခန့်၊ အပင်မြင့်အုန်းသည် (၅၀)လုံးခန့်အသီးထွက်ရရှိပါသည်။
ကြားသီးနှံစိုက်ခြင်း
အုန်းပင်ငယ်စဉ်တွင်ဝင်ငွေရရှိစေရန်ကြားသီးနှံအဖြစ်ငှက်ပျော၊သင်္ဘော၊နာနတ်နှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုးနိုင်ပါသည်။
အုန်းသက်တမ်း(၁၀)နှစ်ကျော်ပါကကြားသီးနှံအဖြစ် ကိုကိုး၊ကော်ဖီ၊ ငရုတ်ကောင်း၊ ကွမ်းသီးပင်များ စိုက်ပျိုးနိုင်ပါသည်။
စီးပွားဖြစ်စိုက်သင့်သောမျိုးများ
(က) Nam Hom (အရည်သောက်အုန်းပု)
ထိုင်းမျိုးအုန်းချိုမွှေး(အရည်သောက်) အုန်းမျိုး ဖြစ်သည်။
( ခ ) Nam Wan (အရည်သောက်အုန်းပု)
ထိုင်းအုန်းပုမျိုးဖြစ်ပြီးအချိုဓါတ်များသော်လည်းအနံ့မမွှေးပေ။ ပျှမ်းမျှအချိုဓါတ်ပါဝင်မှု(၆.၅-၇.၀)ကြား ရှိပါသည်။
( ဂ ) Chumphon Hybrid No.60
ထိုင်းစပ်မျိုးအုန်းဖြစ်ပြီးအသား၊ဆီတန်ဘိုးမြင့်ထုတ်ကုန်ထုတ်လုပ်ရန်အတွက်စိုက်ပျိုးသင့်ပါသည်။
(ဃ) Chumphon Hybrid No.2
ထိုင်းစပ်မျိုးအုန်းဖြစ်ပြီးအထွက်နှုန်းကောင်းသဖြင့်တန်ဘိုးမြင့်ထုတ်ကုန်အတွက်စိုက်ပျိုးသင့်ပါသည်။