စိုတစ်ခါ၊ခြောက်တစ်လှည့်
- Sun, 26 June 2022
ရေစိုတစ်ခါ၊ ခြောက်တလှည့် ရေသွင်းစိုက်ပျိုးနည်းစနစ် (Alternate Wetting and Drying - AWD) သည် စပါးအထွက်နှုန်း မကျဆင်းစေဘဲ စိုက်ပျိုးရေသုံးစွဲမှုကို လျှော့ချရန်အတွက် တောင်သူလယ်သမားများ ကျင့်သုံးနိုင်သော ရေကိုအကျိုးရှိရှိ ချွေတာသည့် နည်းပညာတစ်ခုဖြစ်သည်။ AWD တွင် ရေသွင်းထားသော ရေများခမ်းခြောက်သွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ရေပြန်သွင်းခြင်းကို ဆောင်ရွက်ရသည်။ ထို့ကြောင့် စိုက်ခင်းအနေဖြင့် ရေလွှမ်းခြင်းနှင့် ရေခမ်းခြင်းကို တလှည့်စီဖြစ်ပေါ်စေသည်။စိုက်ခင်းမြေ အခြောက်ခံထားသော ကာလသည် မြေအမျိုးအစား၊ ရာသီဥတုနှင့် သီးနှံကြီးထွားမှု အဆင့်တို့အပေါ်မူတည်၍ တစ်ရက်မှ(၁၀)ရက်ကျော်အထိ ကွဲပြားနိုင်သည်။ (AWD)ကို ကျင့်သုံးရာတွင်လက်တွေ့ကျသော နည်းလမ်းမှာ စိုက်ခင်းအတွင်းရှိ ရေအနက်ကို စောင့်ကြည့်ရန် 'field water tube' (PVCပိုက်)ကို အသုံးပြုခြင်းဖြစ်သည်။ ရေသွင်းပြီးနောက် ရေထုသည် တဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်ရာ မြေမျက်နှာပြင်အောက် (၁၅)စင်တီမီတာ(၆လက်မ)သို့ ကျဆင်းသွားသော အခါစိုက်ခင်းကို ရေထု(၅)စင်တီမီတာ(၂လက်မ)ခန့် ပြန်လည်ရေပေးသွင်းရမည်။ ပန်းမပွင့်မီ တစ်ပတ်မှ ပန်းပွင့်ပြီး တစ်ပတ်အတွင်း ရေထု (၅)စင်တီမီတာ(၂ လက်မ)အထိလိုအပ်သလို ရေလွှမ်းထားရမည်။ အစေ့အဆံတည်ချိန်နှင့် ရင့်မှည့်ချိန်တွင် ရေထုသည် မြေမျက်နှာပြင်အောက်(၁၅)စင်တီမီတာ(၆လက်မ)သို့ ကျဆင်းပြီးမှသာ ပြန်လည်ရေပေးသွင်းရမည်။ (AWD) စနစ်ကို ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် ပေါင်းမြက်ပေါက်ရောက်မှုပေါ် မူတည်၍ ရက်သတ္တပတ်(၁-၃)ပတ်တွင် စတင်နိုင်သည်။ ရေမသွင်းမီခြောက်သွေ့သော မြေမျက်နှာပြင်ပေါ်တွင် သတ်မှတ်ထားသော မြေဩဇာအကြံပြုချက် နှုန်းထားအတိုင်း နိုက်ထရိုဂျင်မြေဩဇာကို အသုံးပြုရမည်။
ရေတိုင်းကိရိယာ ပြုလုပ်သုံးစွဲခြင်း
ရေတိုင်းကိရိယာကို (၆)လက်မ (သို့မဟုတ်) (၈)လက်မ အချင်းရှိသည့် PVC ပလပ်စတစ်ပိုက် (သို့မဟုတ်) ဝါးလုံးပိုက်များဖြင့် ပြုလုပ်နိုင်သည်။ စိုက်ခင်းတမန်းမြေတွင် မြေမျက်နှာပြင်အောက် (၈)လက်မမြုပ်၍ မြေပေါ်တွင် (၆)လက်မ ဖော်ထားရပါမည်။ မြေမျက်နှာပြင်၌ ရေစိမ့်ဝင်နိုင်ရန် (၁)လက်မခြား (အချင်း (၀.၂၅)လက်မခန့်ရှိသည့် အပေါက်များကို (၀.၇၅) လက်မခြား) ဖောက်ထားရပါမည်။ ဤနည်းစနစ်ဖြင့်ရေသွင်းခြင်းသည် တောင်သူသမားရိုးကျနည်းကဲ့သို့ စိုက်ခင်း၌ ရေလျော့နည်းတိုင်း ရေသွင်းစရာမလိုခြင်းကြောင့် လုပ်အားခချွေတာနိုင်ပြီး၊ ကုန်ကျစရိတ်လည်း သက်သာစေပါသည်။
လေ့လာတွေ့ရှိချက်များ
တောင်သူသမားရိုးကျ ရေသွင်းစိုက်ပျိုးနည်းစနစ်ထက် စိုက်ပျိုးရေကို (၁၈မှ၂၃)ရာခိုင်နှုန်းအထိ သက်သာစေပြီး၊ ရေကိုလျော့နည်း၍ သုံးစွဲရသော်လည်း စပါးအထွက်နှုန်းကိုထိခိုက်ခြင်းမရှိသော နည်းစနစ်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန(IRRI)နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ ဆည်ရေသောက်လယ်စပါးတွင် AWDစနစ်ဖြင့် သုတေသနပြုဆောင်ရွက်ခဲ့ရာတွင် စပါးအထွက်နှုန်းကို မထိခိုက်စေသည့်အပြင် တောင်သူသမားရိုးကျ ရေသွင်းစိုက်ပျိုးနည်းစနစ်ထက် စိုက်ပျိုးရေကို(၂၀-၂၅) ရာခိုင်နှုန်းခန့် ချွေတာနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
တောင်သူသမားရိုးကျနည်း = စိုက်ကွင်းအတွင်း ရေ (၂)လက်မ ထိန်းထားခြင်း
AWDရေထိန်းစနစ်အခြေအနေကိုလိုက်၍ ရေသွင်းရမည့်အကြိမ် (Frequency) နှင့် ရေတစ်ကြိမ်နှင့်တစ်ကြိမ် သွင်းရမည့်ကာလ (Interval)များ ရှိသဖြင့် မြေအောက်ရေကိုအားကိုးရသော မြစ်ရေတင်ဒေသများအတွက် ကုန်ကျစရိတ် သက်သာစေသည့်အပြင် စပါးစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်သောကြောင့် မိုးခေါင်၍ ပူးပြင်းခြောက်သွေ့သောဒေသများအတွက် သင့်တော်သော ရေထိန်းစနစ်နည်းပညာ ဖြစ်ပါသည်။
စမ်းသပ်ချက်အလိုက် ရေသွင်းရမည့်(Interval)နှင့် အကြိမ် (Frequency)မှတ်တမ်း
(သဲဆန်သောမြေ)
လိုက်နာရမည့် အချက်များ
(၁) စိုက်ကွက်မြေမျက်နှာပြင် ညီညာရပါမည်။
(၂) ကန်သင်းကောင်း၍ ကန်သင်းလုံရပါမည်။
(၃) သမန်းကောင်းရပါမည်။
(၄) ပေါင်းမြက်များ အချိန်အခါမီ ကာကွယ်နှိမ်နင်းရပါမည်။
(၅) ရေသွင်းရေထုတ်မြောင်းများ ကောင်းမွန်ရပါမည်။
(၆) ပန်းမပွင့်ခင်နှင့်ပန်ပွင့်ပြီး(၁)ပတ်အကြာထိရေထု(၂)လက်မခန့်ထိန်းထားပေးရပါမည်။
AWD စနစ်ဖြင့် စပါးစိုက်ပျိုးခြင်းနှင့် ဖန်လုံအိမ်ဓါတ်ငွေ့ထွက်ရှိမှု
AWDစနစ်ကို အသုံးပြုမည်ဆိုပါက စိုက်ပျိုးရေကို(၃၀)ရာခိုင်နှုန်းအထိ ချွေတာနိုင်သည့်အပြင် မီသိန်းဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု (Methane emission) ကိုလည်း (၃၀-၄၈)ရာခိုင်နှုန်းထိ လျော့ချနိုင်မည်ဖြစ်ပါသည်။ AWDစနစ်ဖြင့် စပါးစိုက်ပျိုးခြင်းမှ ဖန်လုံအိမ်ဓါတ်ငွေ့ထွက်ရှိမှုအား လေ့လာရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြုလုပ်ခဲ့သော Mofijul Islam et. Al (2020)၏ သုတေသနအရ တောင်သူသမားရိုးကျရေသွင်းစိုက်ပျိုးနည်းစနစ်နှင့် နှိုင်းယှဉ်ပါက အောက်ပါအတိုင်း တွေ့ရှိရပါသည်။
ရေစိုတစ်ခါ၊ ခြောက်တလှည့် ရေသွင်းစိုက်ပျိုးနည်းစနစ်(AWD)၏ အကျိုးကျေးဇူး
တောင်သူသမရိုးကျရေသွင်းနည်းကဲ့သို့ စိုက်ခင်း၌ ရေလျော့နည်းတိုင်း ရေသွင်းစရာမလိုခြင်းကြောင့် လုပ်အားခချွေတာနိုင်ပြီး၊ ကုန်ကျစရိတ်လည်း သက်သာစေပါသည်။တစ်ကြိမ်နှင့်တစ်ကြိမ်သွင်းရန် လိုအပ်သည့် ကာလသည် မြေအမျိုးအစားနှင့် ရာသီဥတုအပေါ်မူတည်(၇၈)ရက်ထားရှိနိုင်သဖြင့် ရေပေးသွင်းရမည့်အကြိမ်နှင့် စုစုပေါင်းသွင်းရေပမာဏကို လျော့နည်းစေပါသည်။ စပါးအထွက်နှုန်းကို မထိခိုက်သည့်အပြင် တောင်သူသမရိုးကျရေထိန်းစနစ်ထက် စိုက်ပျိုးရေကို(၂၀-၂၅)ရာခိုင်နှုန်းခန့်ချွေတာနိုင်ပါသည်။ စိုက်ခင်းအတွင်း ရေလိုအပ်မှ ရေသွင်းရသဖြင့် ဆည်ရေကို အားကိုးရသော ဒေသများအတွက် လက်ရှိလှောင်ရေပမာဏနှင့် စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ ရေအမြဲမလွှမ်းထားခြင်းကြောင့် စိုက်တန်းကြားလေဝင်လေထွက်ကောင်းစေပြီး စပါးပင်အတွက် လိုအပ်သော အာဟာရဓာတ်ရရှိနိုင်မှုကို တိုးပွားစေပြီးအမြစ်ဖွဲ့စည်းမှုအားကောင်းလာသဖြင့် အပင်ယိုင်လဲမှုကိုလည်း ကာကွယ်စေပါသည်။ စိုက်ခင်းမြေကို အလှည့်ကျ အခြောက်ခံထားခြင်းဖြင့် မလိုလားအပ်သော ပင်ပွားများထွက်ရှိမှုကို ဟန့်တားနိုင်သဖြင့် စိုက်ခင်းရှိအနှံပါပင်ပွားများ အားကောင်းစေပြီး စပါးအထွက် ပိုမိုမြင့်မားစေပါသည်။ စိုက်ပျိုးရေးကို ချွေတာနိုင်သည့်အပြင် ဖန်လုံအိမ်ဓါတ်ငွေ့(Green House Gas)ထွက်ရှိမှုကိုလည်း လျော့ချနိုင်မည်ဖြစ်ပါသည်။