ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း

  • Sat, 25 June 2022

မြန်မာနိုင်ငံ၏ အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေသည့် ခေတ်မီနည်းစနစ်များနှင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနည်းဖြင့်လည်း စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ ကောက်စိုက်စက်ကို လမ်းလျောက်မောင်းကောက်စိုက်စက်နှင့် ထိုင်မောင်းကောက်စိုက်စက် ဟူ၍ (၂) မျိုး တွေ့နိုင်သည်။ လုပ်ငန်းစနစ်အပေါ်မူတည်ပြီး (၂) တန်း စိုက်၊ (၄)တန်း စိုက်၊ (၆) တန်း စိုက်၊ (၈) တန်း စိုက်၊ (၁၀) တန်း စိုက် စသည်ဖြင့် အမျိုးမျိုး အသုံးပြုကြပါသည်။ လယ်ယာလုပ်သားရှားပါးခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းတို့တွင် အချိန်အခါမီ စိုက်ပျိုးနိုင်ရေးအတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသည့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ရရှိနိုင်သည့် အကျိုးကျေးဇူးများ

မျိုးစေ့ကုန်ကျမှု သက်သာစေပါသည်။ လုပ်သားအင်အားသက်သာ၍ လုပ်ငန်းပြီးစီးမှု မြန်ဆန်စေပါသည်။ ကောက်ကွက်ပြည့်မီအောင် စိုက်ပျိုးနိုင်သဖြင့် စပါးအထွက်နှုန်း ကောင်းမွန်စေပါသည်။ ပျိုးနုတ်ခြင်းလုပ်ငန်း သက်သာစေပါသည်။ ကောက်ကွက်၊ကောက်ပင်ကျနှုန်းနှင့် ကောက်ပင်အတိမ်အနက်တို့ကို လိုအပ်သလို ချိန်ညှိစိုက်ပျိုးနိုင်ပါသည်။ သက်တမ်းနုပျိုးပင်ငယ်များကို စိုက်ပျိုးနိုင်ပါသည်။ ပေါင်းရှင်းကိရိယာအသုံးပြုပြီး ပေါင်းရှင်းနိုင်ခြင်း တမန်းနိုးခြင်းလုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။

၁။ စပါးမျိုးရွေးချယ်ခြင်းနှင့်မျိုးညှောက်ဖေါက်ခြင်း

ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး အပင်ပေါက်စွမ်းအားကောင်းသည့် အထွက်ကောင်းမျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။ မျိုးစပါးအား ဆားရည်စိမ်ရန်အတွက် သန့်ရှင်းသောပလတ်စတစ်ပုံး၊ ရေပုံးတွင် ရေလုံလောက်အောင်ထည့်ပါ။ ရေတစ်ဂါလန်တွင် ဆားကြမ်း(၅၀)သား (သို့မဟုတ်) လတ်ဆတ်သော ကြက်ဥတစ်လုံးကို ရေထဲတွင်ထည့်ထားပြီး ထိုကြက်ဥရေမျက်နှာပြင်အပေါ်သို့ ပေါ်လာသည်အထိ ဆားကိုထည့်ပါ။ ရေပေါ်သို့ ပေါ်လာသောစပါးများကို ဖယ်ထုတ်၍ ကျန်ရှိသောစပါးများကို ဆယ်ယူ၍ ရေဖြင့်စင်ကြယ်အောင်ဆေးပါ။ ရရှိလာသောမျိုးစပါးကို(၂၄)နာရီ ရေစိမ်၍(၂၄)နာရီမျိုးအုပ်ပါ။ စပါးစေ့များ စာပါးစပ်ပြူလာပါက သက်ဆိုင်ရာပျိုးဗန်း၊ပျိုးပေါင်များတွင် မျိုးစေ့ချပျိုးဗန်းပြင်နိုင်ပါသည်။ တစ်ဧကအတွက်ပျမ်းမျှပျိုးဗန်း(၁၀၀)ခန့် လိုအပ်နိုင်ပြီး သန့်စင်ပြီးမျိုးစပါး(၁၀)ပြည်မှ (၁၂)ပြည်ခန့် အသုံးပြုရပါမည်။




၂။ ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း

ပျိုးဗန်း(၁၀၀)အတွက် ဇကာချပြီးမြေသား(၆)တင်း ဖွဲပြာ(၂)တင်းကို သမအောင်ရောစပ်ပါ။ ပျိုးဗန်းထဲသို့ သတင်းစာစက္ကူခင်းပါ။ ရောစပ်ပြီးမြေခံမှုန်များကို ပျိုးဗန်းထဲသို့ လေးပုံသုံးပုံခန့်ထည့်ပါ။အညှောက်ဖောက်ထားသော မျိုးစပါးကို ပျိုးဗန်းထဲသို့ ပျမ်းမျှနို့ဆီဗူးထက်ဝက်ကျော်ခန့်(၁၀၀-၂၀၀ ဂရမ်) ကြား နှံ့စပ်အောင်ထည့်ပါ။ ပြီးလျှင်အပေါ်မှ မြေခံမှုန်ပါးပါး အုပ်ပေးပါ၊ ပျိုးပင်(၇)ရက်သားအထိ နေ့စဉ်မနက် ၊ညရေဖြန်းခရားပုံးဖြင့် ရေရွဲရွဲလောင်းပေးပြီး (၇)ရက်သားကျော်လျှင် လယ်ကွက်ထဲသို့ရွေ့ပြီး ရေမြုပ်အောင်ထားပါ၊ နေ့စဉ်ရေသွင်းရေထုတ် ပြုလုပ်ပေးပါ။ နေ့ခင်းအပူချိန်များပါက အပေါ်မှဇကာပိုက်၊ အုန်းလက်၊သစ်ခက်တို့ဖြင့် အုပ်မိုးပါ။ ပျိုးသက်(၁၄)ရက် (နှစ်ပတ်သား)တွင် စတင်စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ပျိုးချပ်များမာစေရန် မစိုက်ခင်ကြိုတင်၍ ပျိုးခင်းကို ရေဖြတ်ပြီး ပျိုးဗန်းများကို ကန်သင်းပေါ်တင်ထားပါ။

၃။ ပျိုးပေါင်ဖြင့် ပျိုးထောင်ခြင်း

ပျိုးဗန်း(၁၀၀)စာနှင့် ညီမျှသည့် အလျား(၅၀)'၊ အနံ(၄)' ၊အမြင့်(၃)" အရွယ်အစားရှိသည့် ပျိုးပေါင်ကို ညီညာအောင်ပြုလုပ်ပါ။ ပျိုးပင်များကို အချပ်လိုက်ရယူနိုင်စေရန်နှင့် ရေမဝပ်စေရန် ပလတ်စတစ်အပါးစကို အပေါက်ငယ်များဖောက်ပြီး ပျိုးပေါင်မျက်နှာပြင်မာချိန်တွင် တင်းရင်းစွာခင်းပါ။ ပျိုးပေါင်ပတ်ပတ်လည်တွင် ဝါးခြမ်းပြား(သို့) (၂"၁")အရွယ်အစား သစ်သားချောင်းများဖြင့် ကာရံ၍ မြေခံထည့်ပါ။ (မြေခံပျိုးမြေအား ကောက်ရိုး၊မြက်မပါရှိစေရန် ဇကာတိုက်ပြီး(၀.၇၅) လက်မခန့် ထည့်၍ ညီညာစွာဖြန့်ခင်းပေးပါ။) အညှောက်ဖောက်ထားသော မျိုးစပါးကို နေရာလပ်မကျန်စေရန် ညီညီညာညာနှံ့နှံ့စပ်စပ်ဖြူးပါ။ မျိုးစေ့များ အစိုဓာတ်ထိမ်းစေရန်နှင့် ငှက်များမကောက်စေရန် အပေါ်မှ ဖွဲပြာပါးပါးဖြင့်ဖုံးအုပ်ပေးပါ။ အပင်ပေါက်ပြီး အမြစ်စွဲသည်အထိ ပျိုးခင်းကိုရေပန်းခရားဖြင့်သာ ရေလောင်းပေးပါ။ အပင်ပေါက်ပြီး(၇)ရက်သား ရောက်လျှင် အပင်အောက်ခြေမြုပ်သည်အထိ ရေသွင်းပေးပါ။ ရေကို နေ့စဉ်အသွင်းအထုတ် ပြုလုပ်ပြီး ရေလှယ်ပေးပါ။ စပါးပင်၏အပင်အမြင့်နှင့် သက်တမ်းကို ကြည့်ပါ။ ပျမ်းမျှ(၁၄)ရက်(နှစ်ပတ်သား)ရောက်ပါက စတင်စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရန် တစ်ရက်အလိုတွင် ပျိုးချပ်များမာစေရန် ရေကိုကြိုတင်ဖြတ်ထားပါ။




၄။ ပျိုးချပ်ခွာခြင်း

စက်ဖြင့်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးဗန်းဖြင့် ပျိုးထားသော ပျိုးပင်များကို ဖြည်းညင်းစွာ ခွာရမည်။ ပျိုးပေါင်ဖြင့် ပျိုးထားပါက ပျိုးပန်းအရွယ်အစား (၂ပေ/၁ပေ) အရွယ်ပျိုးချပ်များရအောင် လှီးဖြတ်ပါ။ ပျိုးသယ်ယူရာတွင် ပျိုးချပ်အောက်တွင် အမာခံထားရှိ၍ သယ်ယူပါ။ ချက်ချင်းရွှေ့ပြောင်းစိုက်ပျိုးပါက ပျိုးပင်များကို လိပ်ပြီး သယ်ယူစိုက်ပျိုးနိုင်သည်။

၅။ စိုက်ခင်းမြေပြုပြင်ခြင်း နှင့်စိုက်ပျိုးခြင်း

စိုက်ခင်းအား ပုံမှန်အတိုင်း ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက် ထွန်ယက်ပါ။ နွားချေးဆွေးနှင့် သဘာဝမြေဩဇာကို မြေခံအဖြစ်သုံးစွဲပါ။ စိုက်ခင်းသမန်းမြေညီညာပြီး ရေပြောင်စင်အောင် ထုတ်၍ သမန်းအိပ်အောင် တစ်ညအိပ်ထားပြီး စိုက်ပျိုးရမည်။ စိုက်ခင်းတွင် ရေထုတ်ရလွယ်ကူစေရန် ပတ်မြောင်းပြုလုပ်ထားရမည်။ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် တန်းကြားမှာ(၁၂)လက်မ ဖြစ်ပြီး ပင်ကြားအကွာအဝေးကို(၄)လက်မမှ(၁၀)လက်မအထိ လိုအပ်သလို ကောက်ကွက်အရေအတွက်ကို ချိန်ညှိစိုက်ပျိုးနိုင်သည်။ ကောက်ပင်အတိမ်အနက်နှင့် လက်ဆကိုလည်း လိုအပ်သလိုချိန်ညှိ၍ စိုက်ပျိုးနိုင်ပါသည်။ ပျမ်းမျှအားဖြင့်တစ်ဧကလျှင်(၂)ပေ(၁)ပေ ပျိုးချပ်(၁၀၀)ခန့် အသုံးပြုရပြီး (၆)တန်းစိုက် ကောက်စိုက်စက်တစ်စီးဖြင့် တစ်ရက်လျှင်(၄)ဧကမှ(၆)ဧကအထိ စိုက်ပျိုးပြီးစီးနိုင်ပါသည်။ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြီး နှစ်ပတ်အတွင်း ကောက်ပင်ဖာခြင်းလုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ပါ။



၆။ ရိတ်သိမ်းခြင်း

စပါးနှံ၏ (၈၀‒၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့၍ အခြောက်ခံပါ။ စပါးအစိုဓါတ်သည် မျိုးအတွက် (၁၃) ရာ ခိုင် နှုန်း နှင့် စားသုံးမည့် စပါးအတွက်(၁၄)ရာခိုင်နှုန်း လိုအပ်ပါသည်။