System of Rice Intensification (SRI) နည်းဖြင့် စပါးစိုက်ပျိုးခြင်း

  • Sat, 25 June 2022


(SRI)စိုက်ပျိုးနည်းဟူသည် စပါးစိုက်ပျိုးရာတွင် အပင်၊မြေဩဇာ၊ရေနှင့် အာဟာရဆိုင်ရာကိစ္စရပ်များကို စီမံရန်အတွက် လိုအပ်သောအယူအဆများနှင့် လက်တွေ့လုပ်ဆောင်မှုများ၏ အရည်အသွေးတို့ကိုတိုးတက်စေရန် ဆောင်ရွက်ထားသည့် စိုက်ပျိုးနည်းတစ်ခုဖြစ်သည်။ မည်သည့်စပါးမျိုးကိုမဆို (SRI)နည်းဖြင့်စိုက်ပျိုးနိုင်သဖြင့် မိမိဒေသနှင့်ကိုက်ညီသော စပါးမျိုးကိုရွေးချယ်၍ (SRI)နည်းဖြင့်စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ ဤနည်းသည် ကျန်းမာသန်စွမ်းသော အပင်များဖြစ်ပေါ်စေသည့်အတွက် စပါးအထွက်နှုန်းကို ကောင်းမွန်စေသည့်အတွက် မြေ၊အရင်းအနှီး၊လုပ်အားနှင့် ရေတို့အကန့်အသတ်ရှိသူများအတွက်အကျိုးအမြတ်အများဆုံး ရရှိစေနိုင်သည့်နည်းလမ်းတစ်ခု ဖြစ်သည်။

 (၁)SRI နည်း၏ အကျိုးကျေးဇူးများ

။အသုံးပြုနေသော မျိုးစေ့လိုအပ်ချက် (တစ်ဧကနို့ဆီဗူး၁၀လုံးခန့်)နည်းသဖြင့် မျိုးဖိုးကုန်ကျစရိတ်သက်သာသည်။ ။စိုက်ခင်းအားအခြောက်ခံစနစ်ကိုကျင့်သုံးသည့်အတွက် ရေအသုံးပြုမှုလျော့နည်းသည်။  ။ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးကို အသုံးမပြုသည့်အတွက် ယင်းတို့၏အသုံးစရိတ် လျော့ချနိုင်သည်။ ။မြေလွှာကို အလှည့်ကျအခြောက်ခံပေးသည့်အတွက် ပိုးမွှားနှင့်ရောဂါကျရောက်မှုကို လျော့ချနိုင်သည်။၅။အော်ဂဲနစ်စိုက်ပျိုးရေး၏ ရလဒ်အဖြစ်အရသာရှိ၍ ကျန်းမာရေးကို အထောက်အကူဖြစ်သော ဆန်ကို ထုတ်လုပ်ရရှိသည်။  ၆။ ပင်ပွားထွက်ရှိမှု အလွန်များပြားခြင်း၊ အနှံအခက်များ ပိုမိုရှည်လျားခြင်းနှင့်အစေ့အ လေးချိန်တိုးသည့်အတွက် အထွက်များပြားစွာရရှိနိုင်သည်။ ၇။မူလမျိုးစေ့အနည်းငယ်မှ မျိုးစေ့အရေအတွက် များပြားစွာရရှိနိုင်သည်။ ၈။ကိုယ်ပိုင်မျိုးစေ့များကို ထုတ်ယူနိုင်သည်။   ၉။ စပါးမျိုးတူလျင်မိရိုးဖလာစိုက်ပျိုးနည်းထက် အပင်သက်တမ်း (၁၀) ရက်ခန့် လျော့နည်းသည်။ ၁၀။ဇီဝဖြစ်စဉ်များပြားစွာ ဖြစ်ပေါ်သည့်အတွက် မြေဆီဩဇာတိုးတက်ဖြစ်ထွန်းသည်။


(၂)SRI စိုက်ပျိုးနည်း၏ အထွက်နှုန်း တိုးစေသည့် အကြောင်းများ

၁။  ကြဲကြဲစိုက်ခြင်း၂။  အပင်ငယ်စဉ်တွင် ရွှေ့ပြောင်းခြင်း။ ၃။ပေါင်းများကိုမြေကြီးအတွင်းသို့ထည့်သွင်းခြင်း။၄။အစေ့နည်းနည်းသုံးခြင်း။ ၅။ရေကိုလိုအပ်သလောက်သာအသုံးပြုခြင်း။ ၆။ အော်ဂဲနစ်မြေဆွေးများအသုံးပြုခြင်း။


(၃)စိုက်ပျိုးရန်သင့်တော်သောမြေ

ဆားမပေါက်သောမြေ၊ မြေမျက်နှာပြင်ညီညာပြီး ရေသွင်းရေထုတ်လွယ်ကူသော မြေနှင့်မြေဩဇာပြည့်ဝသောမြေတို့သည် စိုက်ပျိုးရန်သင့်လျော်သောမြေများဖြစ်သည်။


(၄)လယ်ယာမြေကို မြေဩဇာပြည့်ဝသောမြေဖြစ်ရန်ဆောင်ရွက်နိုင်သည့်နည်းများ

(က) နုံးမြေထည့်သွင်းခြင်း။  ( ခ) မြေဆွေးထည့်သွင်းခြင်း။ ( ဂ) သစ်စိမ်းမြေဆွေးပေးသော သီးနှံများစိုက်ပျိုးခြင်း ။(ပဲမျိူးရင်းဝင်သီးနှံများ၊ညံပင်၊ပိုက်ဆံလျှော်၊မဲဇလီ၊ဘောစကိုင်း၊ ဒန့်ကျွဲ၊ ကုက္ကိုသီးနှံ မျိုးစေ့များကြဲပက်စိုက်ပျိုး၍ (၃၀မှ၄၅) ရက်သားအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးရန်) (ဃ)အိမ်မွေးတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း။


(၅)ဖျာပုံသဏ္ဍာန်ပျိုးထောင်နည်း

(က)မျိုးညှောင့်ဖောက်ခြင်း လယ်တစ်ဧကအတွက် ပျိုးထောင်ရန် စပါးနို့ဆီဗူး (၁၀-၁၂) လုံးခန့်သာလိုပါမည်။ပျိုးထောင်ရန်အတွက်စပါးစေ့များကို (၂၄)နာရီကြာရေစိမ်ပါ။ ရေပေါ်ပေါ်သောမျိုးစေ့များကိုဖယ်ရှားပါ။ (၂၄) နာရီကြာဖုံးအုပ်ပါ။ (စပါးမျိုးအလိုက် အချိန်အပြောင်းအလဲရှိပါသည်။)


 (ခ)ပျိုးခင်းမြေပြင်ရန်အတွက် လိုအပ်သောပစ္စည်းများ

(က)မြေ

နုံးမြေ (သို့) လယ်မြေနှင့် နွားချေး (သို့) မြေဆွေးတို့ကို (၇:၂)အတိုင်းရောစပ်ပြီး သမအောင်နယ်ထားသောမြေ ( ခ)အောက်ခံအခင်းအဖြစ် ပလပ်စတစ်အခင်း(သို့)ဘိလပ်မြေအိတ်နှင့် မြေဩဇာအိတ်စသည့် အိတ်ခွံများ(သို့)ငှက်ပျောရွက် စသည့် သစ်ရွက်များ (ဂ) သစ်သားပေါင်(၂)ပေ×(၁)ပေ အကွက်ငယ်များပါသည့် သစ်သားပေါင်ဖြစ်သည်။ ယင်းသစ်သားပေါင်ကို (၂-၁) (၂)လက်မ×(၁)လက်မ သစ်သားဖြင့် ပြုလုပ်သည်။မြေကြီးအား(၂)ပေ×(၁) ပေပုံစံအတုံးများ ပြုလုပ်ရန်ဖြစ်သည်။

(ဂ)ပျိုးထောင်ခြင်း

တစ်ဧကအတွက် (၈ပေ၊၄ပေ) အကျယ် ပျိုးဘောင် (၅)ပေါင်လိုသည်။ပလတ်စတစ်အခင်းပေါ်ရှိ သစ်သားပေါင်အတွင်းသို့ ရောစပ်ထားသော မြေကိုထည့်ပါ။ တစ်ပေါင်ရှိ အကွက်ငယ် (၁၆) ကွက်အတွင်း နို့ဆီဗူး (၂)လုံး ကို အသုံးပြု၍ ပျိုးကြဲ၊နို့ဆီဗူး(၂)လုံးကို ဗူးဝက်စီ အညီအမျှ(၄)ပုံ ပုံပါ၊၊ ဗူးဝက်တစ်ခုစီအား အကွက်(၄)ခုအတွက် ကြဲပက်ရန်ဖြစ်သည်။ (မျက်နှာပြင်ကို ညီညာစေပြီး အညှောက် ဖောက်ထားသော မျိုးစေ့များကို ကြဲ ပက်ပါ) ကြဲပက်အပြီး မြေကြီးဖြင့် ခပ်ပါးပါးဖုံးအုပ်ပေးပြီး သင့်လျော်သော အစိုဓါတ်ရရှိစေရန် ရေပန်းကရားဖြင့် ရေလောင်းပေးပါ။ သစ်သားပေါင်ကို ဖယ်လိုက်လျှင် ပျိုးခင်းတစ်ခုကို ရပါသည်၊ ထပ်မံ၍ ကောက်ရိုးပါးပါးဖြင့် ဖုံးအုပ်ပေးပါ။ ပထမ(၅)ရက်တွင် အစိုဓါတ်လိုအပ်ပါက နေ့စဉ်နံနက်နှင့်ညနေတို့၌ ရေလောင်းပေးရန်၊(၃)ရက် အကြာအပင်ငယ်များအညွန့်ထွက်ချိန်တွင် ကောက်ရိုးကိုဖယ်ရှားပေးရန်၊အရွက်(၂)ရွက်ထွက်ချိန်တွင် စိုက်ပျိုးရန်သင့်တော်သောအချိန်ဖြစ်သည်။


(၆)စိုက်ခင်းမြေပြင်ခြင်း နှင့်စိုက်ပျိုးခြင်း

ပုံမှန်အတိုင်းပြုပြင်ရန်ဖြစ်သည်။ အခြောက်ထယ်ထိုးခြင်း မပြုရပါ။လယ်ကွက်သည် ရေပြင်ညီဖြစ်ရန်နှင့်ပျိုးပင်ရွှေ့ပြောင်းစိုက်ပျိုးရာတွင် ရေမရှိရန်လိုအပ်ပါသည်။ (ပျိုးပင်ငယ်၍) ပျိုးသက် (၈-၁၂) ရက်ကြားအပင်ကို ရွှေ့ပြောင်းစိုက်ပျိုးရန်ဖြစ်သည်။ ပျိုးပင်ငယ်အား ထိခိုက်မှုမရှိစေရေး ဂရုပြုရန် လိုအပ်ပါသည်။ ပျိုးပင်ကို လက်မနှင့်လက်ညှိုးကြားထားပြီး မြေကြီးနှင့်အတူယူပါ။ မြေပြင်အထက် (၁) လက်မအကွာမှလက်ညှိုးကို အသုံးပြုပြီး အောက်ဖက်ကိုညင်သာစွာ ဆွဲပြီးစိုက်ပျိုးရန်တန်းကြားပင်ကြား (၁၀×၁၀) လက်မအနည်းဆုံးထားသင့်ပါသည်။ (၁၂)တန်း(၁)တန်းလှပ်လမ်းများ ချန်ပေးရန်လိုအပ်ပါသည်။(လယ်ကွင်းအတွက်လေဝင်လေထွက် ကောင်းမွန်စေသည်။ ရလဒ်အဖြစ်ပိုးမွှားရောဂါကျရောက်မှုနှုန်းကိုလျော့ကျစေရန်)

(၇)ရေအသုံးချမှု

မြေပြင်တွင် ရေအမြဲလွှမ်းနေခဲ့လျှင် အမြစ်များသည် အောက်စီဂျင်ချို့တဲ့မှုကြောင့် သေကြေမှု ဖြစ်ပွားနိုင်သည် ။ SRI နည်းတွင်ရေကိုအမြဲဖုံးလွှမ်းမနေရေး စီစဉ်ပေးရန်လိုအပ်ပါသည်။ ရေသွင်းရေထုတ်တစ်လှည့်စီ ပြုလုပ်ပေးရသည်။ ရေထုတ်အပြီးမြေဆီလွှာ၏ အပေါ်ယံကြောအက်ကွဲသည့် အချိန်တွင်ရေကို ပြန်လည်သွင်းပေးရမည်။ ပေါင်းတွန်းကိရိယာမသုံးမီ(၁)ရက်အလိုတွင် လယ်ကွင်းအားရေသွင်းပေးရန်လိုအပ်သည်။ မှို့ကပ်ချိန်နှင့်ရင့်မှည့်ချိန်အကြားရေကို (၁) လက်မခန့်သာ သွင်းထားရန်လိုအပ်သည်။ စပါးစေ့များ၏(၇၀)ရာခိုင်နှုန်းခန့် မာလာသည့်အချိန်တွင် ရေထုတ်ပေးရပါမည်။

(၈)ပေါင်းနှိမ်နှင်းခြင်း

SRI နည်းတွင်ရေအမြဲမရှိသည့်အတွက် ပေါင်းများပိုမိုပေါက်သည်။ပေါင်းများကိုလက်နှင့်နှုတ်ပြီး လယ်ကွက်၏အပြင်ဘက်သို့ပစ်မည့်အစား ပေါင်းတွန်းကိရိယာကိုအသုံးပြုပြီး မြေဆီလွှာအတွင်း ထည့်သွင်းလျှင်အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည်။ပေါင်းတွန်းကိရိယာကို ပြောင်းရွှေ့စိုက်ပြီး (၁၀)ရက်နှင့်(၂၀)ရက်မြောက်သောရက်များတွင် အသုံးပြုရန်ဖြစ်သည်။လိုအပ်လျှင် (၃၀)ရက်နှင့်(၄၀)ရက်များတွင် ဆက်လက်အသုံးပြုရန်ဖြစ်သည်။


(၉)ပိုးမွှားရောဂါထိန်းသိမ်းမှု

SRI နည်းတွင်အော်ဂဲနစ်မြေဩဇာကို အသုံးပြုရသည့်ရလဒ်အဖြစ် အပင်များကျန်းမာကြံ့ခိုင်ပြီး ပိုးမွှားရောဂါကျရောက်မှုနှုန်း လျော့စေသည်။ ပိုးမွှားများကို Amrit jalam နည်းဖြင့် နှိမ်နှင်းနိုင်သည် ။(က)နွားကျင်ငယ်ရေ (၁)လီတာ၊ (ခ)နွားချေး(၁)ကီလိုဂရမ် (သို့) (၆၀) ကျပ်သားခန့် (ဂ)ထန်းလျက်(၂၅၀)ဂရမ် (သို့)(၁၅-၂၅)ကျပ်သား(ဃ)ရေ(၁၀)လီတာ

ပြင်ဆင်အသုံးပြုပုံ

အထက်ပါ ပစ္စည်းများကို ပလပ်စတစ်ပုံး (သို့) မြေအိုးတစ်လုံးတွင် ထည့်သွင်းရောစပ်ပြီး (၂၄)နာရီ အချဉ်ဖောက်ပါ။ ရရှိသော ဖျော်ရည်နှင့် ရေကို (၁:၁၀) အတိုင်းရောစပ်ပြီး ဆေးဖျန်းပုံးအတွင်း အဝတ်သန့်သန့်တစ်ခုဖြင့် စစ်ထည့်ကာ အသုံးပြုရန်ဖြစ်သည်။ ဖျော်ရည်ကို ရက်ပေါင်း (၃၀) ထိထားရှိနိုင်သည်။ နေ့စဉ်မွှေရန် လိုအပ်ပါသည်။