Drum Seeder ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်း

  • Thu, 23 June 2022



Drum Seeder ဖြင့်  စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်း

လယ်ယာလုပ်သားရှားပါးသော အခြေအနေနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများကို ကျော်လွားရန် ဝန်ကျဉ်း၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်သော စိုက်ပျိုးနည်းစနစ် ဖြစ်ပါသည်။ 



စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ

ကြဲခင်းထက် မျိုးစေ့နှုန်းထား လျော့ချနိုင်ပါသည်။ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေပါသည်။ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာ ရရှိစေပါသည်။ ရေကြီးနစ်မြုပ်ခြင်းနှင့်ရေငတ်ဒါဏ်ကို ပိုမိုခံနိုင်ရည်ရှိစေပါသည်။ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေပါသည်။ ရေကို ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။ ပျိုးထောင် စိုက်ပျိုးခြင်းစနစ်နှင့်အထွက်နှုန်း သိသာစွာ ကွဲပြားခြားနားမှု မရှိပါ။





၁။ စပါးမျိုးရွေးချယ်ခြင်း နှင့် မြေပြုပြင်ခြင်း 

စားသုံးမှု အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သော ဒေသနှင့်ကိုက်ညီသည့် သက်လျင်စပါးမျိုးသန့်များကို စိုက်ပျိုးရန်ဖြစ်ပါသည်။ အလွန်စေးကပ်သော မြေနှင့်မညီညာသော သမန်းပြင်တွင် မျိုးစေ့ချကိရိယာအသုံးပြု၍ မရနိုင်ပါ။ စိုက်ခင်းအား ပုံမှန်အတိုင်း ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက် ထွန်ယက်ပါ။ မျိုးစေ့ချရန် သင့်တော်သော မြေအစိုဓါတ်ရှိချိန်တွင် မြေခံမြေဩဇာထည့် သွင်း၍ ကြမ်းတုံးရိုက် မြေညှိပါ။ စိုက်ခင်းသမန်း မြေညီညာပြီး ရေပြောင်စင်အောင် ထုတ်ပြီးမှ စိုက်ပျိုးရမည်။ (စိမ့်မြောင်း၊ပတ်မြောင်းများပြုလုပ်ထားရမည်။)


၂။ မျိုးစေ့ချခြင်း 

တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့(၀.၅ - ၁)တင်း အသုံးပြုရမည်။ စပါးစေ့များကို (၁၂)နာရီကြာ ရေစိမ်၍ ရေပေါ်ပေါ်သော မျိုးစေ့များကို ဖယ်ရှားကာ မျိုးအုပ်ရမည်။ မျိုးစပါးကို စာပါးစပ်ပြူ အနေအထားတွင် မျိုးစေ့ချကိရိယာအသုံးပြု၍ မျိုးစေ့ချရမည်။ မျိုးစေ့ချကိရိယာ၏ ပုံးထဲသို့ မျိုးစေ့ထည့်ရာတွင် ပုံး၏ (၃)ပုံ(၂)ပုံထက် မပိုစေရပါ၊ (မျိုးညှောက်ဖေါက်ရာတွင်အညှောက်မရှည်စေရန်နှင့် စိုထိုင်းမှုမများစေရန် သတိပြုရပါမည်။)  မျိုးစေ့ချပြီးချိန်မှ (၅)ရက်အတွင်း ကြွက်၊ငှက်၊တိရိစ္ဆာန်တို့၏ ဖျက်ဆီးခြင်းမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။ 

၃။  မြေဩဇာကျွေးခြင်း 

တစ်ဧကအတွက် မြေခံအဖြစ် သဘာဝမြေဩဇာ/နွားချေးဆွေးလှည်း(၅)စီးခန့်နှင့် (၁၅-၁၅-၁၅)ကွန်ပေါင်းမြေဩဇာ(၅၀)ကီလိုဂရမ်တစ်အိတ် အသုံးပြုပါ။ အပင်ပွားစီးချိန်တွင် ပုလဲဓါတ်မြေဩဇာတစ်ဧကအိတ်ဝက် (အိတ်ဝက်/ဧကနှုန်း) မှို့ကပ်ချိန်တွင် ပိုတက်ရှ်မြေဩဇာ တစ်ဧကတစ်စိတ်(၁/၄ အိတ်/ဧက) နှုန်း ထည့်သွင်းပေးပါ။ ကောက်ရိုး၊နှမ်းရိုး၊ စပါးခွံ စသည့် သီးနှံအကြွင်းအကျန်များနှင့် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် ထည့်ပါက အပင်၏အနည်းလိုအာဟာရဓါတ်များကို ပံ့ပိုးပေးသည့်အပြင် မြေ၏ ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။ မြေဆီလွှာဓာတ်ခွဲ ခန်းများတွင် မြေဆီလွှာစမ်းသပ်စစ်ဆေး၍ ထောက်ခံချက်ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်းအသုံးပြုသင့်ပါသည်။ 

၄။ရေသွင်းရေထုတ်ပြုလုပ်ခြင်းနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း  

ရေတော်မိုးတော်နှင့် ဆည်ရေသောက်ဒေသများတွင် ရေကို အကျိုးရှိစွာ ခြိုးခြံချွေတာပါ။ လိုပါကအသုံးပြုရန် အကောင်းဆုံးစိုက်ပျိုးနည်းဖြစ်ပါသည်။ ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။ မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်စွာ ရရှိရန် လိုပါသည်။ ရိတ်သိမ်းရာတွင် လွယ်ကူစေရန် ပန်းပွင့်စုံပြီးနောက် (၂၀-၂၅)ရက်အတွင်း ရေထုတ်ပေးရမည်။ မြေကိုကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းပါ၊ (ပထမအကြိမ် ထယ်ထိုးထွန်ယက်ပြီးနောက် ပေါင်းပင်ငယ်များ ပေါက်ခါစတွင် ဒုတိယအကြိမ် ထယ်ထိုးထွန်မွှေခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းပါ။) ပေါင်းနှိမ်နင်းခြင်းကို စိုက်ပြီး(၃၀‒၄၅)ရက်အတွင်း အပြီးဆောင်ရွက်ပါ။ (သမန်းနှိုးကိရိယာကိုအသုံးပြု၍ ပေါင်းမြက်နှိမ်နင်းပါ။) ပေါင်းသတ်ဆေးကို လိုအပ်မှ အသုံးပြုပါ။ ပေါင်းမြက်ဆိုး ရွားစွာကျရောက်ပါက ပေါင်းပင်အမျိုးအစားပေါ်မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပါ။ 

၆။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း 

ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ/မရှိကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။ ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် အတွက် စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များကို ရှင်းလင်းခြင်း၊ ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကာပစ္စည်းများအသုံးပြုခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်သင့်ပါသည်။

 



၇။ ရိတ်သိမ်းခြင်း 

စပါးနှံ၏ (၈၀‒၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့၍ အခြောက်ခံပါ။ စပါးအစိုဓါတ်သည်မျိုးအတွက် (၁၃) ရာ ခိုင်နှုန်းနှင့် စားသုံးမည့်စပါးအတွက် (၁၄)ရာခိုင်နှုန်း လိုအပ်ပါသည်။