(Wet Direct Seeding) စပါးတိုက်ရိုက်မျိုးစေ့ချ(အစို)စိုက်ပျိုးနည်း
- Fri, 13 January 2023
ရေကြီးကွင်းရေနက်ကွင်းများနှင့် သဲဆန်ကုန်းကြောဒေသများတွင် စိုက်ပျိုးနိုင်သောနည်း ဖြစ်သည်။စပါးတိုက်ရိုက်မျိုးစေ့ချ(အစို) စိုက်ပျိုးနည်းသည်မြန်မာနိင်ငံ၌ နွေစပါးစိုက်ပျိုးရာတွင် အဓိကအသုံးပြုကြပြီးမိုးစပါးစိုက်ပျိုးရာတွင် ရေကြီးကွင်း၊ရေနက်ကွင်းများတွင်ရေမဝင်ရောက်မီကြိုတင်စိုက်ပျိုးလေ့ရှိပါသည်။
စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ
ပျိုးနှုတ်ခြင်း၊ရွှေ့ပြောင်း စိုက်ပျိုးခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေပါသည်။ ပြောင်းရွှေ့စိုက်ပျိုးခြင်း မပြုလုပ်ရသည့်အတွက် အပင်ထိခိုက်မှုမရှိစေပါ။ အစိုမျိုးစေ့ချစိုက်ပျိုးခြင်းသည် အခြောက်မျိုးစေ့ချ စိုက်ပျိုးခြင်းထက် အပင်ပေါက်ရောက်ဖြစ်ထွန်းမှု သေချာစေပါသည်။ မြေဆီလွှာရုပ်ဂုဏ်သတ္တိကို တိုးတက်ကောင်းမွန်စေပါသည်။ မျိုးတူပါက ပျိုးထောင်စိုက်ပျိုးခြင်းထက် ရိတ်သိမ်းချိန်(၇-၁၀)ရက်ခန့် စောနိုင်ပါသည်။
၁။ စပါးမျိုးရွေးချယ်ခြင်းနှင့်မြေပြုပြင်ခြင်း
ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်းအားကောင်းပြီး၊ အထွက်ကောင်းမျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။ စိုက်ခင်းအားပုံမှန်အတိုင်း ထယ်ရေးနက်နက်နှင့်ထွန်ရေးညက်ညက် ထွန်ယက်ပါ။ မျိုးစေ့ချရန် သင့်တော်သော မြေအစိုဓါတ်ရှိချိန်တွင် မြေခံမြေဩဇာထည့်သွင်း၍ ကြမ်းတုံးရိုက်မြေညှိပါ။ စိုက်ခင်းသမန်းမြေညီညာပြီးရေပြောင်စင်အောင် ထုတ်ပြီးမှ စိုက်ပျိုးရမည်။ (စိမ့်မြောင်း၊ပတ်မြောင်းများ ပြုလုပ်ထားရမည်။)
၂။ မျိုးစေ့ချခြင်း
တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၁.၀-၁.၅)တင်း အသုံးပြုရမည်။ စပါးစေ့များကို (၂၄) နာရီကြာ ရေစိမ်၍ ရေပေါ်ပေါ်သောမျိုးစေ့များကို ဖယ်ရှားကာ(၂၄)နာရီကြာမျိုးအုပ်ရမည်။ မျိုးစပါးကို စာပါးစပ်ပြူအနေအထားတွင် ကြဲပက်၍ သော်လည်းကောင်း၊ ကြိုးတန်းဆွဲ၍အတန်းလိုက် မျိုးစေ့ချ၍သော်လည်းကောင်း မျိုးစေ့ချရမည်။ မျိုးစေ့ချပြီးချိန်မှ(၅)ရက်အတွင်း ကြွက်၊ငှက်၊တိရိစ္ဆာန်တို့၏ ဖျက်ဆီးခြင်းမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။
၃။ မြေဩဇာကျွေးခြင်း
တစ်ဧကအတွက် မြေခံအဖြစ်သဘာဝမြေဩဇာ/နွားချေးဆွေးလှည်း(၅)စီးခန့်နှင့် (၁၅‒၁၅-၁၅)ကွန်ပေါင်းမြေဩဇာ(၅၀)ကီလိုဂရမ်တစ်အိတ် အသုံးပြုပါ။ ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ(၅)ရက်အလိုတွင် အိတ်ဝက်စီ(တစ်အိတ်/ဧကနှုန်း)မှို့ကပ်ချိန်တွင် ပိုတက်ရှ်မြေဩဇာ တစ်ဧကတစ်စိတ်(၁/၄အိတ်)/ဧကနှုန်းထည့် သွင်းပေးပါ။ကောက်ရိုး၊နှမ်းရိုး၊စပါးခွံ စသည့်သီးနှံ အကြွင်းအကျန်များနှင့် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင်ထည့်ပါက အပင်၏ အနည်းလိုအာဟာရဓါတ်များကို ပံ့ပိုးပေးသည့်အပြင် မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။ မြေဆီလွှာဓါတ်ခွဲခန်းများတွင် မြေဆီလွှာစမ်းသပ်စစ်ဆေး၍ ထောက်ခံချက်ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်းအသုံးပြုသင့်ပါသည်။
၄။ ရေသွင်းရေထုတ်ပြုလုပ်ခြင်းနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း
ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေ:ရမည်။ မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်စွာ ရရှိရန်လိုပါသည်။ ရိတ်သိမ်းရာတွင် လွယ်ကူစေရန်ပန်း ပွင့်စုံပြီးနောက်(၂၀-၂၅)ရက်အတွင်း ရေထုတ်ပေးရပါမည်။ ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန်လိုအပ်ပါသည်။ မြေကိုကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအား နှိမ်နင်းနိုင်သည်။ လက်ဖြင့်ဖြစ်စေ၊ ကြားပေါင်းလိုက်ကိရိယာဖြင့်ဖြစ်စေ ပေါင်းမြက်နှိမ်နှင်းခြင်းကို အပင်ပေါက်ပြီး(၁)ပတ်မှ(၁)လအတွင်း ဆောင်ရွက်ရပါမည်။
၅။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း
ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှုရှိ/မရှိကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။ ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်နှင့်ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။ ကြွက်ကြောင့်သီးနှံလေလွင့် ဆုံးရှုံးမှုလျော့နည်းစေရန် အတွက်စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များကို ရှင်းလင်းခြင်း၊ ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကာပစ္စည်း များအသုံးပြခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်နိုင်ပါသည်။
၆။ ရိတ်သိမ်းခြင်း
စပါးနှံ၏ (၈၀‒၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့၍ အခြောက်ခံပါ။စပါးအစိုဓါတ်သည် မျိုးအတွက်(၁၃)ရာခိုင်နှုန်းနှင့် စားသုံးမည့်စပါးအတွက် (၁၄)ရာခိုင်နှုန်း လိုအပ်ပါသည်။