ပိုးစာပင်မျိုးပွားခြင်း
- Wed, 11 January 2023
လိင်မဲ့မျိုးပွားခြင်း (Asexual Propagation) နှင့်လိင်စုံမျိုးပွားခြင်း (Sexual Propagation ) ဟု(၂)မျိုးရှိသည်။
လိင်မဲ့မျိုးပွားခြင်း (Asexual propagation)
အပင်အစိတ်အပိုင်းမှမျိုးပွားယူခြင်းဖြစ်သည်။မိဘနှင့်တူညီသောမျိုးကိုရရှိသည်။အစေ့မအောင်နိုင်သည့်ပိုးစာမျိုးများနှင့်မျိုးကောင်းမျိုးသန့်များကိုအများအပြားမျိုးပွားနိုင်ရန်အသုံးပြုသည်။လိင်မဲ့မျိုးပွားခြင်းတွင်
(၁) ကိုင်းဖြတ်မျိုးပွားခြင်း ( Cutting )
(၂) ကိုင်းဆက်မျိုးပွားခြင်း ( Grafting )
(၃) မြေထုပ်စည်းမျိုးပွားခြင်း (သို့) မြေမြှုပ်မျိုးပွားခြင်း (Layering) တို့ရှိသည်။
လိင်စုံမျိုးပွားခြင်း(Sexual propagation)
အဖို၊အမဝတ်မှုံကူး၍အစေ့မှမျိုးပွားခြင်းဖြစ်သည်။မျိုးသစ်များရရှိရန်၊စပ်မျိုးများထုတ်လုပ်စိုက်ပျိုးနိုင်ရန်နှင့်မျိုးကိုင်းသယ်ယူရန်ခက်ခဲသောဒေသများတွင်မျိုးစေ့မှအပင်အမြောက်အမြားကိုပွားယူနိုင်ရန်၊လိင်စုံမျိုးပွားနည်းကိုသုံးသည့်အစေ့စိုက်အပင်သည်ရေသောက်မြစ်အဖွဲ့အစည်းဖြစ်၍အပင်သက်တမ်းပိုရှည်၍ရှင်သန်မှုကောင်းသည်။
ပိုးစာပင်စိုက်ပျိုးမှုပုံစံများ
ပိုးစာပင်စိုက်ပျိုးခြင်းကိုအောက်ပါနည်းလမ်း (၃) မျိုးဖြင့်စိုက်ပျိုးနိုင်ပါသည်။
(က) ပိုးစာတစ်မျိုးတည်းအဓိကထားစိုက်ပျိုးခြင်း (Monoculture Type)
( ခ ) အခြားသီးနှံကိုသီးညှပ်ထည့်၍စိုက်ပျိုးခြင်း ( Inter- crop Type)
( ဂ ) ကန်သင်း၊ခြံစည်းရိုးများတွင်စိုက်ပျိုးခြင်း (Field border Type)
မြန်မာနိုင်ငံတွင်ပိုးစာပင်များကိုသီးသန့်စိုက်ခင်းများထူထောင်၍စိုက်ပျိုးကြရာ(Monoculture type)နှင့်(Inter Crop Type)များဖြင့်သာစိုက်ပျိုးလေ့ရှိပါသည်။
ပိုးစာပင်ကိုင်းဖြတ်ခြင်း
ပိုးမွေးပုံနည်းစနစ်ကိုလိုက်၍ကိုင်းဖြတ်ကျွေးပါကပြန်တက်လာမည့်ကိုင်းများကိုစနစ်တကျဖြစ်ရန်ပြုပြင်ပေးရမည်။အရွက်ခူးကျွေးပါကတစ်နှစ်လျှင်(၂)ကြိမ်ခန့်ကိုင်းဖြတ်ပေးရမည်။ပြုစုအသုံးပြုမည့်ပုံစံကိုလိုက်၍အပင်ပုံစံပုံသွင်းနည်း(၃)မျိုးထား၍စိုက်ပျိုးနိုင်သည်။
အပင်အမြင့်ပုံစံဖြတ်ခြင်း ( High Cut Form)
ပိုးစာပင်ကိုအမြင့်ထားမည့်ပုံစံသွင်းပါကမြေပြင်မှ(၃')အမြင့်တွင်ပင်စည်ကိုဖြတ်ပေးခြင်းဖြင့်ပြန်ထွက်လာသောကိုင်းများမှရှင်သန်မှုကောင်းသော(၃-၅)ကိုင်းကိုရွေးချယ်၍မွေးမြူခြင်းဖြစ်ပါသည်။
အပင်လတ်ပုံစံဖြတ်ခြင်း( Medium Cut Form)
ပိုးစာပင်ကိုမြေပြင်မှ(၁၁/၂'/၂')လောက်မှဖြတ်၍ထွက်လာသောသန်မာသည့်ကိုင်း(၃/၅)ကိုင်းကိုမွေးမြူထားခြင်းဖြစ်သည်။
အပင်နိမ့်/ ခြုံပုတ်ပုံစံဖြတ်ခြင်း(Low Cut Form/Bush Type)
မြေပြင်မှ(၉")ခန့်တွင်ပိုးစာပင်ကိုဖြတ်၍ထွက်လာသောသန်မာသည့်ကိုင်းများကိုချန်၍မွေးမြူခြင်းဖြစ်သည်။အပင်တန်းကြားကျယ်ပါကကိုင်းများများချန်နိုင်သည်။ဖြတ်ပြီးပေါင်းမစီးရန်ဂရုစိုက်ရမည်။အပင်အိုများကိုပြန်လည်မွေးမြူလိုပါကမြေပြင်နှင့်ကပ်၍ဖြတ်(Base/cut)ပြီး၊မြေသြဇာကျွေး၍အပင်သစ်ကိုင်းသစ်များဖြစ်ရန်မွေးမြူရသည်။ပိုးစာပင်သည်နှစ်ရှည်ပင်ဖြစ်သဖြင့်စိုက်ပျိုးချိန်နှင့်ကိုင်းဖြတ်ချိန်များတွင်စနစ်တကျဂရုပြုဆောင်ရွက်ခြင်းဖြင့်အရွက်ထွက်ကောင်း၍အပင်သက်တမ်းပို၍ရှည်သည်။မိုးရာ သီတွင်(ဇွန်၊ဇူလိုင်)(low cut, medium cut)ဖြတ်၍ဆောင်းရာသီ(ဒီဇင်ဘာ)တွင်(High cut)သို့မဟုတ်(Topping)တို့ပြုလုပ်ပေးရမည်။