ပိုးစာစိုက်ပျိုးရေးနည်းစနစ်များ
- Wed, 11 January 2023
ပိုးစာပင်စိုက်ပျိုးရန်အခြေခံလိုအပ်ချက်များ
(က) မြေအမျိုးအစား
မြေအမျိုးအစားမရွေးဖြစ်ထွန်းနိုင်သော်လည်းရေဝပ်သောမြေ၊သဲဆန်သောမြေ၊ရွှံ့စေးမြေများတွင်စိုက်ပျိုးရန်မသင့်ပါ။သဲနုန်းမြေကိုအနှစ်သက်ဆုံးဖြစ်သည်။မြေစေးပါဝင်မှု(၂၀-၄၀)% ရှိနုန်းမြေ။ချဉ်ငံဓါတ်pH (၆.၅မှ၇)ရှိသောမြေ။အပင်စုတ်ယူစားသုံးနိုင်သောမြေသားထုပါဝင်မှု(၂')အထက်ရှိသောမြေ။အပေါ်ယံမြေပါဝင်မှု(၁') ရှိသောမြေ။မြေအောက်ရေအနက်(၃')ထက်လျော့နည်းသောမြေတို့တွင်ပိုမိုဖြစ်ထွန်းသည် ။
(ခ) ရာသီဥတု
အပူချိန်(၁၅ºCမှ၄၀ºC)အတွင်းစိုက်ပျိုးနိုင်သော်လည်းဖွံ့ဖြိုးကြီးထွားမှုအတွက်အသင့်တော်ဆုံးမှာ(၂၀ºC နှင့် ၃၀ºC)ကြားဖြစ်သည်။မိုးရေချိန်မှာတစ်နှစ်လျှင်(၄၀"မှ၁၀၀") ကြားရွာသွန်းသောဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းသည်။မိုးမလုံလောက်ပါကရေသွင်း၍လည်းစိုက်ပျိုးနိုင်သည်။တစ်နေ့တာအလင်းရောင်လိုအပ်မှုမှာ(၉- ၁၃)နာရီ၊စိုထိုင်းဆမှာ(၆၅- ၈၀)%ဖြစ်သည်။
ပိုးစာပင်စိုက်ပျိုးနည်းစနစ်နှင့်အပင်ပြုစုမှုလုပ်ငန်းများ
ပိုးစာပင်စိုက်ပျိုးရန်မြေနေရာရွေးချယ်ခြင်း
အောင်မြင်ဖြစ်ထွန်းသောပိုးစာခင်းဖြစ်ရန်ပိုးစာပင်စိုက်ပျိုးမည့် မြေနေရာကိုအောက်ပါအချက်များအားအထူးဂရုပြုရွေးချယ်စိုက်ပျိုးရန်လိုအပ်ပါသည်။
(၁) နေရောင်ခြည်နှင့်လေဝင်လေထွက်ညံ့သောသစ်တောနှင့်နီးစပ်သည့်နေရာများမှာရောဂါနှင့်ပိုးကျရောက်နိုင်ခြင်းကြောင့်မရွေးချယ်သင့်ပါ။
(၂) အလွန်မတ်စောက်၍ကျောက်သားထူသောနေရာများကိုမရွေးချယ်သင့်ပါ။
(၃) ပိုးမွေးရုံနှင့်အလှမ်းဝေးသောနေရာများမရွေးသင့်ပါ။
(၄) ရေဝပ်၊ရေလွှမ်းသောနေရာများမရွေးချယ်သင့်ပါ။
(၅) ပိုးသတ်ဆေး၊ဓါတ်မြေသြဇာသုံးစွဲမှုများသည့်သီးနှံစိုက်ခင်းများနှင့်နီးသောနေရာများမရွေးချယ်သင့်ပါ။
(၆) လေတိုက်နှုန်းများသော နေရာဖြစ်ပါက၊လေကာပင်စိုက်ပျိုးနိုင်သောမြေအကျယ်ရှိရပါမည်။
မြေပြုပြင်ခြင်း
ဆောင်းကုန် နွေအကူးတွင်တောရှင်း၊ငုတ်တူး၊ကျွန်းခွေ၊မီးရှို့ခြင်းများဆောင်ရွက်ပြီးထယ်ရေးကိုနက်နက်နှင့်ညက်ညက်ထွန်ပါ၊စိုက်ကျင်း(သို့)စိုက်မြောင်းများတူး၍ဓါတ်မြေသြဇာနှင့်နွားချေးမြေသြဇာ၊မြေဆွေးများကိုထည့်၍စိုက်ပျိုးရမည်။တန်းကြားပင်ကြားကို(၂'x၂'(သို့)၃'x၁')စသည်ဖြင့်ထား၍အနက်(၂')ခန့်ဖြင့်တူးပြီးမြေဆွေးထည့်၍ ပျိုးပင်များချ၍စိုက်နိုင်သည်။ယေဘုယျအားဖြင့်မြေအမျိုးအစားနှင့် အခြေအနေကိုစစ်ဆေး၍မြေကောင်းပါကတစ်ဧကလျှင်နွားချေး(၁၀)တန်၊ကွန်ပေါင်းမြေသြဇာ(၂) အိတ်နှုန်းထည့်ပေးရသည်။မြေချဉ်သောဒေသများတွင်ထုံးထည့်ပေးရမည်။ပိုးစာပင်မျိုးကွဲပေါ်မူတည်၍စိုက်စနစ်အမျိုးမျိုး ဖြင့်တစ်ဧကလျှင်အပင်ဦးရေ(၁၀၀၀၀)မှ (၁၅၀၀၀)ပင်ခန့်ထိစိုက်ပျိုးနိုင်သည်။အပင်ဦးရေများပါကအရွက်ထွက်များ၍ ပိုးမွေးကြိမ်ရေများများမွေးနိုင်သည်။
ပိုးစာပင်စိုက်ပျိုးခြင်း
ပိုးစာပင်စိုက်ပျိုးခြင်းကို အောက်ပါနည်းလမ်း(၂) မျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်။
(၁)တိုက်ရိုက်စိုက်ပျိုးခြင်း
မျိုးကိုင်းများကိုသုံး၍စိုက်ပါကစိုက်ခင်းထဲတွင်တိုက်ရိုက်စိုက်ပျိုးနိုင်ပါသည်။(၆လမှ၈လ)ပိုးစာကိုင်းများ(လုံးပါတ်လက်ညှိုးအရွယ်)ကိုအဖူး(၂-၃)ဖူးပါကိုင်းများဖြတ်၍တစ်ကျင်းလျှင်(၂)ကိုင်းထိုး၍စိုက်နိုင်သည်။စိုက်စနစ်အလိုက်(၂')အကျယ်(၂')အနက်စိုက်ကျင်းတူး၍လည်းကောင်း၊(၁.၅')အကျယ်၊(၂')အနက်မြောင်းများတူး၍လည်းကောင်း တစ်ကျင်းလျှင်(၂ )ကိုင်းနှုန်းဖြင့်စိုက်ပျိုးနိုင်ပါသည်။
(၂)ပျိုးထောင်စိုက်ပျိုးခြင်း
ပျိုးအိတ်ဖြင့်စိုက်ခြင်းနှင့်ပျိုးဘောင်ဖြင့်စိုက်ခြင်းတို့ဖြစ်သည်။မျိုးစေ့နှင့်မျိုးကိုင်းများကိုပျိုးအိတ်တွင်လည်းကောင်း၊ပျိုးဘောင်တွင်လည်းကောင်းပျိုး၍အပင်ရှင်သန်၍စိုက်ချိန်ရောက်မှစိုက်ခင်းတွင်ချ၍စိုက်ခြင်း ဖြင့်ရှင်သန်မှုနှုန်ကောင်းသည်။စိုက်ခင်းတွင်ပြောင်းရွှေ့စိုက်ပြီး၊အပင်သေများကိုဖာထေးရန်ပျိုးပင်များကိုအပိုဆောင်းစိုက်ပျိုးထားသင့်သည်။(၁၅'-၂၀x၂')ပျိုးဘောင်များတွင်မြေဆွေးနှင့်နွားချေးကိုဇကာချ၍နွေ နှင့်ဆောင်းရာသီပျိုးပါကဘောင်နိမ့်၊မိုးရာသီပျိုးပါကဘောင်မြင့်ပြုလုပ်၍ပျိုးနိုင်သည်။မျိုးကိုင်းများကိုကိုင်းဖြတ်ချိန်များတွင်လည်းကောင်း၊မျိုးစေ့ကိုပိုးစာသီးမှည့်သည့်(မတ်-ဧပြီ)လများတွင်လည်းကောင်းပျိုး ထောင်ထားနိုင်သည်။
စိုက်ပျိုးချိန်
ပိုးစာပင်စိုက်ပျိုးခြင်းကိုမိုးရေသောက်ဒေသများတွင်မေ၊ ဇွန်တွင်စိုက်ပျိုးနိုင်ပြီး၊ရေပေးသွင်းနိုင်ပါကဆောင်းရာသီမှလွဲ၍မည်သည့်အချိန်မဆိုစိုက်ပျိုးနိုင်ပါသည်။အပူချိန်နည်းပါကအပင်ရှင်သန်မှုနှေးကွေးသည်။
ပင်ကြားတန်းကြားအကွာအဝေး
တစ်ဧကဝင်ဆန့်သည့်အပင်ဦးရေနှင့်ပိုးစာရွက်အထွက်နှုန်းမှာတိုက်ရိုက်ဆက်စပ်လျက်ရှိရာတန်းကြားပင်ကြားအကွာအဝေးသည်အလွန်အရေးကြီးပါသည်။အရွက်ထွက်နှုန်းအများဆုံးရရှိရန်အပင်အရေအတွက်၊ ပိုးစာကိုင်းအရှည်၊ ကိုင်းအရေအတွက်တို့သည်လည်း ဆက်စပ်လျက် ရှိပါသည်။တဖန်ပိုးစာမျိုးကွဲများအလိုက်အပင်ဖြစ်ထွန်းမှုပုံစံအပေါ်မူတည်၍လည်းပင်ကြားတန်းကြားအကွာအဝေးများကိုချင့်ချိန်ရမည်ဖြစ်ရာတန်းကြားပင်ကြားစိတ်လွန်းပါကအပင်ကြီးထွားမှုညံ့ဖျင်းကာအရွက်အထွက်နှုန်းကျဆင်းနိုင်ပါသည်။နိုင်ငံပိုင်ပိုးစာခြံများတွင်စိုက်ပျိုးလျက်ရှိသောပင်ကြားတန်းကြားအကွာအဝေးမှာမြန်မာရွက်ကြီးနှင့်အခြားမျိုးများကို(၃ပေ x ၁၀-၁၂လက်မ)ဖြင့်လည်း ကောင်း၊ KSS တရုတ်မျိုးများကို(၃ပေ x ၈-၁၀)လက်မဖြင့်လည်းကောင်းစိုက်ပျိုးလျက်ရှိပါသည်။
ရွှေ့ပြောင်းစိုက်ပျိုးခြင်း
အမြင့်(၃)ပေ၊လုံးပတ်(၁)လက်မခန့်ရှိပျိုးသက်(၆-၁၂ လ)ရှိပျိုးပင်များကိုအသုံးပြုစိုက်ပျိုးပါကရှင်သန်မှုအကောင်းဆုံးဖြစ်ပါသည်။ပျိုးဘောင်မှပျိုးပင်များကိုအမြစ်ထိခိုက်မှုမရှိအောင်စနစ်တကျတူးယူပြီးအရွက်များဖယ်ရှားခြင်း၊မြစ်ပွားများဖယ်ရှားခြင်း ၊ရေသောက်မြစ်ကို(၈"မှ၁၂")ခန့်ချန်၍ဖြတ်ပစ်ခြင်းများပြုလုပ်ပြီးစိုက်ပျိုးရမည်ဖြစ်ပါသည်။ပိုးမွေးမြူမှုများပါကပိုးငယ်ဆင့်မွေးရန်ပိုးစာခင်းကိုသီးခြားစိုက်ပျိုးထားရမည်။အရွက်များအဟာရပြည့်ဝရန်၊လိုအပ်သောအငယ်ဆင့်အရွက်များလုံလောက်မှုရှိစေရန်၊ရောဂါနှင့်ပိုးကျ ရောက်မှုမရှိရန်၊နေရောင်ခြည်လုံလောက်စွာရရန်စနစ်တကျစိုက်ပျိုးထားသင့်ပါသည်။
အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ
စိုက်ခင်းတွင်ပျိုးပင်ဖြင့်စိုက်ပါကပျိုးသက်(၅လ-၆လမှ၁နှစ်)ရှိသောအပင်များကိုစိုက်ပျိုးသည်။စိုက်ပျိုးပြီး(၃ပါတ်မှ၁လ)ကြာလျှင်ပေါင်းရှင်းခြင်းဆောင်ရွက်ပေးရမည်။ဒုတိယအကြိမ်ပေါင်းရှင်းခြင်းကိုနောက် (၁လ)ခန့်တွင်ပြုလုပ်ပြီး၊ဓါတ်မြေသြဇာကျွေးခြင်းကိုပါဆောင်ရွက်ပေးရမည်။အပင်ငယ်များပေါင်းမစီးရန်ဂရုစိုက်၍၊ပင်ခြေဘောင်လုံးခြင်းတို့ကိုဆောင်ရွက်ပေးရမည်။ရေဝပ်သောမြေနေရာမျိုးဖြစ်ပါကရေစိမ့်စီးဆင်းမှုကောင်းစေရန်ရေထုတ်မြောင်းများဖောက်လုပ်ရန်နှင့်ခြောက်သွေ့သောမြေမျိုးဖြစ်ပါကအစိုဓာတ်ထိန်းသိမ်းမှုကောင်းမွန်စေရန်mulchingပြုလုပ်ပေးရန်လိုအပ်ပါသည်။အပင်ရှင်သန်မှုကောင်းပါကစိုက်ပြီး (၈ လ၊ တစ်နှစ်)တွင်စတင်ပိုးမွေးနိုင်သည်။အပြည့်အဝပိုးမွေးခြင်းကိုအပင်(၂- ၃)နှစ်သားမှစ၍ဆောင်ရွက်နိုင်သည်။
မြေသြဇာကျွေးခြင်း
မြေအမျိုးအစားပေါ်မူတည်၍ပိုးစာပင်ကြီးများကိုနှစ်စဉ်တစ်ဧကတွင်ယူရီးယား(၂)အိတ်မှ(၆) အိတ်၊တီစူပါ(၁)မှ(၃)အိတ်၊ပိုတက်(၁/၂)အိတ်မှ(၃)အိတ်၊နွားချေး(၈မှ၁၀)တန်ခန့်ထည့်သွင်းပေးရမည်။မိုးရာသီကိုင်းဖြတ်ပြီးချိန်နှင့်ပိုးမွေးပြီးရေသွင်းချိန်တို့တွင်ဓါတ်မြေသြဇာထည့်ခြင်းကိုဆောင်ရွက်နိုင်သည်။