အထွက်ကောင်းလမိုင်းပြုပြင်နည်းစနစ်
- Tue, 10 January 2023
ကြံလမိုင်းထားရှိသင့်သောအခြေအနေ။
ခင်းသစ်အထွက်နှုန်း (၂၅) တန်နှင့် အထက်၊ လမိုင်းခင်း အထွက်နှုန်း (၁၅)တန် နှင့်အထက်ထွက်ရှိသောကြံခင်းများ၊ ကြံသက်တမ်းတစ်နှစ်သားထက်မပိုပဲပိုးမွှား/ ရောဂါကျရောက်မှမရှိသောကြံခင်းများ၊လမိုင်းထားရှိချိန်တွင်ရာသီဥတုမပူလွန်းမအေးလွန်းရှိသောအခြေအနေများတွင်လမိုင်းထားသင့်ပါသည်။
မူလကြံခင်းခုတ်သိမ်းခြင်း။
လမိုင်းကြံပင်ပေါက်ညီညာစေရန်လမိုင်းထားမည့်မူလစိုက်ခင်းအားခုတ်သိမ်းရာတွင်တစ်ပတ်ထက်မကျော်လွန်ဘဲအပြီးခုတ်သိမ်းရပါမည်။ပေါက်ပြားထက်ထက်ဖြင့်အခြေကျကျခုတ်၍မြေအောက်(၂)လက်မခန့်နှိုက်ပြီးငုတ်ဖြတ်ပေးရမည်။ကြံခုတ်သိမ်းပြီးကြံရွက်ခြောက်များအားပင်ကြား၊တန်းကြားအတွင်းထွန်ခြစ်ဆွဲ၍ ညီညာစွာဖြန့်ခင်းပေးခြင်းဖြင့်ပေါင်းမြက်ပေါက်ရောက်မှုမှကာကွယ်နိုင်ပြီးမြေအစိုဓါတ်ကိုထိန်းပေးနိုင်ပါသည်။အဆိုပါကြံရွက်ခြောက်များဆွေးမြေ့ပြီးသဘာဝမြေသြဇာလည်းရရှိနိုင်ပါသည်။လမိုင်းပြုပြင်မည့်စိုက်ခင်းသည်ခြရှိခြင်း၊အစိုဓါတ်များခြင်း၊ရေစီးရေလာမကောင်းခြင်း၊ကြွက်ဖျက်ဆီးမှုရှိခြင်း၊မီးဘေးအန္တရာယ်စိုးရိမ်ရခြင်းများရှိပါကကြံရွက်ခြောက်များအားမီးရှို့ပေးသင့်ပါသည်။
မြေပြင်ခြင်းနှင့်ရေသွင်းခြင်း။
မူလစိုက်ပျိုးစဉ်ကမြောင်းနက်နက်တူစိုက်ပျိုးခဲ့သောခင်းသစ်ဖြစ်ပါကထွန်စက်ဖြင့်အလျားလိုက်ထွန်တစ်စပ်၊(၄၅°)ခန့်အလျားစောင်း(ငန်းဇောင်း) ထွန်တစ်စပ်၊ ကြမ်းတစ်စပ်ဝင်၍ လမိုင်းပြုပြင်ပေးရပါမည်။သမရိုးကျစိုက်ပျိုးခဲ့သောခင်းသစ်ဖြစ်ပါကနွားထယ်ဖြင့်ဘယ်ညာတစ်ဘက်စီ၊အသွားအပြန်ဘောင်ဖြိုပေးရပါမည်။ အမြစ်ဟောင်းများပြတ်၍အမြစ်သစ်များထွက်လာစေပါသည်။အစိုဓါတ်ရရှိရန်ဘောင်ကြောင်းအ တိုင်းရေပေးသွင်းခြင်းဖြင့်ပင်ပွားများများရရှိစေပါသည်။ငုတ်ဖြတ်၊ဘောင်ဖြို၊သွင်းရေပေးသွင်းပြီးမြေအောင်းပိုးသတ်ဆေးနှင့်ဓါတ်မြေသြဇာများအားခင်းသစ်နှုန်းထားအတိုင်းထည့်သွင်းပေးရပါမည်။
မြေသြဇာထည့်သွင်းခြင်း။
ကြံလမိုင်းခင်းအားဓါတ်မြေသြဇာထောက်ခံနှုန်းထား(၂:၁:၁)အခြေခံထားပြီးကြံပင်ပွားထွက်ချိန်ကာလအတွင်း(၂-၃) ကြိမ်ခွဲထည့်၍ဘောင်လုံးပေးရပါမည်။အပင်နှင့်မြေအနေအထားအရလိုအပ်ကမြေသြဇာနှုန်းထားပို၍တွက်ချက်ထည့်ပေးရမည်။
အပင်ပြုစုခြင်း။
လမိုင်းပြုပြင်ပြီးတစ်လခန့်အကြာ၌ပင်သေပင်ပျောက်ဖာထေးပေးရပါမည်။ပေါင်းမြက်နှိမ်နင်းခြင်းအားလမိုင်းပြုပြင်ပြီး၄လသားအတွင်းဆောင်ရွက်ပေးရပါမည်။ကြံပင်ပွားထွက်ချိန်ကြံပင်သက်တမ်း(၆၀-၁၂၀) ရက်သားအတွင်းအစိုဓါတ်လုံလောက်အောင်ရေပေးသွင်း၍ယူရီးယားဓါတ်မြေသြဇာကို(၂-၃)ကြိမ်ခွဲထည့်ပြီးဘောင်လုံးပေးရပါမည်။ကြံပင်ယိုင်လဲမှုမှကာကွယ်ရန်မိုးဦးကျကာလတွင်ဘောင်ကြီးလုံးခြင်းကိုမဖြစ်မနေဆောင်ရွက်ပေးရပါမည်။ရေမဝပ်စေရန်ရေထုတ်မြောင်း၊စိမ့်မြောင်း၊ပတ်မြောင်းများဆောင်ရွက်ပေးရပါမည်။ကြံပင်သက်တမ်းတစ်လျှောက်အောက်အရွက်များဝါခြောက်လာပါကကြံရွက်ချပေးရပြီးကြံပင်ပေါ်တွင်အစိမ်းရောင်ကြံရွက်(၁၀)ရွက်မှ(၁၂)ရွက်ခန့်ကျန်ရှိရပါမည်။လမိုင်းခင်းသည်ခင်းသစ်ထက်ပိုးမွှားရောဂါကျရောက်မှုများနိုင်သဖြင့်မျက်ခြေမပြတ်စစ်ဆေး၍ကာကွယ်နှိမ်နင်းပေးသွားရပါမည်။
ခုတ်သိမ်းခြင်း။
လမိုင်းခင်းသည်စောစီးစွာရင့်မှည့်၍စက်ရုံ၏ကြိတ်ဝါးရာသီအစောပိုင်းကာလများတွင်ကြိတ်ဝါးကြံအဖြစ်ပေးသွင်းနိုင်ပါသည်။လမိုင်းခင်းခုတ်သိမ်းခြင်းအားခင်းသစ်ကဲ့သို့ပင်ခုတ်သိမ်းရမည်ဖြစ်ပြီးရင့်မှည့်ချိန်ထက်စော၍လည်းကောင်း၊နောက်ကျ၍လည်းကောင်း၊ခုတ်သိမ်းပါကကြံအထွက်နှင့်အရည်အသွေးကိုလျော့နည်းစေပါသည်။