Raised Bed (ပေါင်ပျိုးဖြင့်) ပျိုးထောင်စိုက်ပျိုးသောနည်းစနစ်

  • Mon, 9 January 2023


ပေါင်စနစ်ဖြင့်ပျိုးထောင်စိုက်နည်းစနစ်၏ အကျိုးကျေးဇူးများ

မျိုးစေ့နှုန်းထား သက်သာစေခြင်း၊ ပျိုးပင်ကြီးထွားမှု ညီညာသန်စွမ်းခြင်း၊ ပင်ပွားပွားစည်းမှု ပိုမိုကောင်းမွန်ခြင်း၊ ပျိုးခင်းအတွင်းပေါင်းနှိမ်နင်းမှု လွယ်ကူခြင်း၊ အထွက်နှုန်းတိုးတက်စေသည့် ကောင်းမွန်သန်မာသော ပျိုးပင်များရရှိခြင်း 



(၂)မျိုးစေ့များပူးကပ်ခြင်းမရှိအောင် မျိုးစေ့ချခြင်း

တစ်ဧက မျိုးသန့်မျိုးစေ့(RS)(၁)တင်းနှုန်းသုံးပါ။ စပါးစေ့အား မျိုးညှောက်ဖေါက်ပြီး ပျိုးပေါင်ပေါ်တွင် မျိုးစေ့ညီညီညာညာချပါ။ ပျိုးဘောင်(၈)ဘောင်တွင် မျိုးစေ့တစ်ဘောင်လျှင်(၂)ပြည်နှုန်းအသုံးပြုပါ။



(၃)မျိုးစေ့များ မပျက်စီးစေရန်နှင့် မိုးရေတွင်မျောပါမသွားစေရန် မြေဆွေးဖုံးခြင်း

ကြွက်၊ငှက်တိရိစ္ဆာန်များ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် အစေ့ချပြီးနောက် မြေကို လုံအောင်ဖုံးအုပ်ပါ။ မျိုးစေ့ချပြီးနောက် မိုးသည်းထန်စွာရွာသွန်းပါက အပင်ပေါက်နှုန်း ထိခိုက်နိုင်ပါသည်။



(၄)ပျိုးခင်း စနစ်တကျပြုစုခြင်း

ပျိုးခင်းကို မြေဆီဩဇာထက်သန်သော နေရာတွင် ပြုလုပ်ပါ။ သစ်ဆွေး၊ နွားချေးဆွေး၊ စက်ဖွဲပြာများကို တတ်နိုင်သမျှ ထည့်သွင်းပေးပါ။ အရွယ်အစားညီညာသော ပျိုးပင်များရရှိစေရေးအတွက် ပျိုးခင်းမျက်နှာပြင် ညီညာအောင် ဆောင်ရွက်ပါ။



(၅)ချက်ချင်းနှုတ် ချက်ချင်းစိုက်ပျိုးခြင်း

ပျိုးမနှုတ်မီ(၃)ရက်ခန့် ကြိုတင်၍ ရေသွင်းပါ။ ပျိုးနှုတ်ရာတွင် ပျိုးပင်ခြေမှ စနစ်တကျကိုင်တွယ်၍ ညင်သာစွာနှုတ်ပါ။ ပျိုးပင်များကို တင်းကြပ်စွာ စည်းခြင်းမပြုရပါ။ ပျိုးနှုတ်ပြီးပြီးချင်း ချက်ချင်းစိုက်ပျိုးပါ။ ကောက်စိုက်ပြီး ကောက်ပင်ဖာခြင်းအား တစ်လအတွင်း ဆောင်ရွက်ပါ။



(၆)ပျိုးပင်အတိမ်အနက် လိုက်နာခြင်း

ကောက်ပင်လှန် မြန်ဆန်စေရန်အတွက် ကောက်စိုက်ရာတွင် ပျိုးပင်ကို(၁‒၁.၅)လက်မထက် မနက်စေရပါ။





(၇)လက်ဆသတ်မှတ်ခြင်း

ကောက်စိုက်ရာတွင် ကောက်ကွက်တစ်ကွက်လျှင် လက်ဆ(၂-၃)ပင်စိုက်ပျိုးပါ။

 


(၈)ရေသွင်းရေထုတ် မှန်ကန်အောင်ပြုလုပ်ခြင်း

အပင်ပေါက်ပြီး နောက်(၂)ပတ်အတွင်း အပင်ငယ်များ ရေမမြုပ်စေရန် သတိပြုပါ။ ရေသွင်းရေခမ်းစနစ်ကို ကျင့်သုံးပါ။ မှို့ကပ်ချိန်နှင့်ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်အောင်ပြုလုပ်ပါ။




(၉)ကောက်ကွက် မှန်အောင်စိုက်ပျိုးခြင်း

တန်းကြား×ပင်ကြားအကွာအဝေးအား၈"×၈" (သို့မဟုတ်) ၈"×၆"ဖြင့် စိုက်ပျိုးပါ။ လေဝင်လေထွက်ကောင်းမွန်စေရန် တန်းလှပ်စနစ်ဖြင့်စိုက်ပျိုးပါ။



(၁၀)သွင်းအားစုကို အချိန်ကိုက်၊ အချိုးကျ ထည့်သွင်းခြင်း

နွားချေးဆွေးနှင့် သဘာဝမြေဩဇာကို ရရှိပါက ထည့်သွင်း၍ တီစူပါ(၁‒၂)အိတ်နှင့် ပိုတက်ရှ်(၁‒၄)အိတ်အား မြေခံအဖြစ် ထည့်သွင်းပါ။ စိုက်ပြီး(၅)ရက်အတွင်းယူရီးယား(၁‒၄)အိတ်နှုန်းဖြင့် ပထမအကြိမ်၊ စိုက်ပျိုးပြီး (၂၀)ရက်တွင် ယူရီးယား(၁‒၂)အိတ်နှုန်းဖြင့် ဒုတိယအကြိမ်၊ စိုက်ပြီး(၃၅)ရက်တွင် ယူရီးယား(၁‒၂)အိတ်နှုန်းဖြင့်တတိယအကြိမ်၊ အလံရွက်ထွက်ချိန်တွင် ယူရီးယား(၁‒၄)အိတ်နှင့် ပိုတက်(၁‒၄)အိတ်နှုန်းဖြင့် စတုတ္ထအကြိမ်၊ စုစုပေါင်း(၄)ကြိမ်ထည့်သွင်းပါ။ မြေဩဇာထည့်သွင်းပေးပြီးတိုင်း ရေစပ်စပ်ထားရှိ၍ သမန်းနှိုးကိရိယာဖြင့် သမန်းနှိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ပါ။ 


(၁၁)ပေါင်းမြက် ရှင်းလင်းခြင်း

ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းပါ။ မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအား နှိမ်နင်းနိုင်သည်။ ပေါင်းနှိမ်နင်းခြင်းကို လက်ဖြင့်လည်းကောင်း၊ ပေါင်းသတ်ဆေးဖြန်းခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပါ။ ပေါင်းပင်အမျိုးအစားပေါ်မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်း တိကျစွာအသုံးပြုပါ။



(၁၂)ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှုရှိ/မရှိကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။ ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။ ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များကို ရှင်းလင်းခြင်း၊ ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကာပစ္စည်းများအသုံးပြုခြင်း စသည့် နည်းလမ်းများကို ဆောင်ရွက်ပါ။ ဘက်စုံ၊ပိုးမွှား‌ရောဂါ ကာကွယ်နှိမ်နင်းနည်းစနစ်ကိုကျင့်သုံးပါ။




(၁၃)အောင်ရေထုတ်ခြင်း

စပါးနှံများ ရင့်မှည့်မှုညီညာစေရန်နှင့် အောက်ခံမြေမာလာ၍ လူနှင့်ကောက်ရိတ်စက်များ လွယ်ကူစွာဝင်ထွက်နိုင်စေရန် စပါးနှံများ ရင့်မှည့်စပြုချိန်တွင် ရေထုတ်ပေးပါ။





(၁၄) ရိတ်သိမ်းချိန် မှန်ကန်အောင် ဆောင်ရွက်ခြင်း

စပါးနှံ၏ (၈၀-၈၅) ရာခိုင်နှုန်းရင့် မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့စက်များ အသုံးပြုပါ။ စပါးအစိုဓါတ်သည် မျိုးအတွက် (၁၃)ရာခိုင်နှုန်းနှင့် စားသုံးမည့် စပါးအတွက်(၁၄)ရာနှုန်း လိုအပ်ပါသည်။