စပါးသီးနှံတွင်ကျရောက်တက်သောရောဂါများ

  • Sun, 8 January 2023


စပါးသီးနှံရောဂါများ




(၁) ရောဂါပိုးအမည်              ‒   စပါးဂုတ်ကျိုးရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒  Pyriculariaoryzae

 

လက္ခဏာရပ်

ပျိုးခင်းကတည်းက ရောဂါစတင်ဖြစ်ပေါ်နိုင်သည်။စပါးရွက်ပေါ်တွင် လွန်းပုံသဏ္ဍာန်ရှိသော အကွက်များတွေ့ရသည်။အကွက်များကြီးခဲ့လျှင် အလယ်တွင် မီးခိုးရောင်ပေါ်တတ်သည် ။ရောဂါကွက်တစ်ခုနှင့်တစ်ခုဆက်သွားပြီး စပါးရွက်များ သေသွားတတ်သည်။ အနှံတွင် ရောဂါကျရောက်ပါက ဂုတ်တွင်အညိုရောင် အကွက်များဖြစ်ပေါ်ပြီး ကျိုးကျတတ်သည်။ နို့ရည်မတည်ခင် ရောဂါကျရောက်ပါက နို့ရည်မတည်နိုင်ချေ။အဆံမတည်သော အနှံတို့မှာ စပါးရင့်မှည့်ချိန်မတိုင်မီကပင် ဖြူဖွေးထောင်မတ်လျှက်ရှိသည်။

ကျရောက်ချိန်

ရောဂါကူစက်ပျံ့ပွားမှုသည် (၂၀)°Cတွင်အကောင်ဆုံးဖြစ်၍ (၂၈)°Cတွင်အနည်းဆုံးဖြစ်သည်။ ညအပူချိန်နိမ့်သော အခြေအနေတွင်လည်း ရောဂါကျရောက်မှု ပြင်းထန်လေ့ရှိသည် ။စပါးခင်းတွင်ရေအမြဲရှိနေခြင်းသည် ရောဂါကျရောက်မှုကို ကာကွယ်စေသဖြင့် အခြောက်စိုက်စပါးများမှာ ရောဂါခံနိုင်ရည်နည်းသည်။အပူချိန်ပြောင်းလဲမှုနည်းသော အပူပိုင်းဒေသများတွင် လေထု၏စိုထိုင်းမှုနှင့်နှင်း ပေါက်ဖြစ်ပေါ်မှုတို့သည်ရောဂါဖြစ်စေသောအဓိကအကြောင်းအရင်းများဖြစ်သည်။ 


 ကာကွယ်နှိမ်နှင်းနည်း 

ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများစိုက်ပျိုးခြင်း။ ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ၊၊နွေစပါးစိုက်ခင်းတွင်ရေအမြဲရှိနေရန် ဆောင်ရွက်ပါ။ဂုတ်ကျိုးရောဂါဖြစ်ထွန်းမှုကို အားပေးသောအပူချိန်ရှိသည့် လကိုရှောင်စိုက်ပါ။ အပင်စိပ်စပ်စိုက်ခြင်းမပြုရန်နှင့် ဒေသအလိုက်ခံနိုင်ရည်ရှိသော မျိုးကိုအသုံးပြုပါ။ Homai 80%(ဟိုမှိုင်း ၈၀%)ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ Azoxystrobin(အဇိုစီစတိုဘင်)၊ Isoprothiolane(အိုက်ဆိုပရိုသိုင်အိုလိန်း)၊ Tricyclazole (ထရိုင်ဆိုက်ကလာဇိုး)၊ Thiophanate methyl(သိုင်အိုဖာနိတ်မီသိုင်း)စသော ဆေးများအသုံးပြုနိုင်သည်။


 



(၂) ရောဂါပိုးအမည်         ‒   ရွက်ဖုံးပုပ်ရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒  Acrocylindriumoryzae (Sarocladiumoryzae )

လက္ခဏာရပ်

အလံရွက်၏ ရွက်ဖုံးပေါ်တွင် လုံးရှည်ပုံ(သို့)ပုံမှန်(၀.၅)မှ(၀.၁)မမ အရွယ်အညိုရောင် အနားရစ်ရှိသော မီးခိုးရောင်အနာကွက်မှ တစ်ပြင်လုံး မီးခိုးရောင်အနာကွက်အထိတွေ့ရှိနိုင်ပါသည်။အနာကွက်များတစ်ကွက်နှင့်တစ်ကွက် ပေါင်းစပ်သွားပြီး ရွက်ဖုံးတစ်ခုလုံး ဖုံးလွှမ်းသွားနိုင်သည်။ရောဂါပြင်းလျှင် အနှံမထွက်နိုင်ဘဲ တစ်လစ်ဖြစ်နိုင်သည်။ ရောဂါရရွက်ဖုံး၏ အတွင်းဘက်တွင် ဖြူဖွေးသောမှိုကိုတွေ့ရှိနိုင်ပြီး အနှံမှာပုပ်နေတက်သည်။တစ်စိပ်တစ်ပိုင်းထွက်နေသော အနှံမှာအညိုပျော့မှအညိုရင့်ရောင်ရှိပြီး ပန်းရောင်ပျော့မှိုမျှင်နှင့် စပါးများ ဖုံးအုပ်နေတက်သည်။ ရောဂါရစပါးစေ့များတွင်အညိုရောင် စွန်းထင်းနေသည်။

 

ကျရောက်ချိန်

ရောဂါအနာကွက်တိုးတက်ဖြစ်ပေါ်မှုအတွက် အပူချိန်(၁၀)°Cမှ(၃၀)°C အတွင်းလိုအပ်ပြီး(၂၅‒၂၈)°Cသည်ရောဂါဖြစ်ပေါ်မှုကို မြန်ဆန်စေသည်။ရောဂါသည် အပင်ကြီးထွားချိန်နောက်ပိုင်းတွင်စတင်ပေါ်လာပြီး ပူနွေးစိုစွတ်သော ရာသီသည် ရောဂါတိုးတက်မှုအတွက် အကောင်းဆုံးဖြစ်သည်။

 

ကာကွယ်နှိမ်နှင်းနည်း

 ရောဂါကင်းမျိုးစေ့သုံးပါ။-ရောဂါရအနှံနှင်ရွက်ဖုံးများကိုမီးရှိုဖျက်ဆီးပါ။

အာဟာရကိုမျှတစွာရရှိနိုင်ရန်မြေသြဇာများကိုချင့်ချိန်၍သုံးပါ။နိုင်တြိုဂျင်ဓာတ်မြေသြဇာများအားလွန်ကဲစွာသုံးခြင်းကိုရှောင်ပြီးပိုတက်မြေသြဇာကဲ၍သုံးပါ။အပင်စိတ်လွန်းစွာမစိုက်သင့်ပါ။အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။

(က)   Propiconazole         (ပရိုပီကိုနာဇိုး)

(ခ)    Chlorothalonil          (ကလိုရိုသာလိုနေး)

(ဂ)    Thiophanate methyl(သိုင်အိုဖာနိတ်မီသိုင်း)

(ဃ)   Benomyl                   (ဘီနိုမိုင်း)

မျိုးစေ့ကိုမှိုသတ်ဆေးဖြင့်လူးနယ်ဆေးဖြင့်လူးနယ်စိုက်ပျိုးခြင်း။Homai80% WP(ဟိုမှိုင်း ၈၀%)

 


(၃) ရောဂါပိုးအမည်   ‒  ရွက်ဖုံးခြောက်ရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒  Rhizoctonia solani

 

လက္ခဏာရပ်

ရောဂါအနာကွက်သည် ရေမျက်နှာပြင်၏ အထက်အနားရွက်ဖုံးမှ စတင်ဖြစ်ပေါ်လာသည်။ အထူးသဖြင့် ရွက်ဖုံးအပေါ်တွင် ရောဂါအနာကွက်သည် စိမ်းညိုရောင်ရှိ၍ လုံးရှည်ပုံ၊ ဘဲဥပုံအကွက် စတင်ဖြစ်ပေါ်သည်။ထို့နောက် လျှင်မြန်စွာအနာကွက်ကျယ်ပြန့်လာပြီး ညိုနက်ရောင်အနားသတ်ရှိသော မီးခိုးရောင်အနာကွက် ဖြစ်ပေါ်လာသည်။အနာကွက်နှင့် အနာကွက်အနီးတွင် အနက်ရောင်အလုံးငယ်များ တွေ့နိုင်သည်။ရောဂါအနာကွက်တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီး ပုံမမှန်အကွက်ကြီးများ ဖြစ်ပေါ်လာသည်။ရောဂါပြင်းထန်ပါက ရွက်ဖုံးများ လုံးဝပုပ်သွားသည်။ အရွက်၊ ပင်စည်များအထိရောဂါကူးစက် ဖြစ်ပေါ်နိုင်သည်။ရွက်ဖုံးတွင် ရောဂါပြင်းထန်ပါက ရွက်ဖျားများဝါလာသည်။

 

ကျရောက်ချိန်

အပူချိန်မြင့်မားခြင်း၊ စိုထိုင်းဆမြင့်မားခြင်းတို့သည် ရောဂါတိုးတက်ဖြစ်ပေါ်စေရန် အဓိကအားပေးသော အချက်များဖြစ်သည်။အပင်စိပ်လွန်းခြင်း၊ နိုက်တြိုဂျင်မြေသြဇာများစွာ ထည့်ခြင်းတို့သည်အပင်ထူထပ်သိပ်သည်းမှု ဖြစ်စေပြီး ရောဂါတိုးပွားစေသည်။ ပိုတက်ရှ်မြေသြဇာသည် ရောဂါကျရောက်မှုကို လျော့နည်းစေပြီး ဖော့စဖိတ်မြေသြဇာများပြားစွာ အသုံးပြုခြင်းသည် ရောဂါကျရောက်မှုကိုတိုးပွားစေသည်။နေရောင်ခြည်သည် ရောဂါကူးစက်မှုကို အဟန့်အတားဖြစ်စေပြီး အရိပ်ကျခြင်းသည် ရောဂါကူးစက်မှုကို အားပေးသည်။ စပါးပင်ကြီးရင့်လာသည်နှင့်အမျှရောဂါခံနိုင်ရည်အား နည်းလာသဖြင့် အပင်သက်တမ်း၏ နောက်ပိုင်းအဆင့်များတွင် ပိုမိုပျက်စီးဆုံးရှုံးစေနိုင်သည်။

 

ကာကွယ်နှိမ်နှင်းနည်း

ကောက်ပင်စိပ်လွန်းစွာ မစိုက်သင့်ပါ။ရောဂါ ကျရောက်ဖူးသော မြေတွင် နိုက်ထရိုဂျင်ဓါတ်ပါသော မြေသြဇာလွန်ကဲစွာ မကျွေးရ၊ လိုအပ်ပါက အကြိမ်ခွဲ၍ထည့်သွင်းပါ။ ပဲမျိုးရင်းဝင် သီးနှံဖြင့်သီးလှည့်စိုက်ခြင်းသည် ရောဂါဖြစ်စေနိုင်မှု နည်းစေပါသည်။ရောဂါကျ ပင်ကြွင်းပင်ကျန်ဖယ်ရှားကာ စုပုံမီးရှို့ပါ။(သို့)ထယ်နက်နက်ထိုး၍ မြေမြှုပ်ပစ်ပါ။မြေကိုအနည်းဆုံး တစ်လပေါင်းမြက်ရှင်းလင်းစေပြီး အစိုဓါတ်ရှိသော အခြေအနေတွင် မြေလှပ်ထားပါ။ရောဂါစတင်တွေ့လျှင်တွေ့ခြင်း အောက်ပါမှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ။

(က)  Azoxystrobin            (အဇိုစီစတိုဘင်)

(ခ)   Hexaconazole           ( ဟက်ဆာကိုနာဇိုး)

(ဂ)   Propiconazole          (ပရိုပီကိုနာဇိုး)

(ဃ) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း)

(င)   Validamycin             (ဗလစ်ဒါမိုင်ဇင်)

(စ)   Chlorothalonil          (ကလိုရိုသာလိုနေး)


 


(၄) ရောဂါပိုးအမည်             ‒   စပါးရွက်ညိုပြောက်ရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒  Drechsleraoryzae

လက္ခဏာရပ် 

ရောဂါလက္ခဏာကို အရွက်နှင့်စပါးစေ့အပေါ်တွင် အဓိကတွေ့ရှိရသော်လည်း ရွက်ဖုံး၊အနှံခက်များပေါ်တွင်လည်း တွေ့နိုင်သည်။အရွက်ပေါ်တွင် အစက်ငယ်မှ နှမ်းစေ့အရွယ်၊ တခါတရံ တစ်စင်တီမီတာအရွယ်အထိရှိသော ဘဲဥပုံအညိုရောင်ပြောက်များ ညီညာစွာ ပျံ့ကြဲနေသည်။ အစက်အပြောက်များမှာ အစပိုင်းတွင် ခရမ်းရောင်၊အညိုရောင်ရှိပြီး ကြီးလာသည်နှင့်အမျှ အညိုရောင် အနားရစ်နှင့်မီးခိုးရောင် ဗဟိုရှိသော ကွက်ပြောက်များ ဖြစ်လာသည်။ ထိုမှတဆင့် အရွက်ခြောက်သေသွားသည်။ အစေ့ခွံပေါ်တွင် အနက်ရောင် (သို့) အညိုရင့်အစက်အပြောက်များ တွေ့နိုင်သည်။ဆန်စေ့ပေါ်အထိ ပင်အမဲပြောက်များ တွေ့နိုင်သည်။အနှံခက်၏ အဆစ်များကြားတွင်လည်း အညိုရောင်ရောဂါကွက်ဖြစ်ပြီး စပါးစေ့အဆံတည်မှု နည်းစေသည်။အဆံမအောင်ပဲ စပါးစေ့ရှုံ့လိမ်၍ အရောင်ပျက်စေသည်။ရောဂါရစပါးစေ့များကို ပြန်လည်စိုက်ပျိုးခြင်းဖြင့် ပျိုးပင်နာရောဂါ (Seedlingblight) ဖြစ်စေပြီး ပျက်စီးဆုံးရှုံးမှု များနိုင်သည်။

 

ကျရောက်ချိန်

မြေတွင် အာဟာရချို့တဲ့ခြင်းနှင့် နိုက်ထရိုဂျင်ဓါတ်လွန်ကဲခြင်းတို့သည် ရွက်ညိုပြောက်ရောဂါကို တိုးတက်စေသည်။ ၎င်းပြင် ရေသွင်းရေထုတ်ညံ့ဖျင်းသော ဓါတ်လျော့အခြေအနေ လွန်ကဲသောမြေများတွင်လည်း ရောဂါကိုတွေနိုင်သည်။ စပါးပင်သည် မင်ဂနီ၊ဆီလီကာဖော့စဖရပ်၊ပိုတက်ဆီယမ်၊နိုက်ထရိုဂျင်စသော ဓါတ်များချို့တဲ့ပါက ဤရောဂါပြင်းထန်စွာ ကျရောက်လေ့ရှိသည်။ အပုပ်လွန်သောလယ်များတွင် အပင်များသည် ဆီလီကာနှင့်ပိုတက်ဆီယမ်တို့ကို ပုံမှန်အတိုင်းမစုပ်ယူနိုင်သဖြင့် ရောဂါပို၍ဖြစ်နိုင်သည်။ ရွက်ညိုပျောက် ရောဂါလက္ခဏာသည် အပင်တွင် ပိုတက်ဆီယမ်ဓါတ်ချို့တဲ့၍ဖြစ်ပေါ်လာသော ရွက်ပြောက်လက္ခဏာများနှင့် ဆင်တူသည်။ရောဂါကူးစက်ရန် အကောင်းဆုံးအပူချိန်မှာ (၂၀‒၂၅°C) ဖြစ်သည်။ တိမ်ထူပြီး မိုးအဆက်မပြတ်ရွာနေပါက မှိုကြီးထွားမှုအတွက် ကောင်းမွန်သောကြောင့် ရောဂါပြန့်ပွားမှုမြန်စေသည်။

 

 

ကာကွယ်နှိမ်နှင်းနည်း

    ရောဂါကင်းသော စိုက်ခင်းမှမျိုးစေ့ကို ရွေးချယ်စိုက်ပျိုးရန်နှင့် ရောဂါကျ ပင်ကြွင်းပင်ကန်များနှင့် အခြားပေါင်းပင်များကို မီးရှို့ဖျက်ဆီးပစ်ပါ။ ကျန်းမာသန်စွမ်းသော စပါးခင်းဖြစ်အောင် သဘာဝမြေသြဇာ ၊ဓါတ်မြေသြဇာ ၊အနည်းလိုအာဟာရဓါတ်များကို အချိုးညီညီသုံးစွဲပါ။ နိုက်ထရိုဂျင်မြေသြဇာထည့်သော အကြိမ်တိုင်းတွင် ပိုက်ရှ်နှင့်တီစူပါကိုတွဲထည့်ပါ။ ခံနိုင်ရည်ရှိသော စပါးမျိုးကိုရွေးချယ်စိုက်ပါ။ရောဂါကျစိုက်ခင်းကို ဖြတ်၍ ရေသွင်းရေထုတ်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။စပါးစိုက်မြေကို မြေဆီသြဇာတိုးတက်ကောင်းမွန်လာအောင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရေသွင်းရေထုတ်မှန်မှန် ပြုလုပ်ပေးခြင်း၊ စိုက်ခင်းသန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်း၊ သင့်တော်သောစိုက်ချိန်ကို ချိန်ဆ၍ စိုက်ပျိုးခြင်းစသော စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပါ။

     အောက်ပါ မှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။

(က)  Propiconazole                          (ပရိုပီကိုနာဇိုး)

(ခ )   Tricyclazole                            (ထရိုင်ဆိုက်ကလာဇိုး)

(ဂ )   Thiophanate methyl + Thiram (သိုင်အိုဖာနိတ်မီသိုင်း+သိုင်ရမ်)

(ဃ) Chlorothalonil                           (ကလိုရိုသာလိုနေး)

(င )   Carbendazim                           (ကာဗန်ဒါဇင်)

 



(၅) ရောဂါပိုးအမည်                 ‒  ရွက်ညိုပြောက်ရှည်ရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ     ‒  Cercosporajanseana   (Sphaerulinaoryzina )

လက္ခဏာရပ်

ရွက်ပြားများပေါ်တွင် ရွက်ကြောများနှင့်အပြိုင် သေးရှည်ရှည်အညိုရောင် အပြောက်များ ဖြစ်ပေါ်စေသည်။အကျယ်မှာ(၁.၁၅)မီလီမီတာနှင့် အလျား(၃၅)မီလီမီတာအထိ ရှိနိုင်၍ အလယ်တွင်ညိုနက်ရောင်ရှိသည်။ ရွက်ဖုံးနှင့်စပါးခွံများတွင်လည်း အစက်အပြောက်များ ဖြစ်ပေါ်နိုင်သည်။အရွက်ပေါ်တွင် ကွက်ပြောက်များများလာပါက အရွက်ထိပ်ဖျားပိုင်းမှစ၍ ရွက်ရင်းဘက်သို့ ခြောက်လာပြီးညှိုးကျသွားသည်။ ခံနိုင်ရည်ရှိသောမျိုးများတွင် နီညိုရောင်တညီတည်းရှိသော သေးရှည်ရှည်အနာကွက် ဖြစ်ပေါ်နိုင်ပြီး အလယ်တွင်ညိုမွဲရောင် ဖြစ်နေသည်။ အာဟာရဓါတ်ချို့တဲ့သော (အထူးသဖြင့်နိုက်ထရိုဂျင်ဓါတ်ချို့တဲ့သော)မြေများတွင် ဤရောဂါဖြစ်လွယ်သည်။

 

ကျရောက်ချိန်

မြန်မာပြည်စပါးစိုက်ဒေသများတွင်အနည်းနှင့်အများတွေ့နိုင်သည်။

 

ကာကွယ်နှိမ်နှင်းနည်း

ခံနိုင်ရည်ရှိမျိုးများကိုရွေးချယ်စိုက်ပျိုးခြင်သည်ဤရောဂါကိုအကောင်းဆုံးကာကွယ်ခြင်းဖြစ်သည်။

ရောဂါကင်းသောမျိုးစေ့ကိုသုံးပါ။

အာဟာရဓါတ် ပြည့်စုံသောမြေသြဇာကိုသုံးပါ။

စိုက်ခင်းရေငတ်ခြင်းမရှိစေရ။

အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။

(က) Propiconazole                        (ပရိုပီကိုနာဇိုး)

(ခ) Tricyclazole                             (ထရိုင်ဆိုက်ကလာဇိုး)

(ဂ) Thiophanate methyl + Thiram  (သိုင်အိုဖာနိတ်မီသိုင်း+သိုင်ရမ်)

(ဃ) Chlorothalonil                        (ကလိုရိုသာလိုနေး)

(င) Carbendazim                           (ကာဗန်ဒါဇင်)



 

(၆) ရောဂါပိုးအမည်              ‒  စပါးမှိုသီးရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ   ‒  Ustilaginoidea virens

လက္ခဏာရပ်

စပါးစေ့များတွင် ပုံမှန်ထက်(၂)ဆခန့် ကြီးမားပြီး အစိမ်းရောင်၊စိမ်းဝါရောင် မှိုအစုအခဲများ ဖုံးအုပ်ပြီး မှိုသီးများအဖြစ်တွေ့ရသည်။ မှိုသီးများရင့်လွန်းချိန်တွင် စိမ်းညိုညိုအရောင် ပြောင်းသွားသည်။

 

ကျရောက်ချိန်

မြန်မာပြည်စပါးစိုက်ဒေသများတွင်အနည်းနှင့်အများတွေ့ရှိနိုင်သည်။

 

ကာကွယ်နှိမ်နှင်းနည်း

ရောဂါကျစိုက်ခင်းမှ မျိုးစေ့ကိုပြန်မသုံးပါနှင့်။မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့်လူးနယ်ပြီးမှစိုက်ပါ။

အနှံမထွက်မီရက်အနည်းငယ်အလိုတွင်မှိုသတ်ဆေးဖျန်းပါ။

 အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။

(က) Propiconazole      (ပရိုပီကိုနာဇိုး)

(ခ) Azoxystrobin          (အဇိုစီစတိုဘင်)

(ဂ) Benomyl                (ဘီနိုမိုင်း)

(ဃ) Carbendazim        (ကာဗန်ဒါဇင်)




 

(၇) ရောဂါပိုးအမည်             ‒  စပါးပင်စည်ပုပ်ရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒Helminthosporium   sigmoideum  (Magnaporthesalvinii )

လက္ခဏာရပ်

အပင်ကြီးထွားမှု၏ နောက်ပိုင်းအဆင့်တွင် တွေ့ရသည်။ ရေမျက်နှာပြင်နှင့် ထိစပ်နေသော အမည်းရောင်အနာကွက်များ စတင်ဖြစ်လာသည်။ ၎င်းအမည်းရောင်အနာကွက်များမှ ကျယ်ပြန့်လာပြီးရောဂါဖြစ်မှိုသည် ရွက်ဖုံး၊ထိုမှတဆင့် ပင်စည်သို့ ရောဂါကူးကာ ပင်စည်ယိုင်လဲသွားသည်။ ဆစ်ကြားကို ခွဲကြည့်ပါက ပင်စည်အခေါင်းအတွင်းတွင် အမည်းရောင် မှိုမျှင်များသည် စပါးပင်တွင်၎င်းရောဂါဝင်ရောက်တိုက်ခိုက်ခံရကြောင်း သင်္ကေတဖြစ်ပြီး အခြားရောဂါများမှ လွယ်ကူစွာ ခွဲခြားဖော်ထုတ်နိုင်သည်။အပူပိုင်းဒေသများတွင် စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးပြီးခါစ အပင်ငယ်စဉ်တွင်လည်းရံဖန်ရံခါ ကျရောက်တတ်သည်။ ပျိုးပင်အရွယ်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းခံရပါက အရွက်များဝါလာမည်။ထို့နောက် အညိုရောင်ပြောင်းပြီး သေသွားသည်။

 

ကျရောက်ချိန်

မြေဆီလွှာ၌ နိုက်ထရိုဂျင်နှင့် မီးစုန်းဓါတ် အများအပြားရှိနေခြင်းသည် ပင်စည်ပုပ်ရောဂါပြင်းထန်မှုကို တိုးတက်စေသည်။ပိုတက်စီယမ်ဓါတ်မြေသြဇာများ ပိုမိုသုံးစွဲသောမြေတွင် ရောဂါလျော့နည်းသည်။ရေအလွန်အကျွံသွင်း၍ စိုက်ပျိုးသောမြေများ ၊ရေကြာကြာဝပ်သော မြေများတွင် ရောဂါပိုဖြစ်သည်။ ရောဂါကျရောက်မှုသည် ပုံမှန်အပင်များတွင် နည်း၍ အပင်ယိုင်လဲ၍ ဖြစ်သောဒဏ်ရာများ၊အင်းဆက်ကိုက်ရာများရှိသော အပင်များတွင် ပိုမိုများပြားသည်။အထူးသဖြင့် ဆစ်ပိုးကျသော အခင်းများတွင် ကျရောက်မှု ပိုမိုပြင်းထန်သည်။

 

ကာကွယ်နှိမ်နှင်းနည်း

အထူးသဖြင့် အပင်ယိုင်လဲမှုမရှိသောမျိုးများကိုအသုံးပြုရမည်။

ရိတ်သိမ်းပြီးကောက်ရိုး၊ရိုးပြတ်နှင့်ပင်ကြွင်းပင်ကျန်များကိုမီးရှို့ရမည်။

ရေမသွင်းမီမြေကိုပတ်ကြားအက်အောင်ထားပြီးမှရေသွင်းပါ။

​နိုက်ထရိုဂျင်နှင့်ဖော့စဖော့ရပ်ဓါတ်မြေသြဇာကိုလွန်ကဲစွာအသုံးမပြုရန်နှင့်ရောဂါပြင်းထန်မှုလျော့နည်းစတက်

ယမ်မြေသြဇာကိုထည့်သွင်းပေးပါ။ရာဂါကျစပါးခင်းများကိုဖြတ်၍ ရေသွင်းရေထုတ် မပြုလုပ်မိစေရန် ဂရုစိုက်ပါ။

ပင်ပွားထွက်ချိန်တွင် ရေနက်နက်သိုလှောင်ထားခြင်းကိုရှောင်ပါ။ ရေကိုလုံလောက်ရုံသာပေးသွင်းထားခြင်းဖြင့်ဤရောဂါကိုကာကွယ်နိုင်သည်။

 

- အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။

(က)  Propiconazole         (ပရိုပီကိုနာဇိုး)

( ခ ) Chlorothalonil          (ကလိုရိုသာလိုနေး)

( ဂ ) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း)

(ဃ)  Benomyl                  (ဘီနိုမိုင်း)



 

(၈) ရောဂါပိုးအမည်             ‒  ပင်ရှည်ရောဂါ၊ ပျိုးပင်နာကျရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒  Fusarium moniliforme (Gibberellafujikuroi)

လက္ခဏာရပ်

ရောဂါရအပင်သည် ပုံမှန်အပင်ထက် ရှည်ထွက်နေခြင်းဖြစ်သည်။စိုက်ခင်းတွင်သာမက ပျိုးခင်းတွင်လည်း တွေ့နိုင်ပြီး အပင်မှာသေးသွယ်ရှည်လျားကာ စိမ်းဝါရောင် ပြောင်းလျက်ရှိသည်။ပျိုးခင်းတွင် ရောဂါပြင်းထန်စွာ ကျရောက်ပါက စိုက်ခင်းသို့ရွှေ့မစိုက်မီတွင် သေဆုံးသွားပြီး ပျိုးခင်းတွင် ရှင်သန်နေပါကလည်း စိုက်ခင်းသို့ရွှေ့စိုက်ပြီးသောအခါတွင် သေဆုံးသွားတတ်သည်။ ရင့်မှည့်ချိန်အထိရှင်သန်ပါကလည်း အနှံများတွင် စပါးစေ့မဖြစ်ပေါ်ပေ။ ရောဂါရစပါးစေ့များမှာ အစွန်းအကွက်များဖြင့် အရောက်ပျက်လျက်ရှိသည် ။ရောဂါရအပင်များ သေဆုံးသွားသောအခါတွင် ၎င်းတို့၏ အောက်ခြေအစိတ် အပိုင်းများတွင် အဖြူရောင်(သို့)ပန်းရောင်ရှိသော ရောဂါဖြစ်စေသည့် မှို၏ကြီးထွားမှုကိုတွေ့နိုင်သည်။

 

ကျရောက်ချိန်

ရောဂါပြင်းထန်မှုသည် ရောဂါဖြစ်စေသော မှို၏မျိုးကွဲပြားမှုနှင့်အပူချိန် ၊အစိုဓါတ်စသော ပတ်ဝန်းကျင်အခြေအနေများတွင် မူတည်လျက်ရှိသည်။မြေစိုပါက ရောဂါရအပင်များမှာ ရှည်ထွက်လာပြီးခြောက်သွေ့လာသော မြေတွင်ပုလျှက်ရှိသည်။ အပူချိန် နိမ့်ကျသောဒေသများတွင် ရောဂါကျရောက်မှု နည်းပါးသည် ကိုတွေ့နိုင်သည်။

 

 

ကာကွယ်နှိမ်နှင်းနည်း

စိုက်ခင်းသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း အပါအဝင် စိုက်ပျိုးခြင်းနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းခြင်း အပြင်၎င်းရောဂါအတွက် အထိရောက်ဆုံးသော ကာကွယ်နှိမ်နင်းနည်းမှာ မစိုက်ပျိုးမီတွင် မျိုးစေ့ကို ကာကွယ်မှိုသတ်ဆေးတစ်မျိုးမျိုး(သို့)ပင်လုံးပြန့် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်၍ မျိုးစေ့စီရင်ပြီးမှ စိုက်ပျိုးခြင်းဖြစ်သည်။

အောက်ပါမှိုသတ်ဆေးများအား ပက်ဖျန်းအသုံးပြုပါ။

(က) Propiconazole       (ပရိုပီကိုနာဇိုး)

(ခ) Benomyl                 (ဘီနိုမိုင်း)

(ဂ) Carbendazim          (ကာဗန်ဒါဇင်)

(ဃ) Mancozeb              (မန်ကိုဇက်)

(င) Hexaconazole          (ဟက်ဖာကိုနာဇိုး)



 

(၉) ရောဂါပိုးအမည်             ‒   ဘက်တီးရီးယားရွက်ခြောက်ရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒   Xanthomonas oryzae  pv. Oryzicola

လက္ခဏာရပ်

စပါးပင်သက်တမ်းတလျောက်လုံး ရောဂါဝင်ရောက်နိုင်သည်။ စပါးပင်ကြီးထွားမှု အဆင့်အလိုက် ပင်ညှိုးအဆင့်(Kresek or wilt ) ၊ရွက်ခြောက်အဆင့် (Leaf Blight) ၊အဝါဖျော့ရောင်အဆင့်(Pale Yellow) ဟူ၍ ရောဂါလက္ခဏာ (၃)မျိုးရှိသည်။အပင်ငယ်စဉ် ပျိုးပင်အဆင့်တွင် အောက်ရွက်၏ ရွက်ဖျား၊ရွက်နားများတွင် သေးငယ်သော ရေစိုနာကွက်စတင်ဖြစ်ပေါ်ပြီး ရွက်ပြားတစ်လျောက်ကျယ်ပြန့်သွားသည်။ အပင်ငယ်၌ ရောဂါတိုးတက်မှုပို၍ မြန်ဆန်ပြီးအရွက်အောက်ခြေထိ ပျံ့နှံ့ကာအရွက်များဝါ၍ ခြောက်သွားသည်။ ဘက်တီးရီးယားသည် ရွက်ပြား၊ရွက်ဖုံးမှတဆင့် ပင်စည်သို့ရောက်ကာ ထွက်ခါစ အရွက်အားထိခိုက်ပြီး ရွက်လိပ်မပြေပဲ တစ်ပင်လုံးညှိုး၍ သေသွားသည်။ပျိုးနှုတ်စဉ် ဒဏ်ရာရသော အမြစ်များမှလည်းကောင်း၊ ရွက်ဖျားပြတ်ခြင်းကြောင့်လည်းကောင်းရောဂါဝင်ပြီး စိုက်ပြီး (၂‒၄) ပတ်အတွင်း ညှိုး၍ သေနိုင်သည်။သို့အတွက် ပင်ညှိုးအဆင့်ကို ပျိုးခင်းနှင့်စိုက်ပြီး တစ်လခန့်အထိတွေ့နိုင်သည်။ အပင်ကြီးလာသည်နှင့်အမျှ အပင်ခံနိုင်ရည် တက်လာပြီးရွက်ခြောက် (leaf blight) လက္ခဏာသာ တွေ့ရသည်။ပင်ပွားစည်းချိန် နောက်ပိုင်းမှစ၍ ရွက်ခြောက်အဆင့်ကို ဖြစ်ပေါ်စေသည်။ရောဂါသည် ရွက်ဖျား(သို့)အနားမှစ၍ ရေစိုနာကွက်စတင်ဖြစ်ပေါ်သည်။ ရောဂါကျရောက်သည့် နေရာကျယ်ပြန့်လာပြီး ယခင်ရောဂါစတင်ဖြစ်ပွားသည့် အရွက်(တစ်သျှူးသား)နေရာတွင် ခြောက်၍ကောက်ရိုးရောင်သို့ ပြောင်းသွားသည်။ ရောဂါဖြစ်နေသောအပိုင်းနှင့် ရောဂါကင်းသောအပိုင်းတို့ ဆက်စပ်နေသည့်နေရာတွင် အဝါရောင်(သို့)ရေစိုနာ (စိမ်းပြာရောင်)ရှိပြီး လှိုင်းတွန့်ပုံ အနားသတ်ရှိနေသည်။နံနက်စောပိုင်းနှင်းကျပြီး ရောဂါရအပိုင်းမှစိမ့်ထွက်ရည်များ ထုတ်ပြီးအရွက်တွင် ကပ်နေသည်။ နေပွင့်လာသောအခါ ပယင်းရောင်အလုံးကလေးများအဖြစ် တွေ့နိုင်ပြီး မိုးရွာလျှင် မိုးရေနှင့်ပျော်ပြီး ဆင်းသွား၍ မတွေ့နိုင်ပါ။ ဤလက္ခဏာများသည် ထိုရောဂါ၏ ထင်ရှားသောအချက်ပင်  ဖြစ်သည်။


ကျရောက်ချိန်

ရောဂါခံနိုင်ရည် နည်းသောမျိုးများ စိုက်ပျိုးခြင်း၊ရောဂါဖြစ်စေသော ဘက်တီးရီးယားသည် စပါးစိုက်ဒေသအသီးသီးတွင် ပျံ့နှံ့တည်ရှိနေခြင်း ၊စပါးသီးနှံကို နွေသီးနှံ၊ မိုးကြိုသီးနှံ၊ မိုးသီးနှံ စသည်ဖြင့်ဆက်တိုက်စိုက်ပျိုးခြင်း ၊စပါးပင်၏ အာဟာရဓာတ်လိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်မှုမရှိခြင်း၊ နိုက်တြိုဂျင်(ပုလဲမြေသြဇာ) လွန်ကဲစွာထည့်ပေးခြင်း၊ ရေကြီးခြင်း၊ ရေလွှမ်းခြင်း၊ ရေသွင်းရေထုတ်ညံ့ဖျင်းခြင်း၊ ပေါင်းမြက်ကောက်လေနှင့် စပါးသားတက်များ ရှင်းလင်းမှုအားနည်းခြင်း၊ စပါးရာသီ တစ်ခုနှင့်တစ်ခုကြားတွင် မြေခြောက်မှု၊ ရိုးပြတ်များခြောက်မှုမရှိခြင်း၊ မိုးရွာ/အုံ့ရက်များခြင်း၊ လေတိုက်ခြင်း၊ မိုးသက်မုန်တိုင်းကျခြင်း၊ နေရောင်ခြည်ရရှိမှုနည်းခြင်း၊ ကောက်ပင်စိပ်လွန်းစွာစိုက်ပျိုးခြင်း စသည်တို့ကြောင့် ဖြစ်တတ်သည်။

 

ကာကွယ်နှိမ်နှင်းနည်း

စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှု ဗီဇများမတူညီကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်သည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများစိုက်ပါက လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက်မျိုးကွဲများနှင့် ယှဉ်တွဲစိုက်သင့်ပါသည်။ရောဂါကင်းသော စိုက်ခင်းမှအောင်မြင်သော မျိုးစေ့ကို သုံးရန်၊ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင် ဆောင်ရွက်ရန်၊ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ အာဟာရဓာတ်ကိုစုံလင်စွာ အသုံးပြုရန်၊ နိုက်တြိုဂျင်ဓါတ်မြေသြဇာ လျော့သုံးရမည်ဖြစ်ပြီး ပိုတက်မြေသြဇာကို များများသုံးပေးရန်၊ ရေသွင်း၊ရေထုတ် မှန်မှန်ပြုလုပ်ပေးရန် ရောဂါဒဏ်ခံနိင်ရည်နည်းသော စပါးမျိုးအားတစ်ကွင်းတစ်ဆက်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုရန်၊ ပေါင်းမြက် ၊ကောက်လေများ၊ စပါးရိုင်းများ ရှင်းလင်းပေးရန်၊ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ရန်နှင့် BLB ရောဂါစတင်ကျရောက်လျှင် အောက်ပါဆေးများ အသုံးပြုပက်ဖျန်းပါ။

 Kasugamycin (ကာစူကာမိုက်စင်)

 Copper ပါဝင်သောမှိုသတ်ဆေးများ


 

 

(၁၀) ရောဂါပိုးအမည်           ‒  စပါးဘက်တီးရီးယားရွက်စင်းရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒  Xantomonasoryzae   pv. oryzicola

လက္ခဏာရပ်

အပင်ပွာစည်းချိန်နောက်ပိုင်း အရွက်ပေါ်တွင် အစင်းငယ်များကို ရွက်ကြောကြားတွင် တွေ့ရပြီး ရောဂါပြင်းထန်လာပါက အစင်းများသည် အဝါရောင်၊လိမ္မော်ရောင်သို့ ပြောင်းပြီး တစ်ဆက်တည်းပေါင်းစပ်သွားသည်။ရောဂါရအရွက်ကို ထောင်ကြည့်ပါက အလင်းပေါက်နေသည့် ရောဂါအစိတ်အပိုင်းကို တွေ့ရသည်။

 

ကျရောက်ချိန်

စိုက်ချိန်မှရိတ်သိမ်းချိန်အတွင်း ပုလဲမြေသြဇာလွန်ကဲစွာအသုံးပြုခြင်းနှင့် မိုးသက်မုန်တိုင်းကျရောက်သော အခါတို့၌ရောဂါဖြစ်မှုပိုမိုပြင်းထန်သည်။

 

ကာကွယ်နှိမ်နှင်းနည်း

ရောဂါစတွေ့လျှင်တွေ့ချင်းအောက်ပါဆေးများပက်ဖျန်းအသုံးပြုပါ။

Thiophanate methyl  (သိုင်အိုဖာနိတ်မီသိုင်း)

Kasugamycin             (ကာစူကာမိုက်စင်)

 Copper ပါဝင်သောမှိုသတ်ဆေးများ

 


(၁၁) ရောဂါပိုးအမည်           ‒  စပါးဘက်တီးရီးယား ပင်ခြေပုပ်ရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒  Erwinia chrysanthemi

လက္ခဏာရပ်

စပါးခင်းအတွင်းတွင် ရောဂါသည်အရွက်နှင့် ရွက်ဖုံးဆက်စပ်ရာ ရွက်လျှာမှ စတင်သည်။ရောဂါပျံ့နှံ့လာသည်နှင့်အမျှ ရွက်ပြားမှာ အဝါရောင်ဖြစ်၍ သေသွားပြီး ငိုက်ကျသွားပြီး အဆစ်များ၊ ပင်စည်အူတိုင်များ၊ ပင်စည်အခြေပိုင်းနှင့် အမြစ်များ ထိရောဂါကူးစက်ကာ ပုပ်ဆွေးသွားသည်။ ရောဂါကျစပါးပင်ပွားများမှာ မြေကြီးအတွင်းမှ အလွယ်တကူ ဆွဲနှုတ်နိုင်သည်။ ရောဂါရ အဆစ်များနှင့် ၎င်းအဆစ်များရှိ အမြစ်များမှာ အမည်းရောင်ဖြစ်နေပြီး ရောဂါရပင်စည်အူတိုင်ပိုင်းကို အရှည်လိုက်ဖြတ်ကြည့်ပါက အတွင်းပိုင်းတွင် ညိုမည်းပုပ်ဆွေးနေပြီး ဆိုးဝါးပြင်းထန်သော အနံ့ထွက်နေသည်။ဘတ်တီးရီးယားသည် အပင်ခြေပိုင်းကို ဆက်လက်တိုက်ခိုက်ပြီး အရွက်နုများမှာ အရောင်ဖျော့၍ ညှိုးလာသည်။ရောဂါ၏ မူလလက္ခဏာမှာ အရွက်များ အဝါရောင်ပြောင်းခြင်းနှင့် ပင်ပွားများ အညိုရင့်ရောင် ပုပ်ဆွေးသွားခြင်း ဖြစ်သည်။ရောဂါကျွမ်းသောအဆင့်တွင် ပင်ပွားအများအပြား ပုပ်ဆွေးသွားခြင်းကြောင့် တစ်ပင်လုံးယိုင်လဲသွားသည်။

 

ကျရောက်ချိန်

ရောဂါကျစိုက်ခင်းရေလွှမ်းခံရသော အခြေအနေမျိုးတွင် စပါးပင်ကို အချိန်မရွေး ပျက်စီးစေနိုင်သည်။ဆည်ရေသောက်ဒေသများတွင် သွင်းရေမှအဓိကကူးစက်သည်။

 

ကာကွယ်နှိမ်နှင်းနည်း

ပျိုးနှုတ်စဉ်အပင်ကို အနာတရမဖြစ်အောင် ဂရုစိုက်ရန်နှင့်ပျိုး/စိုက်ခင်းကို မြေပြုပြင်စဉ်ပိုတက်ရှ်အပါအဝင် ဓါတ်မြေသြဇာကို အချိုးညီညီထည့်ပါ။ ရောဂါကျဖူးသောမြေကို မြေပြင်စဉ် ကျောက်မှုန့်မြေသြဇာကို တစ်ဧကလျှင် (၆)ပိဿာနှုန်း ထည့်ပေးပါ။(သို့)ထုံး(၁၅‒၂၀)ပိဿာနှုန်းထည့်ပေးပါ။

-ရောဂါကျအခင်းကိုဖြတ်၍ ရေသွင်းရေထုတ်ပြုလုပ်ခြင်းကိုရှောင်ပါ။

ရောဂါစတင်တွေ့လျှင်တွေ့ချင်းအောက်ပါဆေးများပက်ဖျန်းအသုံးပြုပါ။

Kasugamycin (ကာစူကာမိုက်စင်)

Copper ပါဝင်သောမှိုသတ်ဆေးများ



 

(၁၂) ရောဂါပိုးအမည်  ‒ စပါးယူဖရာရောဂါ(သို့)စပါးလောင်မီးရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒  Ditylenchus angustus

လက္ခဏာရပ်

ရောဂါဖြစ်စအချိန်တွင် အစိမ်းနုရောင်သန်းနေသော အဖြူရောင်အစက်ငယ်များ၊ အစင်းများ၊ အကွက်များကို ရွက်ပြားနှင့်ရွက်ဖုံးထိတွေ့သော နေရာဝန်းကျင်တွင် စတင်တွေ့ရှိရသည်။ ၎င်းနောက်အညိုရောင်၊ ညိုမည်းရောင်သို့ ပြောင်းသွားသည်။ ဒုတိယအဆင့်အနေဖြင့် အရွက်များ တွန့်လိမ်ကောက်ကွေးခြင်း၊ ရွက်ဖုံးများ ပုံမမှန်ဖြစ်ခြင်း၊ ပင်ခြေအမြစ်များဖောင်းကားပြီး၊ ပုံမမှန်သော ပင်ပွားများ ထွက်ရှိခြင်းကို တွေ့ရသည်။ တတိယအဆင့်အနေဖြင့် အနှံများသေးငယ်ပြီး မအောင်မြင်သော အနှံများထွက်ခြင်း၊ အနှံများနှင့်အရွက်များ ကောက်ကွေးပြီး ပုံမမှန်ခြင်း၊ တစ်ခါတစ်ရံ အနှံများမထွက်နိုင်ဘဲ တစ်လစ်ဖြစ်နေခြင်းများကို အကွက်လိုက်တွေ့ရှိရပြီး ရောဂါပြင်းထန်ပါက (သို့) ကာကွယ်နှိမ်နင်းမှုမပြုလုပ်နိုင်ပါက တစ်ခင်းလုံးမီးလောင်ကျွမ်းသကဲ့သို့ ခြောက်သွေ့သွားသည်ကို တွေ့ရှိရသည်။

ကျရောက်ချိန်

နိုက်တြိုဂျင်ဓါတ်မြင့်မားခြင်း၊ လေထုစိုထိုင်းစမြင့်မားခြင်းတို့သည် ရောဂါကျရောက်မှုကို ပိုမိုဆိုးဝါးစေနိုင်သည်။ ယမန်နှစ်ရောဂါရ စိုက်ခင်းတွင် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းကြောင့်လည်းကောင်း၊ပိုတက်စီယံ၊ သွတ်၊ ကန့်ဓါတ်ချို့တဲ့ခြင်း စသည်တို့မှရောဂါဖြစ်ပေါ်မှုကို ပိုမိုဆိုးဝါးစေသည်။

ကာကွယ်နှိမ်နှင်းနည်း

ရောဂါကျရောက်ခဲ့သောလယ်တွင် ရိုးပြတ်များပင်ကြွင်း၊ပင်ကျန်များ၊ ဖယ်ရှားမီးရှို့ပါ။

မီးရှို့ရန် အခြေအနေမပေးပါကထယ်(၂-၃)စပ်(စက်ဖြင့်၂-၃ကြိမ်)ဝင်ပြီးသမန်းပုပ်အောင် ထားပါ။

ရေသွင်းရေထုတ်စနစ်ကောင်းရန်ကန်သင်းဘောင်ခိုင်မာမှု၊ရေလုံမှုတို့ကိုသေချာအောင်ဆောင်ရွက်ပါ။

မြေအာဟာရဓါတ်မျှတအောင်ထည့်ပါ။ပိုတက်ဓါတ်မြေသြဇာ(၂၈)ပေါင်/ဧက(သို့)စက်ဖွဲပြာ(၁၀)တင်း/ဧကမြေခံအဖြစ်ထည့်ပါ။

ရောဂါကင်းသောလယ်တွင် ပျိုးထောင်ရန်နှင့် ရောဂါကျရောက်ခဲ့သော စိုက်ခင်းမှမျိုးစေ့ကို အသုံးမပြုရန်နှင့် အကယ်၍ မလွဲမရှောင်သာ အသုံးပြုရမည်ဆိုပါက မျိုးစေ့ကို ဆားရေနှင့်စိမ်ပါ။မျိုးစေ့တွင် ကပ်နေသေ ာနီမတုတ်များကို သေစေသည်။

သက်လျင်စပါးမျိုးကိုအသုံးပြုခြင်းဖြင့် ရောဂါဖြစ်သောနီမတုတ်မျိုးပွားမှုအချိန်တိုစေပါသည်။

ရောဂါကျရောက်တတ်သောစိုက်ခင်းများတွင်စပါးဆက်တိုက်စိုက်မည့်အစားစပါးနှင့်မျိုးရင်းမတူသောအခြားသီးနှံများနှင့်အလှည့်ကျစိုက်ပါ။



 

(၁၃) ရောဂါပိုးအမည်           ‒  စပါးရွက်ဖျားဖြူ ရောဂါ

ရောဂါပိုးဖြစ်စေသည့်သက်ရှိ  ‒  Aphelenchoidesbesseyi

လက္ခဏာရပ်

မျိုးစေ့ဆောင် နီမတုတ်ရောဂါတစ်မျိုးဖြစ်သည်။အပင်၏ သက်တမ်းအစောပိုင်းတွင် ရောဂါလက္ခဏာကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ ရွက်ဖျားဖြူ နီမတုတ်သည် ပျိုးပင်များ၏ ရွက်နုကြားတွင်နေကာ ပင်စည်အပေါ် အဆစ်အနီးတစ်ဝိုက်မှ ကြီးထွားတစ်သျှူးများကို စားသောက်ခြင်းကြောင့် ရွက်ဖျားဖြူလာပြီး နောက်ပိုင်းတွင် လိမ်ကောက်ခြောက်သွေ့သွားကာ ကျန်ရှိသည့်အရွက်အစိတ်အပိုင်းများမှာ စိမ်းလျှက်သာ တွေ့ရှိရသည်။ယင်းရွက်ဖျားဖြူ လက္ခဏာကိုစိုက်ပြီး (၂၃)လအတွင်း တွေ့ရှိနိုင်သည်။နောက်ပိုင်း ဆက်လက်တိုက်ခိုက်ခံရပါက အလံရွက်(Flag.Leaf) သည်ရှုံ့တွ၍ လိမ်ကောက်နေပြီး အနှံများမထွက်နိုင်ဘဲ ဖြစ်နေသည်ကိုတွေ့ရှိရပါသည်။အနှံထွက်လာပါကလည်း အရွယ်အစားများမှာ ပုံမှန်ထက် သေးသွယ်ပြီး အစေ့များအဆံမတည်ဖြစ်နေသည်ကို တွေ့ရှိရသည်။

ကျရောက်ချိန်

ရွက်ဖျားဖြူ နီမတုတ်ကျရောက်မှုကို တောင်ယာစပါး၊ ဆည်ရေသောက်နှင့် ရေနက်ဧရိယာတို့တွင် ကျရောက်ဖျက်ဆီးသည်။ ထိုရောဂါကျရောက်မှုမှာ လေထုစိုထိုင်စ (၇၀)% အထက်ရှိသော ဒေသများတွင် ပိုမိုဖျက်ဆီးတတ်ကြသည်။ လက်ခံပင်များဖြစ်သည့် ပေါင်းမြက်များကြောင့်လည်းကောင်း ရောဂါတိုးတက်ပျံ့နှံ့မှုကို ဖြစ်စေသည်။အခြားနီမတုတ်များ မှိုရောဂါနှင့် ယှဉ်တွဲကျရောက်ပါကအထွက်နှုန်းကို ပိုမိုကျဆင်းစေသည်။ စပါးကို အညှောင့်ဖောက်ပြီး စိုက်ပျိုးခြင်း၊ ပျိုးခင်းတွင်လိုအပ်သည်ထက် မျိုးစေ့နှုန်းပိုမိုသုံးစွဲခြင်းသည် ရောဂါကျရောက်မှုကို ပိုမိုဆိုးဝါးစေသည်။

 

ကာကွယ်နှိမ်နှင်းနည်း

အိမ်သုံးဆား (၅၀)ကျပ်သားနှင့် ရေ(၁၀)ဂါလန် ဖျော်ရည်ထဲတွင် မျိုးစပါးအား (၂၄)နာရီစိမ်ပြီး စိုက်ပျိုးခြင်း၊ မျိုးညှောင့်မဖောက်ပဲ တိုက်ရိုက်အစေ့ချမျိုးစေ့နှုန်းကို လျော့သုံးခြင်း၊ ရောဂါရမျိုးစေ့များကိုစိုက်ပျိုးခြင်း ၊မျိုးအဖြစ်ရောင်းချခြင်းတို့ မပြုလုပ်ရန် ရှောင်ကြဉ်ခြင်းနှင့် ဓါတုနည်းဖြင့် ကာကွယ်နှိမ်နှင်းနည်းတို့ကို ပြုလုပ်ရပါမည်။



 

(၁၄) ရောဂါပိုးအမည်   ‒   စပါးမြစ်ဖုရောဂါ

 

ရောဂါပိုးဖြစ်စေသည့်သက်ရှိ

Meloidogye incognita

M. javanica

M. graminicola

M. oryzae

 

 လက္ခဏာရပ်

ရောဂါစပါးပင်၏ အမြစ်များ အဖုလုံးသဏ္ဍာန် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။အရွက်များဝါခြင်း၊ ပင်ပွားအထွက်နည်း၊ အရပ်ပုခြင်းနှင့် မအောင်မြင်သောအနှံများ ထွက်ခြင်းစသည့် လက္ခဏာများတွေ့ရှိရသည်။ဖော်ပြပါ လက္ခဏာများကို အကွက်လိုက်ဖြစ်ပေါ်နေသည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။

 

ကျရောက်ချိန်

ရောဂါကျရောက်ခဲ့ပြီးသော လယ်တွင်ဆက်လက်စိုက်ပျိုးခြင်း၊ ပျိုးထောင်ခြင်း၊ စပါးခင်းရေပြတ်ခြင်း၊ရောဂါကျရောက်နေသော အခင်းမှရေဖြတ်သွင်းခြင်း၊ ခံနိုင်ရည်မရှိသော မျိုးများစိုက်ပျိုးခြင်း။


ကာကွယ်နှိမ်နှင်းနည်း

M.graminicola မြစ်ဖုနီမတုတ်မျိုးစိတ် တစ်ခုမှလွဲ၍ အခြားမျိုးစိတ်များသည် ရေဝပ်ခြင်းဒဏ်ကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် ရောဂါရစပါးခြင်းအား ရေအမြဲသွင်းထားခြင်းဖြင့် မြစ်ဖုနီမတုတ်ကိုကာရောဂါကို ကာကွယ်နှိမ်နှင်းခြင်း။

ပဲလွမ်း၊ ဂုံလျှော်၊ နေကြာ၊ နှမ်းစသည့်သီးနှံများဖြင့်သီးလှည့် စိုက်ပျိုးခြင်း

သဘာဝမြေသြဇာ၊တမာကြိတ်ဖတ်၊စက်ဖွဲပြာနှင့်ပိုတက်ရှ်ထည့်ပေးခြင်းနှင့်ဓါတုနည်းဖြင့်ကာကွယ်ခြင်း။