စပါးသီးနှံတွင်ကျရောက်တတ်သောအင်းဆက်ပိုးမွှားများ
- Sun, 8 January 2023
(၁) ရောဂါပိုးအမည် ‒ စပါးပိုးလောင်မီး
ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Dicladispa armigera
လက္ခဏာရပ်
အကောင်ငယ်/ ကြီးအဆင့် နှစ်မျိုးလုံး ဖျက်ဆီးတတ်သည်။ အကောင်ငယ်သည် အရွက်ထွင်းပိုး (Leaf.miner) ဖြစ်ပြီး အကောင်ကြီးသည် အပင်ပေါ်နှင့် အပင်ပတ်ဝန်းကျင်တွင် စားသောပိုးကောင် (External.feeders) ဖြစ်သည်။ အကောင်ငယ်ကြောင့် အရွက်များခြောက်ကုန်ပြီး အကောင်ကြီးသည် အရွက်၏အစိမ်းရောင်တစ်သျှူးကိုအလျားလိုက်ခြစ်စားသဖြင့်အရွက်တွင်အဖြူရောင်အလျားလိုက် အစင်းများတွေ့ရသည်။ဖျက်ပိုးကျရောက်မှု နည်းပါကစပါးပင်သေမသွားသော်လည်း များစွာအားနည်း၍ ကျရောက်မှုများပါက အပင်ခြောက်၍သေနိုင်သည်။
ကျရောက်ချိန်
စိုက်ခင်း၊ပျိုးခင်းနှစ်ခုလုံးတွင် ကျရောက်နိုင်သည်။မိုးများသောနှစ်များတွင် ပိုးလောင်မီးကျရောက်မှု နည်းသည်။ရေကြီးနစ်မြုပ်ပြီးပြန်ကျသောအခင်းများတွင်ရေဝပ်နေရာများကျန်ရှိခဲ့ပါကထိုအခင်းများကိုဂရုစိုက်ပါ။
ကာကွယ်နှိမ်နှင်းနည်း
စပါးခင်းပတ်ဝန်းကျင်တွင်ပေါင်းမြက်များသုတ်သင်ရှင်းလင်းပါ။
အကောင်ကြီးများကိုတွေ့ရှိပါကဖမ်းဆီးပါ။
အဝါကွက်ပါသောအရွက်များတွေ့ပါကခူးယူဖျက်ဆီးပစ်ပါ။
ရွက်ထိပ်ဖျားများတွင် ဥများဥတတ်သဖြင့် အရွက်ထိပ်ဖျားများကို ဖြတ်ပစ်ပါ။ စွတ်စိုသော အခြေအနေကနှစ်သက်သဖြင့်ဖြစ်နိုင်ပါက ရေထုတ်ပေးပါ။ရေထုတ်ရာတွင် နာရီပိုင်းခန့်သာထုတ်ရန်လိုပါသည်။အချို့ဒေသများ ဆေးရွက်ကြီးအမှုန့်အစများကို ပျိုးခင်းတွင် (၂‒၃) ပြည်ခန့်ကြဲပက်ပေးခြင်းဖြင့် ကျရောက်မှုသက်သာသည်။ကျရောက်သည့်နေရာတွင် ပိုးကျရောက်ရာနေရာကိုသာဆေးချခြင်း (Spot treatment) ပြုလုပ်နိုင်သည်။
(၂) ရောဂါပိုးအမည် ‒ စပါးရွက်လိပ်အိမ်ပိုး
ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Nymphuladepunctalis
လက္ခဏာရပ်
စပါးရွက်များကို အလျားလိုက်အလိပ်လိုက်ပြုလုပ်ပြီး ထိုအလိပ်အတွင်းနေ၍ စပါးရွက်အောက်မျက်နှာပြင်ကို ခြစ်စားသည်။အပင်ငယ်စဉ်တွင် ပိုမိုဆိုးရွားစွာ ကျရောက်နိုင်သည်။အပင်ကြီးမှာခံနိုင်ရည်ပိုရှိသည်။ရေထဲတွင်ဖလံဘဝ ကြာရှည်နေနိုင်သည်။
ကျရောက်ချိန်
အပင်ငယ်စဉ်ပျိုးခင်း၊ ပြောင်းရွေ့စိုက်ပြီး သားတက်ပွားများချိန်၌ ကျရောက်ဖျက်ဆီးသည် ။အပင်ကြီးတွင် ထိခိုက်ကျရောက်မှု နည်းသည်။ စိုစွတ်မှုများသော အခြေအနေကို ပိုမိုကြိုက် နှစ်သက်သည်။မိုးစပါးတွင်ကျရောက်မှု များသည်။ရေကြီးနစ်မြုပ်သော နေရာများတွင် ကျရောက်မှု များတတ်သည်။
ကာကွယ်နှိမ်နှင်းနည်း
စပါးပင်ဦးရေ မထူထပ်စေရန် ဂရုစိုက်ပါ။ တိုက်ရိုက်စိုက်ခင်းတွင် ပြဿနာပိုရှိနိုင်သည်။ (၂၃) ရက်ရေထုတ်ပစ်ပါက အကောင်ငယ်များ အောက်စီဂျင်ပြတ်၍ သေစေသည်။ ရေသွင်းပြီးစိုက်ခင်းအား စောင့်ကြည့်စစ်ဆေးရန်နှင့် လယ်ကွက်သည် အရိပ်ရပြီးဗွက်အိုင်ထူသော ပတ်ဝန်းကျင်ရှိပါက ပွားများမှုမြန်သည် ။ရွက်လိပ်များမပြုလုပ်မီ ၊ချည်မျှင်နှင့်မတွယ်မီပိုးသတ်ဆေးကို စနစ်ကျစွာ ဖျန်းရန်လိုအပ်သည်။
(၃) ရောဂါပိုးအမည် ‒ ငမြှောင်တောင်
ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Spodopetramanritia
လက္ခဏာရပ်
ငယ်စဉ်တွင် အရွက်၏အစိမ်းရောင်အသားကို ခြစ်စားသဖြင့် အစိမ်းရောင် ပျောက်နေသော စပါးရွက်များကို တွေ့ရပြီးအကောင်ကြီးအရွယ်တွင် အရွက်များကို ကိုက်ဖြတ်စားသောက် သဖြင့် အရွက်များပြတ်နေသည်။ပျိုးခင်းတွင် ပိုမိုတွေ့နိုင်သည်။
ကျရောက်ချိန်
ပျိုးခင်းနှင့်ပြောင်းရွှေ့စိုက်ပြီးခါစ အခင်းများတွင် ဆိုးဝါးစွာ ကျရောက်နိုင်သည်။ ရေကြီး၊ ရေလျှံ၍ ပြန်လည်စိုက်ပျိုးသော အခင်းများတွင် အထူးဂရုစိုက်ရန် လိုအပ်သည်။မိုးဦးကောင်းပြီးမိုးလည်ခေါင်သော နှစ်များတွင်လည်းကောင်း မိုးစပါးနှင့် တိုက်ရိုက်စိုက်ခင်းများတွင် ပေါင်းမြက် ထူထပ်လျှင်သော်လည်းကောင်း စပါးသီးထပ်စိုက်သော နှစ်များတွင်လည်းကောင်း ကျရောက်မှုပိုများသည်။
ကာကွယ်နှိမ်နှင်းနည်း
စပါးခင်းပတ်ဝန်းကျင်တွင် ပေါင်းမြက်များရှင်းလင်းထားရန်နှင့် စပါးခင်းကန်သင်းဘောင်များကို ခိုင်ခံ့အောင်ပြုလုပ်ပါ။ သီးလှည့်စိုက်ပျိုးပါ။ ထယ်ရေးနက်နက်ထိုးပြီး ရိုးပြတ်များကို မီးရှို့ရန်နှင့်ပိုးကောင်ကျနေသော စိုက်ခင်းများထဲသို့ ရေသွင်းပါ။ငမြှောင်တောင်ဥ အစုလိုက်တွေ့ပြီး တစ်ပတ်ဆယ်ရက်ကြာလျှင် အညွှန်းပါဆေးကို စပါးရွက်အောက်မျက်နှာပြင်ကို ရောက်အောင်ဖျန်းပါ။
(၄)ရောဂါပိုးအမည် ‒ စပါးဆစ်ပိုးများ
လက္ခဏာရပ်
ပိုးလောက်ကောင်ဖျက်ဆီးမှုကြောင့်ရွက်ပြားများဖြူကုန်သည်။စပါးနှံစထွက်ချိန်တွင်အနှံများခြောက်ကုန်သည်ကိုတွေ့နိုင်သည်။ဆစ်ပိုးခေါင်းမဲများသည်စပါးပင်အဆစ်များတွင်အဓိကစားသောက်လေ့ရှိသည်။
ကျရောက်ချိန်
မိုးစပါးတွင်တိုက်ရိုက်စိုက်ခင်းများ၌ ပေါင်းမြက်ထူထပ်နေပါကကျရောက်မှုများနိုင်သည်။စပါးကိုသီးထပ်စိုက်သောနှစ်များတွင်ပိုမိုကျရောက်နိုင်သည်။
ကာကွယ်နှိမ်နှင်းနည်း
ရိုးပြတ်များအတွင်း ရုပ်ဖုံးများဝင်ရောက်ကာ ဘဝစက်ဝန်းဆက်လက်ရှင်သန်နိုင်သဖြင့် ရိုးပြတ်များနှင့်ကောက်ရိုးများအား မီးရှို့ဖျက်စီးပါ။ ထယ်ရေးနက်နက်ထိုးပြီး ရေသွင်းထားခြင်းသည်အထိရောက်ဆုံးဖြစ်ပြီး စိုက်ပျိုးခင်းများ မြေပြင်ချိန်တွင် ဖူရာဒန်(3G)တစ်ဧကလျှင် (၃၅) ကီလို ထည့်ပေးခြင်းသည် ဆစ်ပိုးကျရောက်မှုအား ပိုမိုထိရောက်စွာ ကာကွယ်နိုင်ပါသည်။နှစ်စဉ်ကျရောက်တတ်သော စပါးခင်းများတွင် စိုက်ချိန်အားတွက်ချက်၍ နောက်ကျစိုက်ပါ။ အပင်ပွားချိန်တွင် ဆစ်ပိုလက္ခဏာ (အပုပ်dead.heart) စတင်တွေ့ရှိပါက (၁‒၂) ရက်ခန့် ရေထုတ်ပေးခြင်းဖြင့် ဆစ်ပိုးပွားများမှုမှကာကွယ်ပါ။
(၅)ရောဂါပိုးအမည် ‒ စပါးကြက်သွန်မြိတ်ပိုး
ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Orseoliaoryzae
လက္ခဏာရပ်
ပိုးလောက်ကောင်များသည် ဖွံ့ဖြိုးဆဲအပင်များအတွင်း၌ စားသောက်ခြင်းကြောင့် ပင်ပွားများ၏အခြေသည် ရောင်ရမ်း၍ဖုလုံးဖြစ်လာသည်။ ပျိုးခင်းကတည်းက အစပြု၍ ကြက်သွန်မြိတ်ပိုးကျရောက်ပါက စပါးနှံသန္ဓေမတည်မီကာလအတွင်း ဘဝစက်ဝန်းအကြိမ်များစွာနိုင်သည်။
ကျရောက်ချိန်
မိုးအုံ့၍တိမ်ထူထပ်သော ရာသီဥတုမျိုးတွင် ကျရောက်မှု များနိုင်သည်။ ယခင်နှစ် ကြက်သွန်မြိတ်ပိုး ကျရောက်ခဲ့သော ပျိုးခင်း၊စိုက်ခင်းများတွင် ယခုနှစ်ပြန်လည် ကျရောက်နိုင်သည်။ဆောင်းသီးနှံ စိုက်ပျိုးပြီးသော အကွက်တွင် စပါးပြန်စိုက်ပါက အထူးဂရုစိုက်ရမည်။ မိုးဦးနောက်ကျသောနှစ်များတွင် အထူးဂရုစိုက်ပါ။ ပေါင်းမြက်ထူထပ်သော နေရာများတွင် ကျရောက်မှုများသည်။မိုးများရေလျံသော နှစ်များတွင် ကျရောက်မှုမရှိသလောက်နည်းသော်လည်း ပြန်လည်စိုက်ပျိုးသောအခင်းများတွင် အထူးဂရုစိုက်ရမည်။ ခြောက်သွေ့သော ရာသီတွင် ကျရောက်မှုနည်းသည်။
ကာကွယ်နှိမ်နှင်းနည်း
ယခင်နှစ်က ကြက်သွန်မြိတ်ပိုး ကျရောက်သောအကွက်တွင် ယခုနှစ်စပါးထပ်မစိုက်သင့်ပါ။ ယခင်နှစ်ကဖျက်ပိုးကျရောက်သောအချိန်ကို မှတ်သားပြီး စိုက်ချိန် ရွှေ့ပြောင်းစိုက်ရမည်။သာမန်အားဖြင့် မိုးအခြေအနေကိုကြည့်ပြီး စောနိုင်သမျှ စောစောစိုက်ရမည်။ လိုအပ်၍ ပိုးသတ်ဆေးပက်ဖျန်းလျှင် နံနက်စောစော ပက်ဖျန်းပါ။ဒေသအလိုက် ခံနိုင်ရည်ရှိသော မျိုးများကိုရွေးချယ်စိုက်ပျိုးပါ။ပိုတက်ရှ်ဓါတ်မြေသြဇာများများ ထည့်ခြင်းမှရှောင်ပါ။ ဓာတ်မြေသြဇာအနည်းအများသည် ကြက်သွန်မြိတ်ပိုးပွားများမှုကို ပြောင်းလဲစေသည်။ အပင်ဦးရေမများစေရန်ဂရုစိုက်ပါ။ သီးလှည့်စိုက်ပျိုးပါ။ ပိုးသတ်ဆေးကိုအကောင်ပေါက်ချိန်တွင် အချိန်ကိုက်ဖျန်းပါ။ ပင်စည်အောက်ခြေမှ အထက်သို့တိုးဖျန်းပါ။
(၆) ရောဂါပိုးအမည် ‒ စပါးသရစ်ပိုး
ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Baliothripsbiformis
စပါးသရစ်ပိုးကျရောက်ပါကရွက်ထိပ်ဖျားများခြောက်သွေ့နေပြီးကျရောက်မှုများပါကရေလိုအပ်သောစပါးပင်၏လက္ခဏာနှင့်တူသည်။စိုက်ခင်းတွင်ရေမရှိပါကထိုလက္ခဏာပိုမိုထင်ရှားပြီးစပါးရွက်အောက်မျက်နှာပြင်တွင်အဝါရောင်မှအနီရောင်အထိအစင်းများတွေ့ရပြီးအရွက်အနားမှအရွက်အလယ်အရိုးထိလိပ်ဝင်နေသည်ကိုတွေ့ရသည်။စပါးနှံထွက်ချိန်တွင်ကျရောက်ပါကအဆံမပါသောအစေ့များဖြစ်နိုင်သည်။အရွက်လိပ်ထဲတွင်သရစ်ပိုးအကောင်ငယ်/ကြီးနှစ်မျိုး လုံးကိုတွေ့နိုင်သည်။
ကျရောက်ချိန်
ပျိုးပင်တွင်ပိုမိုကျရောက်လေ့ရှိသည်။ပေါင်းပင်များထူထပ်သောနေရာတွင်လျင်မြန်စွာပေါက်ဖွားနိုင်သည်။မြက်မှပျိုးခင်းသို့ကူးနှုန်းသည်စပါးပင်အချင်းချင်းကူးနှုန်းထက်ပိုမြန်သည်။နွေစပါးခင်းတွင်ကျရောက်မှုပိုများသည်။ရေကျနောက်စိုက်စိုက်ခင်းများ၊ရေပြတ်သောစပါးစိုက်ခင်းများ၊တိုက်ရိုက်မျိုးစေ့ချပျိုးခင်းများ၊ရေကြီးနစ်မြုပ်ပြီးပြန်လည်စိုက်သည့်အခင်းများတွင်ဆိုးဝါးစွာကျရောက်ပါသည်။
ကာကွယ်နှိမ်နှင်းနည်း
ပေါက်ပွားမှု လျှင်မြန်သောဖျက်ပိုးဖြစ်သဖြင့် ကာကွယ်နှိမ်နင်းမှုကို အချိန်မီပြုလုပ်ရပါမည်။ အရွက်လိပ်ခြောက်နေသော စပါးရွက်များ၊ စပါးရွက်ဘေးနှုတ်ခမ်းမှ ရွက်လယ်ကြောအတွင်းလိပ်နေသောစပါးပင်များကို တွေ့ရှိပါက နှုတ်ယူမီးရှို့ပစ်ပါ။ ပျိုးခင်းခြောက်သွေ့နေပါက ရေနေ့တစ်ဝက်ခန့်သွင်းပါ။ ခြောက်နေသောအရွက်လိပ်ကို ခွဲကြည့်ပါက အမည်းရောင်အကောင်လေးများ (၁)ဧကတွင် အပင်(၂၀)တွေ့ပါက သရစ်ပိုးကိုကုသရန်ညွှန်ပြထားသော ဆေးများကို စနစ်တကျမှန်ကန်စွာ ပက်ဖျန်းပါ။မွှားပင့်ကူသတ်ဆေးများ သုံးစွဲခြင်းသည် အထိရောက်ဆုံးဖြစ်သည်။ ထိသေ၊စားသေ၊ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးများလည်း အသုံးပြုနိုင်ပါသည်။
(၇)ရောဂါပိုးအမည် ‒ စပါးဖြုတ်ပိုး
လက္ခဏာရပ်
ဖြုတ်စိမ်းပိုး၊ဖြုတ်ညို၊ဖြုတ်ကျောဖြူပိုး
ဖြုတ်စိမ်း၊အကောင်ကြီး၊အကောင်ငယ် နှစ်မျိုးစလုံး အပင်ကိုစုပ်စားသဖြင့် အပင်မသေသော်လည်း အပင်အားနည်းပြီး အပင်ကြီးထွားမှုနည်းသည်။ဖြုတ်စိမ်းသည် အပင်တွင် ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်သည်။ အရွက်များ ဝါခြောက်သွားသည်။ စပါးပင်၏ အစောပိုင်းအဆင့်တွင် ကျရောက်တတ်သည်။ ဖြုတ်ညိုပိုးကျရောက်ပါက စပါးပင်၏ ပင်ရည်အား စုပ်ယူသဖြင့် စပါးရွက်များ ခြောက်သွေ့မီးလောင်ထားသကဲ့သို့ တွေ့မြင်ရပြီး နောက်ဆုံးတွင် အပင်များအားလုံး သေသွားသည်ကို တွေ့ရပါသည်။ တခါတရံ တံစဉ်လွတ်သည်အထိ ဖျက်ဆီးနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ခြင်းကို (hopper.burn) ဖြုတ်လောင်ခြင်းဟု ခေါ်သည်။ ထို့အပြင် ရောဂါများဖြစ်သော (Rice Grassy Stunt Virus) (မြက်တူပင်တိုရောဂါ) နှင့်(Rice Ragged Stunt Virus) (စုတ်ပြတ်လိန်တွန့်ပင်တိုရောဂါ) သယ်ဆောင်ကူးစက် ပြန့်ပွားစေသည်။ဖြုတ်ညိုပိုးများသည် တစ်နေရာမှတစ်နေရာသို့ လေမှတဆင့်ကူးစက်ပျံ့နှံ့သည် ။ဖြုတ်ညိုပိုးသည်ရာသီဥတုနှင့် ဆက်စပ်မှုအများဆုံးရှိသော ဖျက်ပိုးဖြစ်သည်။ဖြုတ်လောင်ရောဂါ(hopper burn)နှင့်Southern Rice Black Streak Dwarf virus(စပါးအနက်အစင်းအပင်ပုရောဂါ)ဖြစ်စေသည်။
ကျရောက်ချိန်
ရာသီဥတုနှင့်ဆက်စပ်မှုအများဆုံးရှိသောဖျက်ပိုးဖြစ်သည်။မိုးဦး၊မိုးလယ်၊မိုးနှောင်း(၃)မျိုးစလုံးတွင်မိုးရေချိန်များပါကဖြုတ်ပိုးပုံမှန်ကျရောက်သည်။စွတ်စိုမှုများသောနှစ်များတွင်ဆိုးဝါးစွာကျရောက်တတ်သည်။ဆိုးဝါးစွာကျရောက်သောနှစ်နည်းသည်။
ကာကွယ်နှိမ်နှင်းနည်း
ဖြုတ်ညို၊ဖြုတ်ဖြူပိုး ကျရောက်မှုအား ကြိုတင်ကင်းထောက် မှတ်တမ်းကောက်ယူခြင်း၊ ပတ်ဝန်းကျင်တွင် ပေါင်းမြက်များအား ရှင်းလင်းပေးခြင်း၊ စပါးလမိုင်းများ မရှိစေရန်နှင့်ယခင်နှစ်ကဖြုတ်ပိုးကျခဲ့သော စိုက်ခင်းကိုမီးရှို့၍ ထယ်ရေးနက်နက်ထိုးခြင်း၊ ရေသွင်းရေထုတ် ပုံမှန်ပြုလုပ်ပေးခြင်း၊ ဓါတ်မြေသြဇာ(ယူရီးယား)အား သင့်တော်သော နှုန်းထားဖြင့် ထည့်သွင်းပေးရန်နှင့်ပိုတက်ရှ်မြေသြဇာကို မှန်မှန်ထည့်ပေးခြင်း၊ စပါးပင်အုံတစ်အုံတွင် ဖြုတ်ညို၊ဖြုတ်ကျောဖြူ အကောင်ဦးရေ (၁၀‒၁၅) ကောင်တွေ့ပါက စပါးကွင်းအားရေထုတ်၍ ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးရန်နှင့်စပါးခင်းအတွင်းရှိ မိတ်ဆွေပိုးများအား ထိန်းသိမ်းပေးခြင်း ပင့်ကူအစိမ်းရောင်မိတ်ဆွေဂျပိုးWolfspider(Paradosapseudoannulata)၊အစိမ်းရောင်မိတ်ဆွေဂျပိုး greenmiredbug (CyrtorhinuslividipennisReuter)၊ မြေကျိုင်း groundbeetle(Ophioneanigrofasciata) မိတ်ဆွေပိုးများ လာရောက်စေရန် စပါးစိုက်ခင်းများ၊ကန်သင်းများတွင် အဝါရောင်နှင့်အဖြူရောင်ပန်းပွင့်သည့်အပင်များ စိုက်ပျိုးပေးခြင်း၊ဖြုတ်ပိုးဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများဖြင့် အစားထိုးစိုက်ပျိုးပေးခြင်းတို့ပြုလုပ်ပေးရမည်။
(၈)ရောဂါပိုးအမည် ‒ စပါးနှံစုပ်ပိုး
လက္ခဏာရပ်
စပါးနှံမပေါ်ခင်တွင်အရွက်နုများကိုစုပ်စားဖျက်ဆီးသည်။ပြောပလောက်အောင်ဖျက်ဆီးမှုမရှိသော်လည်းစပါးနှံထွက်ချိန်တွင်စပါးနှံများသေးသိမ်ဝါခြောက်ထိုးထောင်နေသည်ကိုတွေ့ရသည်။သို့သော်စပါးနှံအစေ့ပေါ်တွင်ညိုနက်ရောင်အစက်များတွေ့ရှိနိုင်သည်။
ကျရောက်ချိန်
ရေသွင်းစိုက်ပျိုးသောဒေသများတွင်ရေသွင်းစိုက်ပျိုးသည့်စပါးသီးနှံများကိုသတိထားရမည်။နှစ်စဉ်မိုးရာသီ၌မိုးရွာသွန်းမှုသည်ရှေ့-လယ်၊နောက်-မိုးရွာသွန်းမှုတူညီနေပါနှံစုပ်ပိုးကျရောက်မှုများတတ်သည်။အထွက်နှုန်း(၁၀-၄၀)ရာခိုင်နှုန်းခန့်ဆုံးရှုံးနိုင်သည်။
ကာကွယ်နှိမ်နှင်းနည်း
စပါးနှံစုပ်ဂျပိုးသည်မြက်ရိုင်းများပေါ်တွင်အသက်ရှင်နိုင်ပြီးစပါးခင်းအနီးပတ်ဝန်းကျင်ရှိပေါင်းမြက်မြက်ရိုင်းများကိုရှင်းပါ။သီးလှည့်စိုက်ပျိုးပါ။မီးထောင်ချောက်များကိုကွင်းအနှံ့ညီညာစွာထွန်းပါ။ပိုးသတ်ဆေးများကိုနေပြင်းပြင်းမထွက်ခင်အချိန်ဆေးဖျန်းရမည်ဖြစ်ပြီးအပင်ထိပ်ဖျားမှအရွက်အနုအရင့်တစ်ပင်လုံးအတွက်နေရာအနှံ့ရောက်ရှိရန်ဖျန်းပါ။
(၉)ရောဂါပိုးအမည် ‒ စပါးနှံဖြတ်ပိုး
ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Mythimna separate
လက္ခဏာရပ်
အကောင်ငယ်များကြောင့်စပါးပင်ရွက်ကြောသာကျန်ပြီးအရွက်များမှာအကောင်ကြီးကိုက်ဖျက်စားသဖြင့်စုတ်ပြတ်နေသည်။စပါးစေ့များ၊အနှံများအပင်ရင်းတွင်ကျရောက်နေတတ်သည်။ညနေနေဝင်ချိန်မှစ၍ မိုးသောက်ချိန်ထိအနှံများကိုတစ်နှံချင်းတစ်စေ့ချင်းကိုက်ဖြတ်စားသည်။
ကျရောက်ချိန်
နှစ်စဉ်ကျရောက်ခြင်းမရှိဘဲ (၁၀)နှစ်တစ်ကြိမ်ခန့် ဆိုးဝါးစွာကျရောက်တတ်သည်။ ယခင်နှစ်က မိုးခေါင်ပြီး လာမည့်နှစ်မိုးဦးတွင် ပြင်းထန်စွာ ရွာသွန်းသောမိုးနှင့်ကြုံပါက ၎င်းဖြတ်ပိုးကျရောက်မှုအတွက် သတိထားရမည်။ ကွင်းထဲတွင် စပါးနှံဖြတ်ပိုးကျရောက်မှု စတွေ့သည့်အချိန်သည် ဆိုးဝါးသော အခြေအနေပင်ဖြစ်သည်။မိုးဦး၊မိုးနှောင်းကောင်းပြီး မိုးလယ်ခေါင်သော နှစ်များတွင် ဆိုးဝါးစွာကျရောက်နိုင်သည်။
ကာကွယ်နှိမ်နှင်းနည်း
စပါးခင်းပတ်ဝန်းကျင်ရှိပေါင်းမြက်များကို ရှင်းလင်းရန်နှင့် စပါးရိတ်ပြီးရိုးပြတ်များကို မီးရှို့ပါ။ထယ်၊ထွန်ကို နက်နက်ထွန်ယက်ပါ။နှံဖျက်ပိုးများ များပြားစွာ ကျနေသောစပါးခင်းကို ရေသွင်းပါ။နဂျီမျိုးရင်းဝင်ကပ်ပါးမိတ်ဆွေပိုးများသည် နှံဖျက်ပိုးဥပေါ်တွင် များစွာကပ်ပါးပြုနိုင်သဖြင့် အကျိုးပြုနဂျီများ (braconids) နှင့် (ichneumons) များကို မသေစေရန် ပိုးသတ်ဆေးကိုဆင်ခြင်သုံးစွဲပါ။
(၁၀)ရောဂါပိုးအမည် ‒ စပါးရွက်လိပ် ရွက်ခေါက်ပိုး
ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Cnaphalocrocismedinalis
လက္ခဏာရပ်
စပါးပင်များ ကွက်၍ဖြူနေသည်ကို တွေ့ရသည်။ပြွန်ပုံရှိစပါးရွက်လိပ်များအတွင်းတွင် လောက်ကောင်ငယ်များအား တွေ့ရသည်။အရွက်ရောဂါများ အထူးသဖြင့် ဘက်တီးရီးယားရောဂါ သည်၎င်းဖျက်ဆီးထားသော စပါးရွက်နှုတ်ခမ်းများမှ စတင်ဖြစ်ပေါ်နိုင် သည်။
ကျရောက်ချိန်
စပါးပင်သက်တမ်းအစောပိုင်းတွင်ကျရောက်တတ်သည်။ဆိုးဝါးစွာကျရောက်ခြင်းမရှိတတ်သော်လည်းစပ်မျိုးစပါးများတွင်ကျရောက်မှုဆိုးဝါးသည်။
ကာကွယ်နှိမ်နှင်းနည်း
ရွက်လိပ်ရွက်ခေါက်ပိုးများ ဖျက်ဆီးမှုသည် စပါးအထွက်နှုန်းအားဆိုးဝါးစွာ မထိခိုက်နိုင်ပါ။ ပိုးသတ်ဆေးများအား အမှန်တကယ်လိုအပ်မှသာ မှန်ကန်စွာသုံးစွဲသင့်ပါသည်။ပိုးသတ်ဆေးမသုံးဘဲ အခြားကာကွယ်နည်းများဖြစ်သော ပေါင်းမြက်များကို ရှင်းလင်းခြင်း၊ ရွက်လိပ်များအား လက်ဖြင့်ဖယ်ရှားဖျက်ဆီးခြင်း ၊သဘာဝမိတ်ဆွေပိုးများ စပါးကွင်းအတွင်း များပြားလာစေရန် ဆွဲဆောင်နိုင်သည့် အဖြူရောင်(သို့)အဝါရောင်အပွင့်များ ပွင့်သည့်အပင်များအား ကန်သင်းတစ်လျှောက် စိုက်ပေးခြင်းတို့ ပြုလုပ်ပေးသင့်ပါသည်။
(၁၁)ရောဂါပိုးအမည် ‒ စပါးရွက်စားယင် (ရွက်ဗွေလောက်)
ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Pyriculariaoryzae
လက္ခဏာရပ်
ဥမှပေါက်ကာစ လောက်ကောင်သည် အပင်၏အလယ်ရွက်နုပိုင်းသို့ ပြောင်းရွေ့ကာ ကြီးထွားစရွက်သစ်လိပ်များ၏ အတွင်းရှိအနားပိုင်းကို စားသောက်ဖျက်ဆီးကြသည်။အရွက်များတစ်စထက်တစ်စရှည်လျား၍ ပြန့်လာသည်နှင့်အမျှ ဒဏ်ရာများအား ပိုမိုမြင်သာစေသည်။
ကျရောက်ချိန်
ပျိုးပင်မှ ပင်ပွားအများဆုံး ပွားသည့်ကာလအတွင်း ကျရောက်တတ်သည်။ ဆိုးဝါးစွာကျရောက်ခြင်း မရှိတတ်သော်လည်း ကျရောက်မှုဆိုးဝါးပါက အပင်အထနှေးစေသည်။ တစ်နှစ်ပတ်လုံး စပါးစိုက်ပျိုးသော ဒေသများတွင် ပိုမိုဖျက်ဆီးမှုရှိသည်။ပျိုးခင်းအတွင်း၌ပင် ကာကွယ်နှိမ်နှင်းခြင်း ပြုလုပ်ပေးသင့်သည်။ရေမပြတ်ရှိနေသည့် လယ်များတွင် ကျရောက်ကြသည်။
ကာကွယ်နှိမ်နှင်းနည်း
ရေ(၁-၂)ရက်ခန့်ထုတ်ပေးပါ။ပေါင်းမြက်များအားရှင်းလင်းပါ။
(၁၂) ရောဂါပိုးအမည် - စပါးဖြုတ်ညိုပိုး
ရောဂါပိုးဖြစ်စေသည့်သက်ရှိ - Brown planthopper; Nillaparvata lugens ( Stal, 1854 )
ကျရောက်ချိန်
စပါးပင်ဖုံးတုန်းလုံးတုန်း အချိန်မှရိတ်သိမ်းချိန် အထိကျရောက်တက်သည်။
ဖျက်ကောင်ပုံသဏ္ဌန်များ
ဖြုတ်ညိုသည်ပိုးမမည်နှင့် အကောင်ကြီးသည် အညိုရောင်ရှိပြီးအကောင်ကြီးတွင် အတောင်တိုနှင့် အတောင်ရှည် ရှိသည်။