နေ့စဉ် စားသုံးနေသည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ မှ လူတို့ ကျန်းမာ ပျော်ရွှင်စွာ သက်တမ်းစေ့နေနိုင်ရေး အထောက်အကူပြု အာဟာရများ စုံလင်စွာပါဝင်နေမှု နှင့် စနစ်တကျ စားသုံးနိုင်ကြစေရေး အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရာသီအလိုက် ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို ရာသီစာအဖြစ် အလေးထား စားသုံး တတ်ကြသည့် မိမိတို့ မြန်မာ့ဓလေ့ထုံးတမ်းကို တိုးမြှင့် ဖော်ဆောင်ပေး နိုင်ရေး ၊ အစာလည်းဆေး ဆေးလည်းအစာ စားသုံးမှုကျယ်ပြန့်လာစေရန် နှင့် မြန်မာ့ ဆေးဘက်ဝင် အပင်များနှင့်ပတ်သက်သော ဗဟုသုတများ ဖြန့်ဝေပေးနိုင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ပိုင်းက နေပြည်တော် ပရဆေးဥယျာဉ် သို့ရောက်ရှိစစ်ဆေးစဉ် တာဝန်ရှိသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
နေပြည်တော် ပရဆေးဥယျာဉ် တွင် ဝန်ကြီးဌာန (၃)ခုတို့မှ ကဏ္ဍများခွဲ၍ သဘာဝ ပရဆေးပင်များ၊ ရှားပါးပရဆေးပင်များကို စိုက်ပျိုး ပြုစုပြီး အများပြည်သူတို့ လေ့လာ နိုင်ရေး ဆောင်ရွက်ထားရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ပရဆေးပင် အမျိုးပေါင်း ၁၂၀ ကျော် ကို အဓိက တာဝန်ယူ စိုက်ပျိုးပြသလျက်ရှိသည်။ အဆိုပါ ပရဆေးဥယျာဉ် တွင် ငှက်ဖျားရောဂါ ပျောက်ကင်းစေသော ပရဆေးပင် (၂၀)မျိုး ၊ အဆုတ်(တီဘီ)ရောဂါပျောက်ကင်းစေသော ပရဆေးပင်(၂၂)မျိုး ၊ ဆေးဖက်ဝင်ဂမုန်း(၂၅)မျိုး၊ တိုင်းဒေသကြီး ပြည်နယ်များ မှ ပရဆေး ပင် (၂၈)မျိုး ၊ ဆေးဖက်ဝင်သစ်ခွများ စိုက်ပျိုးပြသလျက်ရှိရာ အစာလည်းဆေး ဆေးလည်းအစာဆောင်ပုဒ်နှင့်အညီ ပြည်သူများ ရာသီအလိုက် နှင့် နေ့စဉ် စားသုံးနေသည့် ဟင်းသီးဟင်းရွက်ပင်များ ပြကွက်ကို ဖြည့်စွက်ပြီး လေ့လာသူများ စိတ်ဝင်စားဖွယ်ဖြစ်စေရန် နှင့် ဥယျာဉ် ကို သာယာလှပစေရန် တိုးချဲ့ ဆောင်ရွက်ရေး အတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေး မှူးချုပ်များ နှင့် တာဝန်ရှိသူများ ကွင်းဆင်းတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ အစာလည်းဆေး ဆေးလည်းအစာ စားသုံးလာကြ စေရေး ကြိုးပမ်းခြင်း သည် ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ်ဖြစ် သည့် “ကျွန်ုပ်တို့ ၏ လုပ်ဆောင် ချက်များ သည် ကျွန်ုပ်တို့၏ အနာဂတ်၊ ပိုမို ကောင်းမွန်သော ထုတ်လုပ်မှု၊ အာဟာရ ၊ သဘာဝ ပတ်ဝန်းကျင် နှင့် လူနေမှု ဘဝ” ဆိုသည့် “ကောင်း (၄) ကောင်း” (Four Betters) နှင့်အညီ စားနပ်ရိက္ခာထုတ်လုပ်မှုစနစ်များ ပြောင်းလဲ ဆောင်ရွက်သွားမည့် ရည်ရွယ်ချက် နှင့်လည်း ကိုက်ညီနေပါကြောင်း၊ ပရဆေးဥယျာဉ် တွင် လက်ရှိ စိုက်ပျိုး ထိန်းသိမ်းထားသော အပင်များအပြင် ပိုမိုပြည့်စုံစေရန် အသစ်ထည့်သွင်းဆောင်ရွက်မည့် စိုက်ခင်းပြကွက်များ ကို ကျွမ်းကျင်သူ ပညာရှင်များ နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အာဟာရပြည့်စုံပြီး ကျန်းမာရေးကိုလည်း အထောက်အကူ ပြုသည့်အပင်များ နှင့်ပတ်သက်သည့် ပညာပေးဆွေးနွေးပွဲများ ပုံမှန်ကျင်းပရေး၊ ဗဟုသုတစာပေများကို အီလက်ထရောနစ် စာအုပ်စင်အဖြစ် ဖော်ဆောင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက စိုက်ခင်းပြကွက်များ ပြုပြင်မွမ်းမံရေး၊ တိုးချဲ့ဆောင်ရွက်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် နေပြည်တော် မြို့မဈေး အနီးရှိ ဝန်ကြီးဌာန GEC က ဆောင်ရွက်လျက်ရှိသည့် အအေးခန်း စက်ရုံအား ကြည့်ရှုစစ်ဆေးပြီး အအေးခန်း စက်ရုံပြန်လည် မွမ်းမံရေးနှင့် သား ငါး ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ပြုပြင်ထုပ်ပိုး၍ နိုင်ငံဝန်ထမ်းများ နှင့် ပြည်သူများအတွက် သန့်ရှင်း လတ်ဆတ်ပြီး အစားအစာဘေးကင်းလုံခြုံမှုရှိစွာ ရောင်းချပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
Registration is free and easy!