ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ခပေါင်းဆည်ရေသောက် တောင်သူလယ်သမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာများဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ခပေါင်းဆည်ရေသောက် တောင်သူလယ်သမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာများဆွေးနွေး

နေပြည်တော်၊စက်တင်ဘာလ(၇)ရက်

တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့တွင် အဆင်ပြေချော့မွေ့စွာလုပ်ကိုင်နိုင်ကြပြီး လယ်ယာကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ကြခြင်းဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာကာ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။

စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် မိမိတို့တွက်ခြေကိုက်မည့် သီးနှံများကို စိတ်ကြိုက်‌ေရွးချယ်စိုက်ပျိုးနိုင်ကြသော်လည်း ပြောင်းလဲလာသော ရာသီဥတုနှင့်လိုက်လျော ညီထွေဖြစ်မည့် သီးနှံပုံစံများ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး၊ ရာသီဥတုနှင့် သီးနှံစျေးကွက်သတင်း များ အချိန်မီသိရှိနိုင်ရေးတို့အတွက် နည်းပညာဖလှယ်ရေး ရှေ့တန်းစခန်းများဖွင့်လှစ်၍ ပညာပေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေရရှိရေး၊ မျိုးကောင်း မျိုးသန့် မျိုးစေ့များ သုံးစွဲစိုက်ပျိုးနိုင်ရေး၊ စနစ်ကျစက်မှုလယ်ယာမြေများ ဖော်ထုတ်စိုက်ပျိုး နိုင်ရေးတို့အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အားထုတ် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

လယ်ယာလုပ်သား ရှားပါးလာမှုကို ကျော်လွှားနိုင်ရေး၊ ဖောက်ပြန်ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေစွာ အချိန်မီ အချိန်ကိုက် စိုက်ပျိုး ရိတ်သိမ်းနိုင်ရေး စသည့် အခြေအနေအရပ်ရပ်တို့က စက်မှုလယ်ယာစနစ်သို့ မဖြစ်မနေကူးပြောင်းရန် တွန်းအားပေး လျက်ရှိနေပြီး လယ်ယာကဏ္ဍတစ်ခုလုံးအတွက် လိုအပ်သော စက်ယန္တယားများကို အစိုးရ တစ်ခုတည်းက ပြည့်စုံအောင်စီမံပေးရန် အကန့်အသတ်များစွာရှိနေရာ   ပုဂ္ဂလိက အပိုင်းမှ စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ပီပီပြင်ပြင်ပေါ်ပေါက်လာရေးအတွက် အားပေးကူညီ ကြရမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် စက်တင်ဘာလ(၆)ရက်နေ့ ညနေ (၃)နာရီအချိန်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် ၊ ခပေါင်းဆည်ရေသောက် တောင်သူလယ်သမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လယ်ယာလုပ်ငန်းခွင်အတွင်း လိုအပ်ချက်များ အခက်အခဲများအား မေးမြန်း ဆွေးနွေးပါသည်။

တောင်သူများ၏ တင်ပြချက်များ၊ သက်ဆိုင်ရာဌာနအကြီးအကဲများ၏ ရှင်းလင်း ဆွေးနွေး ဖြေကြားပေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တောင်သူ များ၏ ဒေသဖွံ့ဖြိုးရေး၊ လယ်ယာကဏ္ဍမြှင့်တင်ရေးဆိုင်ရာ တင်ပြချက်များကို ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ တောင်သူလယ်သမားများနှင့်အတူ စံချိန်လင်းစက်မှုလယ်ယာဝန်ဆောင်မှုစခန်းသို့ရောက်ရှိပြီး လယ်ယာလုပ်ငန်းခွင်တွင် စျေးနှုန်းချိုသာစွာဝန်ဆောင်မှုပေးရန် အသင့်ရောက်ရှိနေသော မြေပြင်စက်ယန္တယားကြီးများ ၊ ထွန် ထယ် စက်ကြီးများ၊ ရိတ်သိမ်းချွေလှေ့စက်ကြီးများအား ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြပါသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် ယခုကဲ့သို့ လယ်ယာကဏ္ဍဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများ ဖွံ့ဖြိုးလာပါက တောင်သူဦးကြီးများအနေဖြင့် မိမိတို့လယ်မြေကို စီမံ ခန့်ခွဲခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းသာ ဆောင်ရွက်ရန်လိုတော့မည်ဖြစ်ပြီး မြေပြင်ခြင်း၊ ထွန်ယက်ခြင်း၊စိုက်ပျိုးခြင်း၊ရိတ်သိမ်းခြွေလှေ့ခြင်း စသည့်လုပ်ငန်းများအတွက် ကြောင့်ကြရန် မလိုတော့ဘဲ အခြားသော မွေးမြူရေးလုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်ငန်းများ အတွက် အချိန်ပေးဆောင်ရွက်နိုင်ကြမည်ဖြစ်ရာ ဝင်ငွေနှင့်လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ ကိုယ်ပိုင် လယ်ယာသုံးစက်ကိရိယာများ သုံးစွဲလိုပါကလည်း စျေးနှုန်း ချိုသာစွာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် မိသားစုဝင်များအနေဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ဖွင့်လှစ်ပို့ချပေးလျက်ရှိသော လယ်ယာသုံးစက်ကိရိယာ ထိန်းသိမ်း ပြုပြင် မောင်းနှင် အသုံးပြုနည်း သင်တန်းသို့ တက်ရောက် သင်ယူနိုင်ရေးတို့အတွက် ကူညီပေးမည်ဖြစ်ပါ ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကေတုမတီတောင်သူအကျိုးပြုစိုက်ပျိုး မွေးမြူရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းသို့ရောက်ရှိကြပြီး အသင်းမှ SRI စနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းသုခစပါးစိုက်ခင်း နှင့် တစ်နေ့ တန်(၆၀)ကျ အဆင့်မြင့် ဆန်စက်တို့အား ကြည့်ရှု အားပေးပါသည်။

ရှင်းလင်းဆောင်တွင် အသင်း၏ ဒုတိယ ဥက္ကဌ ဦးအေးလွင် က အသင်း၏ ဆောင်ရွက် နေမှုများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက

မိမိတို့နိုင်ငံအနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် စိုက်ပျိုးမြေ အများဆုံး ဖြစ်သော် လည်း ထုတ်လုပ်မှု ပမာဏနှင့် အရည်အသွေးနိမ့် ကျနေဆဲဖြစ်ရာ မျိုးကောင်း မျိုးသန့် မျိုးစေ့များပြောင်းလဲစိုက်ပျိုးရေး၊ အဆင့်မြင့်စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ် ပြောင်းလဲကျင့်သုံး ရေး ၊ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှု လျော့ချနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ယခုကဲ့သို့ စုပေါင်းဆောင်ရွက်ကြသော တောင်သူအကျိုးပြု စိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းများ များစွာပေါ်ပေါက်လာကြရန် ဝိုင်းဝန်းကူညီအားပေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။