နေပြည်တော်၊စက်တင်ဘာ(၂)ရက်
နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အချိန်တွင်
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့်
ပူးပေါင်းဆောင်ရွက်နိုင်ရန် ၊ သဘာဝဘေး ကျရောက်ပြီးချိန်တွင် ဘေးဒဏ်သင့်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
ပြည်လည် ထူထောင်ပေးနိုင်ရန် နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုများ
ပြုလုပ်ပေးနိုင်ရန်တို့ အတွက် “အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ”ကို ၂၀၁၆ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံသည် သဘာဝဘေး
အများဆုံး ကျရောက်နိုင်မှုနှင့် ထိခိုက်လွယ်မှု အများဆုံး နိုင်ငံများထဲတွင် ပါဝင်သောကြောင့် ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ရာသီဥတုနှင့် လိုက်လျော
ညီထွေဖြစ်ရေး၊ သဘာဝ ဘေးဒဏ်ခံနိုင်သည့်
အခြေခံအဆောက်အအုံများဖြစ်ပေါ်ရေး၊ သဘာဝဘေးဒဏ်ကို တုံ့ပြန်နိုင်
စွမ်းအားကောင်းသော လူသားအရင်းအမြစ်များ ဖြစ်ပေါ်ရေးတို့ကို စီမံချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
စက်တင်ဘာ(၂)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ “အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ရေးကော်မတီ
ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး”
ကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီး
ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊
စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
တို့မှ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊
တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ
တက်ရောက်ဆွေးနွေးကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က -
အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ
၏ ဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်များအား ချမှတ်ပေးထားပြီးဖြစ်၍ သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့်
ယခင်ရရှိပြီးသား အတွေ့အကြုံများအပေါ် အခြေခံပြီး ဘေးဒဏ်သင့် ပြည်သူများ၏ လိုအပ် ချက်များကို
အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်မည့် ပိုမိုပြည့်စုံ ကောင်းမွန်သည့် နည်းလမ်းများ
အစီအစဉ်များဖြစ်စေရေး စီမံဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးနှင့်
ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် သာလွန်ကောင်းမွန်သည့် အနေအထားရောက်အောင်
စီမံဆောင်ရွက် ရမည် ဖြစ်သည့်အတွက် ကော်မတီဝင်များအနေဖြင့် ဟန်ချက်ညီညီ ချိတ်ဆက်မိမိ
လက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက
သဘာဝဘေး ကျရောက်ပြီးချိန်တွင် ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြည်လည် ထူထောင်ပေးနိုင်ရန်
အတွက် ကြိုတင်စီမံဆောင်ရွက်ထားမှုများနှင့် ဘေးသင့်ဒေသများ၏ ပျက်စီးဆုံးရှုံးမှု အနည်း
အများပေါ်အခြေခံ၍ ကနဦးပြန်လည်ထူထောင်ရေး၊ ရေရှည်ပြန်လည်ထူထောင်ရေး အဆင့်ဆင့် ဆောင်ရွက်ပေးနိုင်ရေးတို့အတွက်
စီမံချက်များရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေမှု များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက်
ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးမှာကြားခဲ့ကြောင်း
သတင်းရရှိပါသည်။