ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြှုပ်မှုဖြင့် ထိခိုက်ပျက်စီးခဲ့သော စိုက်ပျိုးသီးနှံများနှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ကူညီရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြှုပ်မှုဖြင့် ထိခိုက်ပျက်စီးခဲ့သော စိုက်ပျိုးသီးနှံများနှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ကူညီရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊စက်တင်ဘာ(၁)ရက်

            ပြောင်းလဲလာသည့် ရာသီဥတုအကြောင့် သဘာဝ ဘေးအန္တရာယ်အခြေအနေများအား ရင်ဆိုင်ကျော်လွှားနိုင်ရေး နှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ကောင်းမွန်သည့် ပြောင်းလဲမှုအခြေအနေများဖြစ်စေရေး၊ မတူညီသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် လယ်ယာကဏ္ဍ၊ ကျေးလက်ကဏ္ဍနှင့် သားငါးကဏ္ဍဆိုင်ရာ ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရာတွင် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ဒေသအသီးသီး တို့တွင် ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် နည်းဗျူဟာများ၊ မူဝါဒများ ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

            သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသများတွင်  ရာသီအလိုက် သီးနှံစိုက်ပျိုးမှု ပုံစံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် စိုက်ပျိုးမြေများ ပြုပြင်ခြင်း ထွန်ယက်ခြင်းလုပ်ငန်းများ၌ သက်သာသော နှုန်းထားများဖြစ်စေရေး စီစဉ် ဆောင်ရွက်ပေးနေသကဲ့သို့ မျိုးစပါး မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေး နှင့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

            စိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့်မှ ထွက်ရှိလာမည့် ထုတ်ကုန်များကို ခိုင်မာသည့်စျေးကွက် ဖော်ဆောင်ပေးနိုင်ရေးအတွက် စျေးကွက်စီးပွားရေးစနစ်ထူထောင်ရေးမူဝါဒများ ချမှတ်ပြီး အရှိန်အဟုန်မြှင့်တင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန် တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့သဖြင့် ထိခိုက်ပျက်စီးခဲ့သော စိုက်ပျိုးသီးနှံများနှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ကူညီရေး ညှိနှိုင်းအစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ဆွေးနွေးပြောကြားခဲ့ပါသည်။

           

 

 

 

            အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

            အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော် က ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် အသင်းဖွဲ့များဖွဲ့စည်းပြီး လုပ်ထုံး လုပ်နည်းများ နှင့်အညီ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရေကြီးနစ်မြုပ် မှုကြောင့် မိုးစပါးစိုက်ကွင်းကြီးများ၊ ငါးမွေးကန်များ၊ လမ်းတံတားများ ပျက်စီးခဲ့မှုအခြေအနေ များကိုလည်းကောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လိုအပ်မည့် ကူညီထောက်ပံ့မှု ဆိုင်ရာကိစ္စရပ်များအားတင်ပြဆွေးနွေးပါသည်။

            ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီး/ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား အသေးစိတ် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ယခုကဲ့သို့ သဘာဝဘေးများ ကျရောက်နေချိန်တွင် ဒေသအသီးသီး၌ နေထိုင်ကြသော တိုင်းရင်းသား ညီအကိုမောင်နှမ များ၏ အခက်အခဲများကို စေတနာမေတ္တာထား၍ မိမိတို့ကျရာအခန်းကဏ္ဍများမှ အားထုတ် ကြိုးပမ်းကူညီဖြေရှင်းပေးကြစေလိုကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် ကြရာတွင် နည်းကောင်း လမ်းမှန်များရေးဆွဲချမှတ်ခြင်း၊ အဆိုပါနည်းလမ်း များ အတိုင်း တိတိကျကျကြိုးစားအားထုတ်ခြင်း၊ လုပ်ငန်းများဆောင်ရွက် ရာတွင် ပါဝင်သူများအားလုံး ညီညီညွတ်ညွတ်ပါဝင် ဆောင်ရွက်နိုင်ရေး စီမံခန့်ခွဲပေးနိုင်ခြင်း စသည့် လုပ်ငန်းစဉ် တစ်ခုလုံး ကောင်းမွန်စွာ အောင်မြင်ပြီးမြောက်ရေးကို ပူးပေါင်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် ကြပါရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။