ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုံဒေသ စိုက်ပျိုးရေ ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုံဒေသ စိုက်ပျိုးရေ ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်။         ဇူလိုင် (၃၁)ရက်

    

    ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း သည် ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၂၈)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ညောင်ဦးမြို့နယ် ခရိုင်ဦးစီးမှူးရုံး အစည်းဝေး ခန်းမသို့ ရောက်ရှိကြ ပြီး ညောင်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေဖူလုံစွာရရှိရေးဆိုင်ရာများဆွေးနွေးကြရာ မန္တလေးတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းဟန် က နတ်သမီးကမ်းပါး မြစ်ရေတင် စီမံကိန်းမှ ကျေးလက်ရေပေးဝေရေးစီမံဆောင်ရွက်နေမှုများ၊ ဧရာဝတီမြစ်ရေဖြင့် ကျေးရွာပေါင်း (၉၈)ရွာသို့ ရေပိုက်လိုင်းများသွယ်တန်း၍ ရေပေးရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လက်ရှိအခြေအနေတွင် (၁)ပတ်လျှင် ရေဂါလံ ၂၈ ဒဿမ ၅ သိန်း ဂါလံ ဖြန့်ဖြူး ပေးပို့နိုင်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက (၁) ပတ်လျှင် ရေဂါလံ ၃၉ ဒဿမ ၇၅ သိန်း ဂါလံ ထိ ပေးပို့ဆောင်ရွက်နိုင်ရန် မျှော်မှန်းဆောင်ရွက် နေမှုများကိုလည်းကောင်း၊ နတ်သမီးကမ်းပါး ရေတင်စက်ရုံမှ ငှက်ပစ်တောင်ရေစက်ရုံသို့ ထပ်ဆင့်ရေတွန်းတင် ပေးပို့၍ ငှက်ပစ်တောင် ရေတင်စက်ရုံမှ တောင်ဇင်းလိုင်းနှင့် စက်စက်ယို လိုင်း (၂)လိုင်းခွဲ၍ ရေပေးပို့နေမှုအခြေအနေများကိုလည်းကောင်း၊ တောင်ဇင်းမြစ်ရေတင် စီမံကိန်းမှ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ဘဏ္ဍာရေးနှစ်ကုန်တွင် ဖြစ်ပေါ်လာမည့် မျှော်မှန်းချက်များကိုလည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဧရာဝတီ မြစ်ရေအား စိုက်ပျိုးရေအတွက်သာမက သောက်သုံးရေအတွက်ပါ ပေးဝေနိုင်ရေး၊ မြစ်ရတင် စီမံကိန်းမှ ရေပေးဝေရာတွင် မြို့နေနှင့် ကျေးလက်လူထုများ၏ ရောဂါပိုးမွှားကင်းစင်သော သောက်သုံးရေ သုံးစွဲနိုင်ရေးအတွက် ရေသန့်စင်ခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် စီမံကိန်းကျေးရွာများအပြင် ဆက်စပ်ဒေသများသို့ပါရေပေးဝေနိုင်ရန်၊ ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်လာရန် တို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ပညာရှင်ဝန်ထမ်းများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ချက်များအား ဆွေးနွေးမှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နတ်သမီးကမ်းပါးမြစ်ရေတင်စက်ရုံတွင် မူလ တပ်ဆင်ထားသည့် ရေပန့်များ၏ အခြေအနေ၊ ပွန်တွန်းတည်ဆောက်၍ ရေပေးဝေဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပန့်မော်တာများလည်ပတ်နေမှုကိုလည်းကောင်း၊ ငှက်ပစ်တောင် ရေတင်စက်ရုံမှ တောင်ဇင်းလိုင်းနှင့် စက်စက်ယိုလိုင်းများသို့ ပေးပို့နေသော ရေပန့်မော်တာများ နှင့် တောင်ဇင်း ကျေးလက်ရေပေးဝေရေးစီမံကိန်း လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်၊ ကန်တောကျေးရွာရှိ သိပ္ပံနည်းကျ GAP စနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း(၅)ဧက အား ကြည့်ရှုစစ်ဆေးရာ စိုက်ကွင်းတာဝန်ခံ ဒေါ်ဇင်လှိုင်သိန်း က ရှင်းလင်းတင်ပြသည်။ ဒုတိယ ဝန်ကြီးသည် ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်း စိုက်ပျိုးမွေးမြူရေးသမဝါယမအသင်းများ ထူထောင်ဆောင်ရွက်ကြရေးနှင့် လိုအပ်သည့် နည်းပညာများ အကူအညီများဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် တပိုင်တနိုင် စိုက်ပျိုး မွေးမြူရေးတို့အတွက် လိုအပ်ချက်များကို ဌာနတာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက် ပေးကြရန် ဆွေးနွေးမှာကြားသည်။


၄င်းနောက် ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆီထွက်နှင့်ပဲမျိုးစုံသီးနှံ ဌာနခွဲ အပူပိုင်းဇုန်ဒေသ သီးနှံဗဟိုဌာန သုတေသနခြံသို့ ရောက်ရှိကြပြီး ခြံတာဝန်ခံ ဒေါ်မာမာချို က ပဲစင်းငုံ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နှံစားပြောင်း၊ ဆတ်နှင့်ပီလောပီနံသီးနှံ သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် သီးနှံအလိုက် စိုက်ပျိုးပြီးစီးမှုများနှင့် ဆက်လက် သုတေသနပြု ဆောင်ရွက်ရန်များကို ကိုလည်းကောင်း၊ သုတေသနလက်ထောက်ဦးစီးမှူး ဦးမင်းစိုး က JICA နှင့် ပူးပေါင်းဆောင်ရွက်သည့် အပူပိုင်းဇုန် ဒေသအတွင်း ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ  ဒုတိယဝန်ကြီး က စီမံကိန်းထားရှိ ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကောင်အထည်ဖော်အောင်မြင်မှုရလဒ်များကို တောင်သူ အကျိုးစီးပွားဖြစ်ထွန်းစေရေး ရည်ရွယ်ဆောင်ရွက်ကြရန် မှာကြားပြီး ခင်းကျင်းပြသထားသော ဆင်းရတနာနှမ်းမျိုးများ၊ ဆင်းပဒေသာမြေပဲမျိုးများ၊ ရေဆင်းပဲတီစိမ်းမျိုးများ၊ ပဲစင်းငုံမျိုးများ နှင့် မျိုးစေ့နမူနာများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။