နေပြည်တော်။ အောက်တိုဘာ (၂၉)ရက်
ဂျပန်နိုင်ငံမှပံ့ပိုးကူညီသောရန်ပုံငွေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော နေရောင်ခြည်စွမ်းအင်သုံး အသေးစား လျှပ်စစ် မီးလင်းရေးစနစ်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ(၂၈) ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်ဆူတောကျေးရွာ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ADB Director Mr. Andrew Jefferies နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာသူ/သားများ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က အမှာစကားပြောကြားရာတွင်- လျှပ်စစ်စွမ်းအင် ရရှိခြင်းအားဖြင့် ကလေးသူငယ်များ၏ ပညာရေးကဏ္ဍပိုင်းတွင် သာမက စီးပွားရေးကဏ္ဍများ၊ သတင်းအချက်အလက်၊ နည်းပညာဗဟုသုတ အသိပညာများ ပိုမိုတိုးပွားလာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မှုအပါအဝင် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ လျှပ်စစ်မီးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကိုအသုံးပြုပြီး အမျိုးသားလျှပ်စစ် စီမံကိန်း(National Electrification Project-NEP) စီမံကိန်းလုပ်ငန်းများကို ကာလတို၊ ကာလရှည် စီမံချက်များရေးဆွဲ၍ နောင် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ဝေးလံခေါင်ဖျားသော ဒေသများအတွက် မဟာဓါတ်အားလိုင်း မရောက်ရှိနိုင်သေးခင် ကြိုတင်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားနိုင်ရန် ကမ္ဘာ့ဘဏ်(World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ဂျပန် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)စသည့် အဖွဲ့အစည်းများ ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ADB တို့ ပူးပေါင်း၍ ကျေးရွာပေါင်း(၁၂)ရွာအား လျှပ်စစ်မီးရရှိရေး စီမံကိန်းထားရှိ ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းကျေးရွာများ အပြင် ကျေးလက်နေပြည်သူများ လျှပ်စစ်မီး ရရှိရေးအတွက် မဟာဓါတ်အားလိုင်းပြင်ပ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး(Pilot Project) များ ထားရှိအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကြက်ဆူတောကျေးရွာ အနေဖြင့် မီးလင်းရေးကော်မတီများ ဖွဲ့စည်းထားရှိပြီး မီးသုံးစွဲခနှင့်လည်ပတ်ခြင်း၊ ထိန်းသိမ်း ခြင်းလုပ်ငန်းများအတွက် သက်သာသောနှုန်းထားဖြင့် သုံးစွဲနိုင်ရန်စီမံလျက်ရှိပါကြောင်း၊ ကျေးလက်လူထုနှင့် တာဝန်ရှိသူများအနေဖြင့် မီးလင်းရေး လုပ်ငန်းများနှင့် ရေရှည်တည်တံ့ ခိုင်မြဲရန် လက်တွဲညီညီ ဝိုင်းဝန်းကူညီ ထိမ်းသိမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အသေးစားဓါတ်အားလိုင်းစနစ်(Mini-grid)များ ရရှိနိုင်မည့် သဘာဝအရင်းအမြစ်ပေါ်မူတည်၍ World Bank, GIZ, ADB တို့မှ နည်းပညာ အကူအညီများရယူကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ADB Director Mr. Andrew Jefferies က မီတာတွင် ငွေကြိုဖြည့် စနစ် ဖြင့် လွယ်လင့်တကူ သုံးစွဲနိုင်ရန်စီမံဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင်နှင့် အသေးစားလျှပ်စစ် လုပ်ငန်းများအား ဝေးလံသည့်ရွာများသို့ ပေးဝေနိုင်ရေး ရည်ရွယ်၍ စီမံကိန်းများ ဆောင်ရွက်နေခြင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ အားလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြပါသည်။
အခမ်းအနားအစီအစဉ်အရ ဂျပန်နိုင်ငံမှ ပံ့ပိုးကူညီသော ရန်ပုံငွေဖြင့် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော နေရောင်ခြည်စွမ်းအင်သုံး အသေးစားလျှပ်စစ်မီးလင်းရေးစနစ်ဖွင့်ပွဲကို ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ ADB Director Mr. Andrew Jefferies နှင့် ကြက်ဆူတောကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ် ပေးပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၊ Executive Director Mr. Won. Mok Choi တို့က အသေးစားလျှပ်စစ်မီးလင်းရေးစနစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယခုဖွင့်လှစ်လိုက်သော ကျေးရွာလျှပ်စစ်မီးလင်းရေးစနစ်သည် ဂျပန်ပြည်သူပြည်သား များ၏ လှူဒါန်းငွေမှ ၈၀% ၊ ကျေးရွာပြည်သူလူထုမှ ထည့်ဝင်ငွေ ၂၀% တို့ဖြင့် ဆောင်ရွက် သည့် ဆိုလာ အသေးစားဓါတ်အားလိုင်းစနစ်(Solar Mini-gird System)ဖြစ်သည်။ ထုတ်လုပ်နိုင်မှုအား ၃.၆ ကီလိုဝပ်ရှိပြီး တစ်အိမ်ထောင်လျှင် ၈၀ ဝပ်အထိ အသုံးပြုနိုင်ပြီး လျှပ်စစ်မီးသုံးစွဲမှု ယူနစ်နှုန်းအတိုင်း ကျသင့်သည့်ငွေပေးချေရသည့်စနစ်(Pay as you go- PAYG)စနစ်ဖြစ်သည်။ ၂၀ ဝပ်မှ ၃၀ ဝပ်ရှိ LCD, LED TV များကြည့်ရှုနိုင်ခြင်း၊ လယ်လီဖုန်းအားသွင်းခြင်းတို့ ပြုလုပ်နိုင်ပြီး သတ်မှတ်ဝန်အားထက်ပိုမိုသုံးစွဲပါက အလို အလျောက် ဖြတ်တောက်သည့်စနစ်ပါဝင်သည်။
အခမ်းအနားပြီးနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြက်ဆူတောကျေးရွာအတွင်း ဒေသခံများမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တပိုင်တနိုင် သိုးမွေးမြူရေး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများ၊ အုတ်ရိုက်လုပ်ငန်းနှင့် လျှပ်စစ်မီတာတပ်ဆင် အသုံးပြုနေမှုများအား လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်း-မိတ္ထီလာ မော်တော် ကားလမ်းမြောက်ဘက်ရှိ ကြက်မောက်တောင်ရေလှောင်တမံသို့ ရောက်ရှိပြီး ရှင်းလင်းဆောင် တွင် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဌေးဦး က ရေလှောင်တမံ၏ ကန်တွင်းရေဝင်ရောက်မှုအခြေအနေများ၊ စိုက်ပျိုးရေ နှင့် သောက်သုံးရေ ပေးဝေမှု၊ ရေလက်ကျန်အခြေအနေ၊ တမံ၏ ရေသောက်စနစ် တူးမြောင်း အလိုက် မိုးစပါး လျာထားစာရင်းနှင့် စိုက်ပျိုးပြီးအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Registration is free and easy!