မြန်မာနိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာမူဝါဒချမှတ်နိုင်ရေးဆွေးနွေး

မြန်မာနိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာမူဝါဒချမှတ်နိုင်ရေးဆွေးနွေး

နေပြည်တော်။       အောက်တိုဘာ (၂၆)ရက်

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာ မူဝါဒများ ရေးဆွဲ ချမှတ်နိုင်ရေးနှင့် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော် နိုင်ရေးကို ကမ္ဘာလုံးဆိုင်ရာ လယ်ယာကဏ္ဍ စားနပ်ရိက္ခာဖူလုံမှု အစီအစဉ် Global Agriculture Food Security Program(GAFSP)မှ ထောက်ပံ့ကူညီမှုများဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်း အဆိုပြုစာတမ်းများကို စိုက်ပျိုရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ အသက်မွေး ဝမ်းကျောင်းနှင့်စားနပ်ရိက္ခာဖူလုံရေးရံပုံငွေအဖွဲ့(LIFT)တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာ(၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီအခွဲအချိန်က “လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မဟာဗျူဟာရေးဆွဲရေးနှင့် ကမ္ဘာလုံးဆိုင်ရာ လယ်ယာကဏ္ဍ စားနပ်ရိက္ခာ ဖူလုံမှု အစီအစဉ်ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ”ကို  စိုက်ပျိုရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း တက်ရောက်ဆွေးနွေးအမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း နှင့်အတူ အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသော ဒေါက်တာခင်ဇော် နှင့် ဦးကျော်ငွေ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမဟာဗျူဟာ Agriculture Development Strategy (ADS) မှ International Consultant ဖြစ်သူ Mr. Francesco Goletti နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကမ္ဘာလုံးဆိုင်ရာ လယ်ယာကဏ္ဍ စားနပ်ရိက္ခာဖူလုံမှု အစီအစဉ် Global Agriculture Food Security Program(GAFSP) မှ International Consultant ဖြစ်သူ Mr. Yasuo Konishi နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ADB နှင့် LIFT-Fund တို့မှ  တာဝန်ခံများ နှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာ တွင် -

 လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သား ငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာသစ်များဖြင့် ဆန်းသစ်တီထွင်ဆောင်ရွက် လျှက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုနိုင်ရန်၊ အခြေခံ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံဖြိုး တိုးတက်လာစေရန်၊ လုပ်ကွက်ငယ် တောင်သူများအတွက် ရေရှည်အကျိုး စီးပွားဖြစ်ထွန်းသော သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရန်၊ လုပ်သားရှားပါးလာမှုကိုကျော်လွှားနိုင်ရေး အတွက် စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ရန်၊ မြန်မာ့လယ်ယာထွက်ကုန်များ နိုင်ငံတကာ စျေးကွက်သို့ ထိုးဖောက် ယှဉ်ပြိုင်နိုင်ရန် အစားအစာများ ဘေးကင်းလုံခြုံစိတ်ချမှု (Food Safety)ရှိပြီး အရည်အသွေး ကောင်းမွန်၍ အာဟာရပြည့်ဝစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး တို့အတွက် ADS နှင့် GAFSP တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များအတွက် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကမျှော်မှန်း ချက်ဖြစ်သည့် မိမိတို့ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ အာဟာရ ပြည့်ဝစွာဖြင့် အရည်သွေး စံချိန်စံညွှန်းပြည့် မီပြီး နိုင်ငံတကာစျေးကွက်တွင် စျေးကွက်ဝင် စျေးကောင်းရရှိစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ 

ကျေးလက်ဒေသဖွံ့ဖြိုးရန်နှင့် လယ်ယာကဏ္ဍကြီးတစ်ခုလုံး ရေရှည်ဖွံ့ဖြိုးစေရန် FAO ၊ ADB ၊ LIFT- Fund စသည့် အဖွဲ့အစည်းများမှပံ့ပိုးကူညီလျှက်ရှိပြီး၊ ရာသီဥတုဖောက်ပြန်မှု ဒဏ်ခံ နည်းပညာပိုင်းဆိုင်ရာနှင့် သုတေသနလုပ်ငန်းများ အတွက် ADS နှင့် GAFSP တို့မှ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ လိုအပ်သော လယ်ယာကဏ္ဍဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒများ ရေးဆွဲချမှတ်ဆောင်ရွက်နိုင်ရေးနှင့် မြေပြင်လက်တွေ့ အသေးစိတ် ဆောင်ရွက်နိုင်ရေးတို့ အတွက် ဗဟာဗျူဟာချမှတ်နိုင်ရေးကို တက်ရောက်လာကြသည့် အဖွဲ့အစည်းများ၊ ပညာရှင်များ နှင့် ဝိုင်းဝန်းဆွေးနွေး ကြပ်မတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း၊

မူဝါဒချမှတ်လိုက်ခြင်းဖြင့် လမ်းညွှန်ဆောင်ရွက်မှုပိုမို အားကောင်း လာပြီး မိမိတို့နိုင်ငံ ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် စျေးကွက်ရရှိမှုတို့၏ ကွာဟချက်၊ လိုအပ်ချက် များအား သိသာစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်မည်ဖြစ်ရာ အစိုးရ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ဟန်ချက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊

GAFSP အနေဖြင့် အမှန်တကယ် ဆင်းရဲနွမ်းပါး သည့် တောင်သူ၊ မိသားစုများ အတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်ရေး ဆောင်ရွက် ပေးမည်ဖြစ်ရာ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍဖွံဖြိုးရေးကို အထောက် အပံ့ဖြစ်စေမည့် မူဝါဒနှင့်မူဘောင်များ၊ တောင်သူ လိုအပ်ချက်နှင့် လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရေရှည်မျှော်မှန်း ချက်ထားပြီး ပိုမိုကောင်းမွန်သော အနာဂတ်လမ်းဖွင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ADS နှင့် GAFSP တို့အနေဖြင့်လည်း ထိရောက်သော မူဝါဒများ ချမှတ်ပြီး လယ်ယာကဏ္ဍတိုးတက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာများ ပံ့ပိုးကူညီမှုများအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းဖြင့် ပြောကြားပါသည်။

ထို့နောက် စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က ADS နှင့် GAFSP တို့၏ မူဝါဒဖော်ဆောင်မှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ADS Team မှ Mr. Francesco Goletti နှင့် GAFSP Team မှ Mr. Yasuo Konishi တို့က အဖွဲ့၏ မဟာဗျူဟာချမှတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊မြန်မာနိုင်ငံလယ်ယာကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလိုအပ်သော ခေတ်မီ နည်းပညာပိုင်းဆိုင်ရာများ၊ သီးနှံများအတွက် ခိုင်မာသောဈေးကွက်ရရှိစေရေး၊စျေးကွက်ယှဉ်ပြိုင်မှုအားကောင်းလာစေရေး၊ လုပ်ကွက်ငယ်တောင်သူများအတွက် လိုအပ်သော အကူအညီများ ဖြည့်ဆည်းနိုင်ရေးနှင့် အကျိုးများစေမည့် နည်းလမ်းများ၊ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေး၊ ဈေးကွက် စီးပွားရေးစနစ်ပေါ်ထွန်းလာရေးဆိုင်ရာကိစ္စရပ်များအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် တို့ကို ဆွေးနွေးကြပြီး ဆွေးနွေးပွဲတက်ရောက်လာသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ တာဝန်ရှိသူများ က လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် GAFSP နှင့် ADS တို့၏ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများတွင် ထည့်သွင်းစဉ်းစား ရမည့် အချက်များ အား ဝိုင်းဝန်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။