ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော်၊ ဇူလိုင်(၁၆)ရက်
စိုက်ပျိုးရေးကို အခြေခံသည့် မိမိတို့နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် တောင်သူများ အားလုံး ဝိုင်းဝန်းပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာ့ ဆန်စပါးကဏ္ဍ ပြန်လည်ဦးမော့လာရေးအတွက် ဆောင်ရွက်ရာတွင် ဒေသရေမြေနှင့် ကိုက်ညီပြီး စားသုံးမှုအရည်အသွေးနှင့် စျေးကွက်ဝယ်လိုအားကောင်းသော စပါးမျိုးများ ဖြစ်သည့် ပေါ်ဆန်းမွှေး၊ဧရာမင်း၊ဧရာပဒေသာမျိုးများ ဆက်လက်တိုးချဲ့ စိုက်ပျိုးနိုင်ရေး အတွက် အားပေးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
၂၀၁၈ခုနှစ်တွင် Asia Free Trade Area တွင် အာရှကုန်စည်များ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုလုပ်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်ကြိုက်နှစ်သက်မည့် အဆင့်မီကုန်စည်များ ထုတ်လုပ်တင်ပို့ရောင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများအား ခေတ်မီနည်းပညာများဖြင့် အဆင့်မြှင့် တင် ထုတ်လုပ်နိုင်မှ စျေးကောင်းရရှိပြီး တောင်သူများ၏ ဝင်ငွေအကျိုးစီးပွား အမှန်တကယ် ဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍပိုင်း၏ တာဝန်ရှိသူအသီးသီးတို့ အနေ ဖြင့်လည်း စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားဦးကြီးများအား GAP (Good Agricultural Practice) အပါအဝင် စိုက်ပျိုးရေးနည်းပညာများဖြန့်ဝေပေးခြင်း ၊ အချိန်ကုန် ငွေသက်သာပြီး အမှန်တကယ် အကျိုးရှိသည့် သီးနှံပုံစံများ ချမှတ်ပေးခြင်း စသည့် တောင်သူပညာပေးလုပ်ငန်းများ အနီးကပ် ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် ဇူလိုင်လ(၁၂)ရက်နေ့ နံနက်(၈)နာရီအချိန်က မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် လယ်ယာကဏ္ဍဆိုင်ရာ တိုင်းဒေသကြီး/ခရိုင် နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က ဆွေးနွေး မှာကြားပါသည်။
နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မဲဇလီဆည်တော်ကြီးရေလွှဲဆည်သို့ ရောက်ရှိပြီး ရေလွှဲဆည်သို့ရေဝင်ရောက်မှုနှင့် ဒေသ သောက်သုံးရေဖြန့်ဝေပေးနေမှုများအားကြည့်ရှု့စစ်ဆေးပြီး ဒုတိယဝန်ကြီးမှ အင်္ဂလိပ်အစိုးရ လက်ထက်ကတည်ဆောက်ခဲ့သော သက်တမ်း(၁၀၀)ကျော်ပြီဖြစ်သည့် မဲဇလီဆည်တော်ကြီး ရေလွှဲဆည်သည် ဒေသအကျိုးပြုဆည်တစ်ခုဖြစ်သကဲ့သို့ ရေလွှဲဆည်ပတ်ဝန်းကျင် စိမ်းလန်း သာယာရေး အဆင့်မြှင့်တင်ပြီး အပန်းဖြေလည်ပတ်နိုင်သောနေရာတစ်ခု ဖြစ်အောင် စီမံဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အောက်ပုံရွာအနီးရှိ မုန်းချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ရောက်ရှိကြရာ ရှင်းလင်း ဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး ၃ မှ ညွှန်ကြားရေးမှူး ဦးညွှန့်ဌေး မှ မုန်းချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြရာ တည်ဆောက်လျက်ရှိသော အကူရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်း အား အမြန်ဆုံးအပြီးသတ်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပင်မရေပိုလွှဲ သို့သွားရောက်၍ ဆည်မှ ပိုလျှံရေများ မူလချောင်းအတွင်းသို့ ဖြတ်ကျော်စီးဆင်းနေမှုနှင့် အကူရေပိုလွှဲတည်ဆောက်ရေးလုပ်ငန်း ခွင်များအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
၎င်းမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ငဖဲမြို့၏ အနောက်ဘက်(၃)မိုင်အကွာတွင်တည်ရှိသော မန်းချောင်းရေလှောင် တမံဘက်စုံစီမံကိန်းသို့ရောက်ရှိပြီး ပင်မရေပိုလွှဲအမှတ်(၁) ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှု့စစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းထိုက် မှ ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဝန်လိုကျေးရွာအနီးရှိ ကြီးအုံကြီးဝရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ရောက်ရှိကြပြီး ပင်မ ရေပိုလွှဲတည်ဆောက်ရေး လုပ်ငန်းခွင်နှင့် အကူရေပိုလွှဲ ပေ(၂၀၀) တိုးချဲ့ခြင်းလုပ်ငန်းများ အား ကြည့်ရှု့စစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဦးညွန့်ဌေး မှ ရှင်းလင်းတင်ပြပါသည်။
ဆည်တမံများအား စစ်ဆေးဆောင်ရွက်စဉ် ဒုတိယဝန်ကြီး က ရေလှောင်တမံများ ၏ ကြံ့ခိုင်မှုနှင့် မိုးရာသီကာလများတွင် လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများအား သတ်မှတ်ထားသည့် ဒီဇိုင်းပုံစံ အတိုင်း အရည်အသွေး ပြည့်မီစွာဖြင့် အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဆည်ရေများအား စနစ်တကျ ထိန်းသိမ်း သိုလှောင်ထားရှိပြီး စိုက်ပျိုးထုတ်လုပ်မှုများအတွက် ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့် ဖောက်ပြန် ပြောင်းလဲလာသော ရာသီဥတုကြောင့် ရေကြီး ရေလျှံမှုများ ကြုံတွေ့နေကြရသည်ဖြစ်ရာ ဒေသနေပြည်သူများ၏စိုးရိမ်ကြောင့်ကြစိတ်များ လျော့ချ နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ဆည်မြောင်းတာဝန်ရှိသူ အသီးသီးတို့က အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးခြင်း ဒေသနေလူထုနှင့် အနည်းကပ်ထိတွေ့ ရှင်းလင်းဆွေးနွေးပေးခြင်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးမှာကြား ခဲ့ပါသည်။
Registration is free and easy!