နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား တပ်မတော် ဧည့်ဂေဟာ၊ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ကော်ဖီ စိုက်ပျိုးမှု ဆိုင်ရာများကို ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက် ကြသည်။

ပြင်ဦးလွင်ဒေသ၌ ကော်ဖီစီမံကိန်းဖြစ်ပေါ်လာမှု၊ စိုက်ပျိုးမြေအသုံးချထားရှိမှုနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိမှု

ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတကာကော်ဖီဈေးကွက် အခြေ အနေများ၊ ကော်ဖီစိုက်ပျိုးရေး နည်းပညာနှင့် စိုက်ပျိုးမှုဧရိယာ တိုးချဲ့လုပ်ဆောင်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးဌေးအောင်တို့က ပြင်ဦးလွင်မြို့နယ်အတွင်း၌ ကော်ဖီစီမံကိန်းဖြစ်ပေါ်လာမှု အခြေအနေ များ၊ မြို့မြေ၊ မြေလွတ်မြေရိုင်း ဧရိယာ အတွင်း နှင့် သစ်တောဧရိယာများ၌ ကော်ဖီစိုက်ပျိုးထားရှိမှု အခြေအနေများ၊ စီမံကိန်းများချထားပေးမှုအပေါ် မြေအသုံးချ ဆောင်ရွက်ထားရှိမှု မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် စိုက်ပျိုးမြေများကို အခြားနည်းဖြင့် အသုံးချ ထားရှိမှု များကို တွေ့ရှိ ရသည့် အခြေအနေများ၊ စိုက်ပျိုးမြေ စည်းမျဉ်းသတ်မှတ်ချက်များအား လိုက်နာမှု မရှိပါကစည်းမျဉ်း စည်းကမ်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို လုပ်ငန်းရှင် များသို့ အကြောင်းကြားထားရှိသည့် အခြေအနေများ၊ ကော်ဖီ စိုက်ပျိုးနည်း သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိသည့် အခြေအနေများ၊ မျိုးစေ့နှင့် ပျိုးပင်များကို ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်သည်များကို အစိုးရမှဦးဆောင် ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေး

ယင်းနောက် တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များက ကော်ဖီစိုက်ပျိုးရေးစီမံကိန်းကို ဖော်ဆောင်ရာတွင် အစိုးရ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကော်ဖီလုပ်ငန်းရှင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ ကော်ဖီစီမံကိန်းများ စတင်ဆောင်ရွက်ပေးခဲ့စဉ် လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ့ဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက် ချိတ်ဆက်ဆောင် ရွက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ကော်ဖီ လုပ်ငန်း ရှင်များ ထိခိုက်နစ်နာခဲ့ရသည့် အခြေအနေများ၊ မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်း၍ နိုင်ငံတကာ ကော်ဖီဈေးကွက်ကို ထိုးဖောက်နိုင် ရေးဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကော်ဖီသည် အလားအလာကောင်းသည့် ဈေးကွက်ရရှိလာပြီဖြစ်သည့် အခြေအနေများ၊ ကော်ဖီလုပ်ငန်းအောင်မြင်စွာဖြစ်ပေါ်လာရေး၊ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် အစိုးရအဖွဲ့မှ တာဝန်ရှိ သူများမှ ဦးဆောင်၍ လုပ်ငန်းရှင်များအားလုံး ကြိုးပမ်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ၊ အစိုးရမှ ခွင့်ပြုပေးထားသည့် စိုက်ပျိုးမြေ ဧရိယာများအတွင်း တရားမဲ့ဝင်ရောက်နေထိုင်ခြင်း၊ ရာသီသီးနှံများ စိုက်ပျိုးခြင်းတို့ကြောင့် ကော်ဖီလုပ်ငန်းရှင် များ၏ ထိခိုက်နစ်နာ နေရမှုများ ကို ဖြေရှင်းဆောင်ရွက်ပေးစေလိုသည့် အခြေအနေများကိုတင်ပြကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကော်ဖီလုပ်ငန်းအောင်မြင်စေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် လမ်းညွှန်မှာကြားဖြေရှင်းဆောင်ရွက်ပေး

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြချက်များတွင်ပါဝင်သည့် မြို့မြေ၊ မြေလွတ်မြေရိုင်း ဧရိယာအတွင်းနှင့် သစ်တောဧရိယာများ၌ ကော်ဖီစိုက်ပျိုးရန် လုပ်ပိုင်ခွင့်ပေးထားမှုများကို အခြားနည်းလမ်းများဖြင့် အသုံးချထားရှိမှုများ၊ စိုက်ပျိုးခြင်းမရှိမှုများသည် အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေသူများကို ထိခိုက်နစ်နာစေနိုင်သဖြင့် သတ်မှတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်မှ ခွင့်ပြုချက် ပေးထားသည့် မြေဧရိယာများဖြစ်သည့်အတွက် အခြားနည်းများဖြင့် အသုံးချဆောင်ရွက်နေမှုများကို လက်ခံ၍ ရနိုင်မည် မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမြေအတွင်း အဆောက်အဦ ဆောက်လုပ် ခွင့်များ နှင့် ပတ်သက်၍ လုပ်ငန်းအတွက်လိုအပ်သည့် အထောက်အကူ ဖြစ်စေနိုင်သည့် အဆောက်အဦဆောက်လုပ်ခွင့်များကို ခေတ်ကာလ နှင့် လျော်ညီသည့် အဆောက်အဦများ ခွင့်ပြုပေးနိုင်ရေး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ဖြေရှင်း ဆောင်ရွက်ပေးသည်။

မြန်မာ့ကော်ဖီ (Myanmar coffee) ကိုကမ္ဘာ့ဈေးကွက်တွင် အခိုင်အမာ နေရာတစ်ခု ရရှိစေရေး၊ အစိုးရ၊ လုပ်ငန်းရှင်များ လက်တွဲညီညီဆောင်ရွက်မည်

ဆက်လက်ပြောကြားရာတွင် ယခင်တပ်မတော်အစိုးရလက်ထက်မှစ၍ ကော်ဖီစိုက်ပျိုးမှုစီမံကိန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် လည်း ကော်ဖီစိုက်ပျိုးမှု လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခင်က ဥရောပ နိုင်ငံများတွင်သာ ကော်ဖီစိုက်ပျိုးမှုနှင့် သောက်သုံးမှုများပြားခဲ့သော်လည်း လက်ရှိအချိန်တွင် အာရှနိုင်ငံများ၌လည်း အဓိကထား စိုက်ပျိုး သောက်သုံးလာကြသည်ကိုတွေ့ရှိရကြောင်း၊ ပြင်ဦးလွင်ကော်ဖီသည် ယခင်ကတည်းကပင် အနံ့အရသာနှင့် ပြည့်စုံပြီး နာမည် ရရှိပြီး ဖြစ်သည့် ကော်ဖီအမျိုးအစား တစ်ခုဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရာတွင် အရိပ်ရနှင့်အရိပ်မဲ့စိုက်ပျိုးမှုဟူ၍ရှိပြီး မိမိတို့နိုင်ငံ၌ ရာသီဥတု ပြောင်းလဲလာမှုကို ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောသစ်ပင် စိမ်းလန်းစေရေးအတွက် ရည်ရွယ်၍ အရိပ်ရကော်ဖီစိုက်ပျိုးရန် ပြင်ဦးလွင် မြို့နယ် ၌ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။

ထိုသို့ မြေဧရိယာများ ချမှတ်ပေးခဲ့ရာတွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်များ ရှိသကဲ့သို့ လုပ်ငန်းဆောင်ရွက်မှု မရှိသည်များလည်းရှိကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းဆောင်ရွက်မှု မရှိသည်များကို စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်ခြင်းရှိသော်လည်း တရားမဲ့နေထိုင်မှုများ၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်နစ်နာပျက်စီးခဲ့မှုများကို ပြန်လည် စိစစ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ကျူးကျော်မှုများဖြစ်ပေါ်ခြင်းသည် သတ်မှတ်ကာလအတွင်း စိုက်ပျိုးဧရိယာအတွင်း၌ လုပ်ငန်း ဆောင်ရွက်မှု မရှိခဲ့ခြင်းကြောင့်ဖြစ်သဖြင့် လုပ်ငန်းရှင်များ အနေဖြင့်လည်း မှန်မှန်ကန်ကန် အသုံးချဆောင်ရွက်ရန်လိုကြောင်း၊ စည်းကမ်း နှင့် မညီညွတ်သည့် ခွင့်ပြုမြေဧရိယာများကို ပြန်လည်သိမ်းဆည်းပြီး နောက်ပိုင်းတွင်လည်း စနစ်တကျ စိုက်ပျိုးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

ကော်ဖီစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူ၍ အောင်မြင်မှုရှိအောင် ကိုင်တွယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဦးစီးဌာနများအနေဖြင့် လုပ်ငန်းများတစ်ခုနှင့်တစ်ခု ဆက်စပ်၍ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းများကို ဆောင်ရွက်နိုင်ရသည်ဖြစ်သဖြင့် ရုံးလုပ်ငန်းဆိုင်ရာများကို စနစ်တကျလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ သာမာန်စိုက်ပျိုးမှုဖြင့် ကျေနပ်နေ၍မရဘဲ စနစ်ကျနသည့် စိုက်ပျိုးမှုစနစ် ရှိရမည်ဖြစ်သကဲ့သို့ လိုအပ် သည့် သွင်းအားစုများကိုလည်း မှန်မှန်ကန်ကန် ထည့်သွင်းရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးမှသာလျှင် အရည်အသွေးကောင်းမွန်သည့် ကော်ဖီရရှိမည်ဖြစ်ပြီး ကော်ဖီထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့် အရင်းအနှီးများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်သဖြင့် အမှန်တကယ် အောင်မြင်ပြီး မြန်မာ့ကော်ဖီ (Myanmar Coffee Brand) ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

ကော်ဖီစိုက်ပျိုးမှုတွင် Robusta နှင့် Arabica ကော်ဖီမျိုးဟူ၍ရှိကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည် လုပ်ငန်းဖြစ်သည့်အတွက် အောင်မြင်အောင်လုပ်ဆောင် ရမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကို အမြဲမပြတ် လေ့လာနေရန် လိုကြောင်း၊ အထွက်နှုန်း ကောင်းမွန်ရန်၊ Quality Product ဖြစ်ရန်၊ ဈေးကွက်ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုကို အနှောင့်အယှက်ပေးနေမှုများနှင့် ဒေသလုံခြုံရေးကို ထိခိုက်ပျက်စီးစေရေး လုပ်ဆောင်နေမှုများကို လက်ခံ၍ရမည်မဟုတ်ဘဲ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံများအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ဒေသထုတ်ကုန်၊ ထွက်ကုန်များကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်၏ စီးပွားရေး ကောင်းမွန်မှုကို ဖြစ်ပေါ်စေရန် နိုင်ငံနှင့် အဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်အပတ်ကပင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နောင်တရားမြို့နယ်၌ လက်ဖက် အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ဒေသအတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရန်၊ တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ ရရှိလာသည့် အကျိုး ကျေးဇူးများမှတစ်ဆင့် နိုင်ငံတော်သာယာဝပြောရေး၊ စားရေရိက္ခာပေါများဖူလုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ အခန်းကဏ္ဍနှင့် ပုဂ္ဂလိကအခန်းကဏ္ဍဟူ၍ရှိပြီး အစိုးရက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

မိမိမြို့၊ မိမိဒေသအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားရမည်ဟူသည့် စိတ်ဖြင့်ဆောင်ရွက်ကြစေလို

ပြင်ဦးလွင်ဒေသနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့သည် အေးမြပြီး သစ်ပင်ပန်းမန်များဖြင့် ရောင်စုံလှပသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ဥတုသုံးပါးလုံး၌ လာရောက်အပန်းဖြေသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း၊ အိမ်သာ၍ ဧည့်လာခြင်း ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသသို့လာရောက်သည့် ခရီးသွားများအနေဖြင့် ကော်ဖီခြံများသို့ လာရောက်လေ့လာ လည်ပတ်စေခြင်း ဖြင့်လည်း ဒေသ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း တိုးတက်လာခြင်းသည် ဒေသခံများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်သဖြင့် ဒေသ၏ သန့်ရှင်းသာယာလှပရေးကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူ များအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပြီး သန့်ရှင်းသပ်ရပ်၍ မျက်စိပသာဒဖြစ်သည့် နေချင့်စဖွယ် မြို့တော် ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိမြို့၊ မိမိဒေသအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက် မည်ဟူသည့်စိတ်ဖြင့် စည်းကမ်းတကျ ဆောင်ရွက်ကြစေလိုကြောင်း၊ စည်းကမ်းတွင် တိုက်တွန်းချက်စည်းကမ်းနှင့်တားမြစ်ချက်စည်းကမ်းဟူ၍ရှိပြီး ဒေသခံများအနေဖြင့် စည်းကမ်းစနစ်တကျရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဒေသ၏ ရှေးယခင်ကတည်းကပင် ရှိခဲ့သည့် ကောင်းမွန်သည့် နာမည်ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦများကိုလည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့၏ နိုင်ငံတကာက သိရှိထား သည့် ကောင်းမွန်သည့် နောက်ခံသမိုင်းကြောင်းများ ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ဒေသခံများနှင့် ဒေသသို့ လာရောက် ကြသူ များအားလုံး စည်းကမ်းစနစ်တကျရှိမည်ဆိုပါက ဒေသသာယာလှပရေးကို အမြဲမပြတ်ထိန်းသိမ်း ဆောင်ရွက် နိုင်မည် ဖြစ်သဖြင့် ဒေသ၌ နေထိုင်သူများက စံနမူနာပြုဖြင့် စည်းကမ်းစနစ်တကျ နေထိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။