စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို နှင့် တာဝန်ရှိသူများသည် ဧပြီလ(၁၈)ရက်နေ့ နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်ရှိ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (ပွေးတောင်ကော်ဖီခြံ) အား ကော်ဖီ စိတ်ဝင်စားသူ ပြည်သူများ လေ့လာနိုင်ကြရန် ပြင်ဦးလွင်ကော်ဖီဥယျာဉ်(Pyin Oo Lwin Coffee Park)အဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်အား လှည့်လည် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်း ဆိုင်ရာများ ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park)ကို သဘာဝအတိုင်း အမြင် ဆန်းသစ် သည့် ဝန်းကျင်တစ်ခုဖြစ်စေရေး ၊ ကော်ဖီနှင့် ပတ်သက်၍ တစ်နေရာတည်းတွင် စုံစုံလင်လင်လေ့လာနိုင်ရေး တို့အတွက် စနစ်တကျ စီမံဆောင်ရွက် ရန်လိုအပ်ချက်များ ၊ လာရောက်လေ့လာသူများ သက်တောင်သက်သာ နားနေနိုင်ရေး နှင့် ကော်ဖီစိုက်ခင်း အခြေခံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် သက်ဆိုင်ရာ ဌာနများ အကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားသည်။
မြန်မာ့ကော်ဖီ အရည်အသွေးနှင့် ထုတ်လုပ်မှု တိုးတက်ပြီး ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ပိုမို ထိုးဖောက်နိုင်ရေး၊ ပြင်ဦးလွင်မြို့ကို ကော်ဖီ မြို့တော် အဖြစ် ပိုမိုထင်ရှားစေရေးတို့ကို ရည်ရွယ်၍ ကော်ဖီနည်း ပညာ ဖွံ့ဖြိုးရေးခြံ (ပွေးတောင်ကော်ဖီခြံ) ၏ ရေမြေသဘာဝနှင့် သဘာဝပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေရန် ပြုပြင်မွမ်းမံပြီး ပြင်ဦးလွင်ကော်ဖီဥယျာဉ်(Pyin Oo Lwin Coffee Park)အဖြစ် ပြုပြင် တည်ဆောက်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းနှင့် ပတ်သက်သော အသိပညာ နည်းပညာပေး လုပ်ငန်းများ ထုတ်လုပ်ပုံ နည်းစနစ် အဆင့်ဆင့် နှင့် ကော်ဖီမျိုးကွဲအမျိုးမျိုး ၏ မျိုးထိန်း စိုက်ကွက်များ အား လေ့လာနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Registration is free and easy!