သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ရာတွင် မျိုးကောင်း မျိုးသန့်များ ရွေးချယ် အသုံးပြုရန်လိုအပ်သကဲ့သို့ မြေဆီလွှာကိုစနစ်တကျပြုပြင်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ဓါတ်မြေဩဇာ အလွန်အကျွံသုံးစွဲခြင်း နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မြေဆီလွှာ ဖွဲ့စည်းပုံများ ချို့ယွင်း ပျက်စီးခြင်း၊ မလိုလားအပ်သည့် ဓါတ်ကြွင်းဖြစ်ပေါ်မှုများကို ထိန်းသိမ်းပြုပြင်နိုင်ရန် သစ်စိမ်း မြေဩဇာ သဘာဝမြေဆွေးမြေဩဇာများ ထည့်သွင်းပေးရန် လိုအပ်ကြောင်း၊ ယခုကျင်းပလျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၂” သည် မိမိတို့နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုများ ပိုမိုတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးကို ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ တန်ဖိုးနည်းနည်းဖြင့် မြေဆီလွှာကို ပြုပြင်နိုင်သည့် စိုက်ပျိုးရေးနည်းလမ်းတစ်ခုဖြစ်သည့် သစ်စိမ်းမြေဩဇာစိုက်ပျိုးရေးနည်းလမ်းများ၊ စိုက်ပျိုးရေစီမံခန့်ခွဲမှု နည်းစနစ်များ၊ စက်မှုလယ်ယာစနစ် အသုံးပြုလုပ်ကိုင်မှုဆိုင်ရာများကိုပါ တစ်ပါတည်း နည်းပညာပေး ဆောင်ရွက်ပြသခြင်းဖြစ်ကြောင်း ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းက “မျိုးစေ့ပြပွဲ ၂၀၂၂” ၏ စနစ်ကျစက်မှုလယ်ယာမြေ ပြကွက်တွင် ကျင်းပသည့် သစ်စိမ်းမြေဩဇာစိုက်ပျိုးရေး ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။
အဆိုပါ သစ်စိမ်းမြေဩဇာစိုက်ပျိုးရေး ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်ပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြပွဲတက်ရောက်လာသူ တောင်လယ်သမားများ၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး သစ်စိမ်း မြေဩဇာအဖြစ်အသုံးပြုမည့် ပိုက်ဆံလျှော်မျိုးစေ့များကို ကြဲပက်စိုက်ပျိုးခဲ့ကြသည်။
ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံတွင် ယခုနှစ်သီးနှံစိုက်ခင်းများ၌ မြေဆီလွှာပြုပြင်ထိန်းသိမ်းရေး အတွက် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိပြီး အခြားသော စိုက်ပျိုးရေး သိပ္ပံများတွင်လည်း သစ်စိမ်းမြေဩဇာနည်းပညာပြန့်ပွားရေးအတွက် ရာသီ အချိန်အခါအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ သစ်စိမ်းမြေဩဇာအသုံးပြုခြင်း ပညာပေးလုပ်ငန်းများကို စုစုပေါင်းစိုက်ဏရိယာ ဧက ၂၃၀၀၀ ပေါ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် အစိုးရဌာနများ၊ မျိုးစေ့ထုတ် ကုမ္ပဏီများ၊ မျိုးစေ့ထုတ်တောင်သူများ ပါဝင်ဆွေးနွေးကြသည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ နှင့် ပြပွဲကာလအတွင်း ကျင်းပခဲ့သည့် စကားဝိုင်းဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၏ ဆွေးနွေးချက် ရလဒ်များ၊ အကြံပြုချက်များအပေါ် ပြန်လည် သုံးသပ်ခြင်းအခမ်းအနား သို့ တက်ရောက် အားပေး ကြသည်။
“မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 ကို “လူမှုစီးပွားတိုးတက်ဖို့၊ မျိုးကောင်း မျိုးသန့်သုံးကြစို့” ဆောင်ပုဒ် နှင့်အညီ ပြခန်း ပြကွက်များ စိုက်ခင်းများကို ပဉ္စမမြောက်နေ့အဖြစ် ခင်းကျင်း ပြသထားရာ ပြပွဲသို့ စိုက်ပျိုးရေးလုပ်ငန်း စိတ်ပါဝင်စားသူ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ တောင်သူလယ်သမားများ နှင့် မျိုးစေ့ဆိုင်ရာ အသင်းအဖွဲ့များ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ က စိတ်ဝင်တစားလေ့လာကြပြီး သိရှိလိုသည့် မေးမြန်းချက်များကို သက်ဆိုင်ရာ ပြခန်းတာဝန်ခံ ကျွမ်းကျင်သူပညာရှင်များက အကျယ်တဝင့်ရှင်းလင်းဖြေကြားပေးကြကြောင်း၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ခဲ့သည့် မျိုးစေ့ပြပွဲ ၂၀၂၂ တွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ လက်ရှိထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော မျိုးကောင်းမျိုးသန့်များ၊ လတ်တလောထုတ်လုပ်ဖြန့်ဖြူးသွားမည့် မျိုးသစ်များ နှင့် နောင်တွင် ထပ်မံ ထုတ်လုပ်မည့် အလားအလာကောင်းမျိုးများကို ခင်းကျင်းပြသခဲ့ကြောင်း၊ ပြပွဲတွင် သီးနှံ မျိုးစေ့ ထုတ်လုပ်သူမှ မျိုးစေ့ရောင်းချသူအထိ ကွင်းဆက် တလျှောက်တွင် ပါဝင်ပတ်သက်သူများ အချင်းချင်း ဆုံတွေ့ခွင့်ရကြသဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးနိုင်ခြင်း၊ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်ခြင်းကြောင့် အကျိုးရှိ အောင်မြင်သော ပြပွဲတစ်ခုအဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ပြည်သူများ တောင်သူလယ်သမားများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဗဟုသုတများစွာကို လေ့လာနိုင် ခဲ့ကြကြောင်း သတင်းရရှိသည်။
Registration is free and easy!