“လူမှုစီးပွားတိုးတက်ဖို့၊ မျိုးကောင်း မျိုးသန့်သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

“လူမှုစီးပွားတိုးတက်ဖို့၊ မျိုးကောင်း မျိုးသန့်သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

“လူမှုစီးပွားတိုးတက်ဖို့၊ မျိုးကောင်း မျိုးသန့်သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ ကျင်းပ ပြုလုပ် လျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 နှင့် ယနေ့ကျင်းပ ပြုလုပ် သည့် စကားဝိုင်းဆွေးနွေးပွဲ သည် မျိုးစေ့ထုတ်လုပ်သူမှ မျိုးစေ့ရောင်းချသူအထိ ကွင်းဆက် တလျှောက် တွင် ပါဝင်ပတ်သက်သူအားလုံးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မျိုးကောင်း မျိုးသန့်မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့ ထုတ်လုပ် သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရ ပုဂ္ဂလိက နှင့် တောင်သူများအားလုံးတို့ အနေဖြင့်  ကျရာအခန်းကဏ္ဍများက တက်ညီလက်ညီကြိုးပမ်းကြရန်လိုကြောင်း “မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂” စကားဝိုင်းဆွေးနွေးပွဲ တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။





ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် “မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂” စကားဝိုင်းဆွေးနွေးပွဲတွင် အငြိမ်းစား အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် က အစီအစဉ်မှူး အဖြစ်တာဝန်ယူဆောင်ရွက်ပြီး စိုက်ပျိုးရေး ဦးစီးဌာန မျိုးစေ့ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းကြည်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွဲဖက်ပါမောက္ခဒေါက်တာအေးအေးခိုင်၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပပဝင်း၊ သုတေသနအရာရှိ ဒေါက်တာသီတာ နှင့် ဒေါက်တာမာမာဝင်း၊ မြန်မာနိုင်ငံမျိုးစေ့အသင်း မှ ဦးသန်းထိုက် တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး မျိုးစေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများ အတွေ့အကြုံများ၊ မျိုးစေ့ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ မျိုးစေ့အရည်အသွေး နှင့် သီးနှံအရည်အသွေး တောင်သူအကျိုးအမြတ်တို့၏ အရေးပါပုံများကို ဆွေးနွေးကြရာ  စကားဝိုင်းဆွေးနွေးပွဲ သို့ လာရောက်လေ့လာကြသည့် တောင်သူများ ပုဂ္ဂလိကလုပ်ငန်းရှင်များ မျိုးစေ့အသင်းအဖွဲ့များ ၊ အွန်လိုင်းစနစ်ဖြင့် တက်ရောက် လေ့လာကြသည့် စိုက်ပျိုးရေးကဏ္ဍ လူငယ်စွန့်ဦးတီထွင်ပညာရှင်များ နှင့် တိုင်းဒေသကြီး ပြည်နယ်များ ကိုယ်စားလှယ်များ စုစုပေါင်း(၁၀၀၀)ဦးခန့်တို့က သိရှိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။








စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန မှ  ကျင်းပပြုလုပ်သော မျိုးစေ့ ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပျဉ်းမနားမြို့နယ်၊စိုက်ပျိုး‌ရေးသိပ္ပံကျောင်း၌ ဒုတိယနေ့ အဖြစ် ဆက်လက် ကျင်းပ လျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်း ကို စိတ်ပါဝင်စားသူ ပြည်သူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံ များမှ ကျောင်းသားကျောင်းသူများ၊ တောင်သူလယ်သမားများ နှင့် မျိုးစေ့ဆိုင်ရာ အသင်းအဖွဲ့များ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ လာရောက်လေ့လာလျက်ရှိကြကြောင်း၊ မည်သူမဆိုလေ့လာနိုင် သည့် အဆိုပါပြပွဲကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ရာ မနက်ဖြန် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်(၈)နာရီခွဲ အချိန်တွင် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူနှီးနှောဖလှယ်ပွဲအခမ်းအနားကို ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။