ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး တောင်သူနှီးနှောဖလှယ်ပွဲ အခမ်းအနား ကျင်းပ

ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး တောင်သူနှီးနှောဖလှယ်ပွဲ အခမ်းအနား ကျင်းပ

မျိုးစေ့ ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုး‌ရေးသိပ္ပံကျောင်း၌ တတိယနေ့ အဖြစ် ဆက်လက် ကျင်းပလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်း ကို စိတ်ပါဝင်စားသူ ပြည်သူများ၊ တောင်သူလယ်သမားများ နှင့် မျိုးစေ့ဆိုင်ရာ အသင်းအဖွဲ့များ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ လာရောက်လေ့လာလျက်ရှိကြပြီး တောင်သူများကိုယ်တိုင် ပါဝင် ဆွေးနွေး တင်ပြသည့် ဝါသီးနှံဖွံ့ဖြိုးဖို့ အားလုံးကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့် ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး တောင်သူနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ် ရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်အားပေးသည်။


အဆိုပါစကားဝိုင်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် တောင်သူများ၏ လက်တွေ့ကြုံတွေ့နေရမှုနှင့် ဆန္ဒသဘောထား များ၊ လိုအပ်ချက်များ ကို ဆွေးနွေးတင်ပြနိုင်စေရန် ၊ တောင်သူအချင်းချင်းကြား တောင်သူနှင့် ဌာနဆိုင်ရာများအကြား ၊ တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကြား အပြန်အလှန် ပူးပေါင်း ကူညီ ဆောင်ရွက် ပေးနိုင်မည့် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရန်တို့အတွက် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်၍ သက်ဆိုင်သူများအားလုံးက မိမိတို့ကျရာအခန်းကဏ္ဍများမှ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။


ထို့နောက် နေပြည်တော် အလယ်ကျွန်းကျေးရွာမှ ဝါတောင်သူ ဦးသန်းလှိုင် ၊မြောင်မြိုက်ရွာမှ ဝါတောင်သူ ဦးစိုးဝင်း၊ ရမည်းသင်း သရက်ပင်ရွာမှ ဝါတောင်သူ ဦးကျော်အောင်၊ ပျော်ဘွယ် မှ ဝါကြိတ်စက်လုပ်ငန်းရှင် ဦးအောင်ဝေယံလင်း၊ သိမ်ကုန်းကျေးရွာမှ ဦးကျော်ဝင်းစိန် တို့က ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ အတွေ့အကြုံများ ၊ အရင်းအနှီးလိုအပ်ချက်များ နှင့် ဈေးကွက် အာမခံချက် ရရှိရေး ဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများ၊ တိုင်းဒေသကြီး ပြည်နယ်များမှ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။




ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ဝါတောင်သူများနှင့် လုပ်ငန်းရှင်များအား အမှတ်တရ လက်ဆောင်များ ဂုဏ်ပြုပေးအပ်သည်။ 

မျိုးစေ့ ပြပွဲ ရက်သတ္တပတ် ၂၀၂၂ သို့ မည်သူမဆို လေ့လာနိုင်ကြကြောင်း ၊ အဆိုပါပြပွဲကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ မနက်ဖြန် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၈)နာရီခွဲ တွင် လည်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အသုံးပြု၍ စိုက်ပျိုးပညာပေးခြင်း အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားတွင် လူငယ်စွန့်ဦး တီထွင် ပညာရှင်များ က ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး တောင်သူများ၏ မိုဘိုင်းဖုန်းတွင် စိုက်ပျိုးရေး နည်းပညာအထောက်အကူပြု အပလီကေးရှင်းများ အခမဲ့ ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ တွင်လည်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်တောင်သူများ ပါဝင်ဆွေးနွေးမည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသွားမည် ဖြစ်၍ စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြရန် ဖိတ်ခေါ်ထား ကြောင်း သတင်း ရရှိသည်။