သီးနှံအရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးသာမက တောင်သူများ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သည့် အကျိုးအမြတ်ခံစားနိုင်ကြစေရေးကြိုးပမ်း

သီးနှံအရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးသာမက တောင်သူများ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သည့် အကျိုးအမြတ်ခံစားနိုင်ကြစေရေးကြိုးပမ်း

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မတူညီသော ရာသီဥတု ဒေသရေမြေ အခြေခံကောင်းများ ကို အကျိုးရှိစွာ အသုံးချ၍ ဈေးကွက်လိုအပ်ချက်ရှိသော သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ၊ အရည်အသွေးပြည့်ဝပြီး အစားအစာဘေးကင်းလုံခြုံသော ထုတ်ကုန်များ ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်း တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာအုပ်စု ရှိ ကြက်သွန်နီ စိုက်ကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကြက်သွန်နီစိုက်ပျိုးသောတောင်သူများ နှင့်တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် က ပေါင်းပင် နှိမ်နင်းနည်းများကိုလည်းကောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး နှင့် တောင်သူများ ဝင်ငွေ အကျိုးအမြတ် ပိုမိုရရှိစေမည့် သီးနှံပုံစံများကိုလည်းကောင်း၊ မိုးသီးနှံစိုက်ပျိုးပြီး ဆောင်းသီနှံ မစိုက်ပျိုးမီ ကြားကာလ၌ ပိုက်ဆံလျှော်သီးနှံအား သစ်စိမ်းမြေဩဇာအဖြစ်စိုက်ပျိုးရန် နှင့် သဘာဝ မြေဩဇာပြုလုပ်သုံးစွဲနည်းများကိုလည်းကောင်း အကြံပြုဆွေးနွေးခဲ့သည်။

အလားတူ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ ကွင်းဝန်ထမ်းများ နှင့် တွေ့ဆုံ၍ ညွှန်ကြားရေးမှူးချုပ် က သဘာဝမြေဆွေးပြုလုပ်နည်းများ လက်တွေ့ပြုလုပ် ပြသရန်လိုအပ်ချက်များ၊ စိုက်ကွင်းများ ၏ မြေ၊ ရေ နမူနာများ ရယူ၍ ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်သော နည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုများဆောင်ရွက်ရန်၊ ကြက်သွန်နီ စိုက်ပျိုးနည်း စနစ်များ အပြင် သိုလှောင်ထိန်းသိမ်းနည်းစနစ်များ ကာလကြာရှည်စွာထိန်းသိမ်း နည်းများ ပညာပေးဆောင်ရွက်ရန်၊ တန်ဖိုးမြှင့် ကုန်ချောများအဖြစ်ထုတ်လုပ်နိုင်ရေးနှင့်   ဈေးကွက် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။





မကွေးတိုင်းဒေသကြီး ၌ ယခုနှစ် ကြက်သွန်နီ ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးခဲ့ပြီး ပိဿာချိန် ၂၅၇သိန်းကျော် ထွက်ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေး ကုန်သွယ်ရေးအခြေအနေများကြောင့် ကြက်သွန်နီများ ထွက်ရှိချိန်တွင် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်တတ်သဖြင့် စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် သီးနှံအရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးသာမက တောင်သူများ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သည့် အကျိုးအမြတ်ခံစားနိုင်ကြစေရန် သီးနှံပုံစံများ၊ စိုက်စနစ်များ၊ သွင်းအားစုများ စနစ်တကျ အသုံးပြုနိုင်ရေးအပြင် ဈေးကောင်းရချိန်အထိ တောင်သူကိုယ်တိုင် သိုလှောင် ထိန်းသိမ်းနိုင်မည့် ကာလကြာရှည်စွာထိန်းသိမ်းနည်းများ အသုံးပြု နိုင်ရေး၊ ဈေးကွက် သတင်း အချက် အလက် ရရှိရေး၊ ကြက်သွန်ခြောက်၊ ကြက်သွန်အမှုန့်၊ ကြက်သွန်ကြော် စသည့် တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်နည်းများ အသုံးပြုနိုင်ရေး လုပ်ငန်းများ ကိုပါ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။