မြန်မာကျေးရွာသစ်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၃)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေး သင်တန်းကျောင်း အစည်းအဝေးခန်းမကို အခြေပြု၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ နှင့် စီမံကိန်းဝင် မြို့နယ် ဦးစီးမှူးများ၊ ဆက်သွယ်ရေးတာဝန်ခံများ နှင့် ကျေးရွာသစ်ဖွံ့ဖြိုးရေးစီမံကိန်း ကြီးကြပ် ဆောင်ရွက်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာကျေးရွာသစ် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်းလွန် ကာလများ၌ လူနေမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားရေး၊ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းများ ကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း တာဝန်ခံများ က ကြီးကြပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုမှ အကျိုးအမြတ်ရရှိရေးကို အထောက် အကူ ပြုစေမည့် စိုက်ပျိုးရေးနည်းပညာကောင်းများ နှင့် သတင်းအချက် အလက်များ ကို ကျေးရွာသူကျေးရွာသားများ တောင်သူများ အသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက် ပေးခြင်း၊ ဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဦးစီးဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တန်ဖိုးမြှင့် ထုတ်လုပ်မှုနည်းပညာရရှိရေး၊ အိမ်တွင်းမှု လုပ်ငန်းများ ဖွံ့ဖြိုးရေး ၊ ဈေးကွက် နှင့် ချိတ်ဆက် နိုင်ရေးတို့ကို ဆောင်ရွက်ပေးကြစေ လိုကြောင်း၊ တောင်သူလယ်သမားများကို အကြံဉာဏ် ပေးခြင်း၊ တိုက်တွန်းခြင်း၊ လိုအပ်သော အခက်အခဲများကို ပေါင်းစပ်ဖြေရှင်းပေးခြင်း လုပ်ငန်းများကိုလည်း မျက်ခြေမပြတ်ဆောင်ရွက် ရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ဒေသအလိုက် လုပ်ငန်းကဏ္ဍ အလိုက်ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
ကိုရီးယားသမ္မတနိုင်ငံ နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်ခဲ့သော ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို ကျေးရွာပေါင်း(၁၁၀)ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကျေးရွာသူကျေးရွာသားများ ၏ စုပေါင်းဆောင်ရွက်တတ်မှု ကြိုးစားအားထုတ်မှုနှင့် ကိုယ့်အားကိုယ်ကိုးသည့် ကိုယ်စွမ်း ကိုယ်စအပေါ် ပိုမိုယုံကြည်လာသည့် စိတ်ပိုင်းဖွံ့ဖြိုးမှုများကိုအခြေခံသည့် ဘက်စုံ ဖွံ့ဖြိုးမှုရလဒ် ကောင်းများ ရရှိခဲ့ကြောင်း၊ အဆိုပါစီမံကိန်းပြီးမြောက်သွားပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များ ၏ ကျေးရွာသစ် လှုပ်ရှားမှု အသွင်ဖြင့် ကျေးရွာ(၂၈)ရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး နှစ်စဉ် တိုးချဲ့ ဆောင်ရွက် သွားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ အောင်မြင်လျှက်ရှိသည့် ကျေးရွာများ ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေး ထိန်းသိမ်း ဆောင်ရွက်မှုနှင့်အတူ ယင်းကျေးရွာများ ၏ အောင်မြင်မှုများကို စံနမူနာထား၍ ပတ်ဝန်းကျင်ကျေးရွာများ ဖွံ့ဖြိုးရေး စည်းရုံးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
Registration is free and easy!