၂၀၂၁ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ သြဂုတ်လ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်

(မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)


တင်ပြသူ - ဦးထက်ဝေထွန်း - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………….........................................

မင်္ဂလာပါခင်ဗျာ။


အခုတစ်ပတ် တင်ပြမှာကတော့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွက် မိုးလေဝသနဲ့ ဇလဗေဒ ခန့်မှန်းချက်များ ဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်များကို မတင်ပြမီ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း မြန်မာနိုင်ငံအရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့‌တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ အခြေအနေများကို ဦးစွာပထမ တင်ပြလိုပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ပထမ (၁၀) ရက်ပတ်နဲ့ ဒုတိယ (၁၀)ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် အားနည်း ခဲ့ပါတယ်။ တတိယ (၁၀)ရက်ပတ်မှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေအား အလွန်ကောင်းခဲ့ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းခဲ့ပါတယ်။ ဇူလိုင်လ (၁၁)ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း တို့မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ (၁၃)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းဆဲလ် အဖြစ် အားလျော့ သွားခဲ့ပါတယ်။ (၂၂)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက် ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်း ဟာ (၂၄)ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ သြရိဿမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် ခဲ့ပါတယ်။ (၂၇)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခု စတင်ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ (၂၈)ရက်နေ့မှာ ဘင်္ဂလား ဒေ့ရှ်ကမ်းခြေနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေကို ဖြတ် ကျော်ဝင်ရောက်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်း မြဲထက် ပိုခဲ့ပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ရွာသွန်းမြဲအောက် လျော့နည်းခဲ့ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်း မြဲခန့် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။ 


မိုးရွာရက်များ အနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း  ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ (၁၁)ရက်မှ(၁၇)ရက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့တောင်ပိုင်း)၊ ချင်းပြည်နယ် တို့မှာ (၁၉)ရက်မှ (၂၄)ရက်နဲ့ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ (၂၅)ရက်မှ (၃၀)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပါတယ်။

မိုးရေချိန်စံချိန်သစ်များအနေနဲ့ကတော့ ဇူလိုင်လ (၇)ရက်နေ့မှာ နေပြည်တော်(ဥတ္တရ သီရိမြို့နယ်)၊ (၁၀)ရက်နေ့မှာ ပခုက္ကူမြို့၊ (၂၀)ရက်နေ့မှာ တောင်တွင်းကြီးမြို့၊ (၂၇)ရက် နေ့မှာ သံတွဲမြို့နဲ့ မော်လမြိုင်မြို့နဲ့ (၃၀)ရက်နေ့မှာ ကော့သောင်းမြို့တို့မှ မိုးရေချိန်စံချိန် သစ်များ တင်ခဲ့ပါတယ်။




ဘင်္ဂလားပင်လယ်အော် အခြေအနေနဲ့ကတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအား နည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ အားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။


မိုးရွာသွန်းမှု အ‌ခြေအနေမှာ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နဲ့ ဧရာဝတီတိုင်း ဒေသကြီးတို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုး ထစ်ချုန်းရွာနိုင်ပါတယ်။


မိုးရွာရက်အခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၂၁)ရက်မှ (၂၆)ရက်ခန့်၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တို့မှာ (၁၅)ရက်မှ (၂၀)ရက်ခန့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။


မြစ်ရေအခြေအနေမှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေ ဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့ နဲ့ မုံရွာမြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ သောင်းရင်း မြစ်ရေဟာ မြဝတီမြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း မြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁)ကြိမ်ခန့်စီ၊ ကုလားတန်မြစ်ရေဟာ ကျောက်တော် မြို့မှာ (၁)ကြိမ်ခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်း မြို့မှာ (၁)ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင် ပါတယ်။


အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် သြဂုတ်လဟာ ရာသီကာလအပိုင်း အခြားအနေဖြင့် မိုးလယ်ကာလ ဒုတိယလဖြစ်ပြီး၊ အနောက်တောင်မုတ်သုံလေ အားကောင်း တက်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ မိုးလယ်ကာလဖြစ်တဲ့ သြဂုတ်လအတွင်း ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းများနဲ့ မုန်တိုင်းများကြောင့်လည်း ကောင်း၊ မုတ်သုံအင်အား အလွန်ကောင်းခြင်းကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ် ပြင်မှာ ဖြစ်ပေါ်နိုင်တဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များကြောင့်လည်းကောင်း၊ မြန်မာ နိုင်ငံအရပ်ရပ်မှာ တစ်ခါတစ်ရံ လေပြင်းတိုက်ခတ်ခြင်းများနဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်တွင်းလေကြောင်းပျံသန်း ရေး၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ အနေဖြင့် အထူးသတိပြု မောင်းနှင်ကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လာမယ့် သြဂုတ်လအတွင်း မြန်မာ နိုင်ငံရှိ မြစ်ကြီးများမှ မြစ်ရေများဟာလည်း စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နိုင်သေးတဲ့ အတွက် မြစ်ရေကြီးခြင်း သတိပေးချက်၊ ထုတ်ပြန်ချက်များကို အထူးဂရုပြုစေလိုပါတယ်။


အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေး ညီထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။ 


မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezela.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော် ရှိတဲ့ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိ ပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါခင်ဗျာ။